"လူတွေခက်တယ်"
အဝေးပြေးလမ်းမ တစ်နေရာ။
ကင်းလှည့်ရဲ တစ်ယောက်သည် အရှိန်မြှင့် မောင်းလာသည့် ကားတစ်စီးကို လှမ်းတားသည်။
ကားက ရပ်ပေးသည်။ ရပ်ထားသော ကားဘေးသို့ ရဲက လျှောက်လာပြီး ကားတွင်းသို့ ငုံ့ကြည့်ကာ ဒရိုင်ဘာအား ပြောသည်။
"ဒရိုင်ဘာ လိုင်စင် ပြပါ။ ခင်ဗျား သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းလာတယ်။"
"ဒရိုင်ဘာလိုင်စင် ဟုတ်လား မပါဘူး။ ပျောက်သွားတာ ၄ခါလောက်ရှိပြီ"
"လိုင်စင် မရှိပဲ မောင်းတယ်ပေါ့ ဟုတ်လား။ ဒါဆို ကားမှတ်ပုံတင်တော့ ရှိမှာပေါ့။ အဲဒါ ပေး"
"ဆောရီး အဲဒါလဲ မရှိဘူး ။ ဒီကားက ခိုးလာတာ။"
"ဘာ . . ဒီကားကို ခိုးလာတယ် ဟုတ်လား။"
ကားမောင်းလာသူက သွေးအေးအေးဖြင့် ပြန်ဖြေသည်။
"ဟုတ်တယ်။ ပိုင်ရှင်ကို သတ်ပြီး ယူလာတာ"
ရဲလုပ်သူ အနည်းငယ်လန့်သွားသည်။
"ဘာ . . ခင်ဗျား လူသတ်ပြီး ဒီကားကို ယူလာတာ . . ဟုတ်လား"
"ဟုတ်တယ်။ ဘာလဲ။ ကားပိုင်ရှင် အမျိုးသမီးရဲ့ အလောင်းကို ကြည့်ချင်လို့လား။ ကားနောက်ဖုံးထဲမှာ ထည့်ထားတယ်။ ဖွင့်ကြည့်လိုက်"
ရဲလည်း ကားတံခါးဘေးမှ နောက်ဆုတ်သွားသည်။ ထိုနောက် သူခါးတွင် ချိတ်ထားသော သေနတ်ကို ဆွဲထုတ်လိုက်ပြီး ဒရိုင်ဘာကို ချိန်လိုက်သည်။ ရင်ဘတ်တွင် ချိတ်ထားသော စကားပြောစက်မှတစ်ဆင့် အနီးတ၀ိုက်တွင် ကင်းလှည့်နေသည့် ရဲကားများကို လှမ်းခေါ်လိုက်သည်။ မကြာမီပင် အချင်းဖြစ်နေရာသို့ ရဲကား ဆယ်စီးမျှ ရောက်လာသည်။
ရဲကားတစ်စီးပေါ်မှ အရာရှိဖြစ်သူ ဆင်းလာသည်။ အရာရှိက လှမ်းခေါ်သော ရဲကို မေးခွန်းမေးသည်။ ကားကို လှမ်းတားသူ ရဲက အစီရင်ခံသည်။
"ဆရာ၊ ဒါ လူသတ်မှု၊ လူသတ်ပြီး ကားလုလာတာ။ သတိထား"
အရာရှိလုပ်သူက သူ့သေနတ်ကို ဆွဲထုတ်ကာ ကားပေါ်မှ ဒရိုင်ဘာကို ချိန်လိုက်သည်။ ကားပေါ်မှ လက်မြှောက်၍ ဆင်းလာရန် အမိန့်ပေးလိုက်သည်။ ကားပေါ်မှ ဒရိုင်ဘာလည်း လက်မြှောက်၍ ဆင်းလာသည်။ သူက အရာရှိအား လှမ်းမေးသည်။
"ဘာ ပြဿနာများ ဖြစ်လို့ ပါလိမ့်"
"ခင်ဗျားကားလိုင်စင်ပြ"
"ဒီမှာပါ"
"ဟုတ်ပြီ။ ဒါဆို ကားမှတ်ပုံတင်ကော"
"ဒီမှာပါ။ "
"ဟုတ်ပြီ။ ဒါနဲ့ ဒီကားက ခိုးလာတာဆို။ လူသတ်ပြီး ယူလာတာဆို။
ကဲ . . ခင်ဗျား ကားရဲ့ နောက်ဖုံးကို ဖွင့်ပြ"
ကားသမားလည်း ကားနောက်ဘက်သို့လျှောက်သွားလျက် ကားနောက်ဖုံးကို ဖွင့်ပြသည်။ ကားနောက်ဖုံးထဲတွင် ဘာမှမရှိချေ။ အရာရှိလုပ်သူ သူ့တပည့် ရဲဆီသို့ လှည့်ကြည့်ရင်း ခေါင်းခါသည်။
တစ်ဆက်တည်း ထိုရဲကို ပြောသည်။
"မင်းပြောတော့ ကားကို လူသတ်ပြီး ခိုးလာတယ်ဆို။ ကဲ ခုကြည့်စမ်း အားလုံး အထောက်အထား အပြည့်အစုံနဲ့ပဲ။ နောက်ကို မသေချာရင်
ဒီလို မလုပ်ပါနဲ့ အားလုံး အလုပ်ရှုပ်တယ် ကြားလား"
ထိုနောက် တဆက်တည်း ဒရိုင်ဘာဘက်သို့ လှည့်ပြီး ပြောသည်။
"ကျုပ်အရာရှိ တစ်ယောက်အနေနဲ့ တောင်းပန်ပါတယ်။ ခင်ဗျားကို လူသတ်ပြီး ကားလုလာတယ်လို့ စွပ်စွဲလို့ စစ်ဆေးရတာပါ။ သွားနိုင်ပါပြီ။"
ဒရိုင်ဘာက ပြန်ပြောသည်။
"အင်းလေ . . တာဝန် ဆိုတော့ ခွင့်လွှတ်ရတာပေါ့လေ။ ဒါပေမဲ့ ပြောရအုံးမယ်။ ဒီလူ ခင်ဗျားကို ထပ်လိမ်အုံးလိမ့်မယ်။ ကျုပ်ကို သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတယ်ဆိုပြီး . . ခက်တယ်ဗျာ . . လူတွေ . . လူတွေ"
KZO
27-5-2015
No comments:
Post a Comment