Saturday, May 23, 2015

"အပြောထက် လှုပ်ရှားမှုကသာတယ်"


"အပြောထက် လှုပ်ရှားမှုကသာတယ်"
                             
တစ်ခါက Angry Birds ကိုစတင်တည်ထောင်ခဲ့သူ Peter Vesterbacka ဟာ တရုတ်ပြည်က တက္ကသိုလ်တစ်ခုဆီ သွားရောက်ဟောပြောခဲ့တယ်။
သူ့ဟောပြောပွဲမှာ လာရောက်နားထောင်သူတွေ ကြက်ပျံမကျစည်ကားခဲ့တယ်။

Peter ဟာ ဟောပြောနေစဉ်အတွင်းမှာ ကျောင်းသားတွေနဲ့ အပြန်အလှန်
ပြောဆိုဆွေးနွေးတာမျိုး ပြုလုပ်ခဲ့တယ်။ ကျောင်းသားတစ်ယောက်ယောက် လက်ထောင်တာကိုမြင်ရင် Peter ဟာ ကျောင်းသားကို မိုက်ခရိုဖုန်းကမ်းပေးမယ့်
အကူဝန်ထမ်းတွေရဲ့ အကူအညီကိုမစောင့်ဘဲ သူကိုယ်တိုင် ဟောပြောစင်ကနေ အလျင်အမြန်ဆင်းပြီး လက်ထောင်တဲ့ ကျောင်းသားတွေဆီအရောက် မိုက်ခရိုဖုန်း ကမ်းပေးတတ်ခဲ့တယ်။ ကျောင်းသားတွေ မေးမြန်းချင်တာမေးမြန်းပြီးရင် မိုက်ခရိုဖုန်းကို သူပြန်ယူပြီး စင်ဘက်ဆီအပြေးအလွှား သူပြန်လာတယ်။ ပြီးမှ ကျောင်းသားမေးတဲ့ မေးခွန်းတွေကို ဟာသနှောပြီး ပြန်ဖြေခဲ့တယ်။

ကျောင်းသား ၆ ယောက် ၇ ယောက်လောက် မေးမြန်းပြီးချိန်မှာ ကျောင်းသားတစ်ယောက်က ထရပ်ပြီး “ရှန်ဟိုင်းဌာနချုပ် (Angry Birds ဌာနချုပ်) မှာ လူလိုတယ်လို့ ခင်ဗျား ခုနကပြောခဲ့တယ်။ ဘယ်လိုကျောင်းသားမျိုးကို ခင်ဗျား လိုအပ်ပါသလဲ” လို့ မေးတယ်။

Peter က မိုက်ခရိုဖုန်းကိုပြန်ယူပြီး စင်မြင့်ဘက်ဆီ အပြေးပြန်လာခဲ့တယ်။ သူဟာ စင်ပေါ်အပြေးရောက်လာတာနဲ့ ကိုယ်ကိုတစ်ပတ်လှည့်ပြီး လူအုပ်ကြားထဲ အာရုံစိုက် ကြည့်လိုက်တယ်။ ပြီးမှ ခုနက မေးခွန်းထမေးတဲ့ ကျောင်းသူတစ်ယောက်ကို လက်ညိုးထိုးပြီး “သူ့လို လူမျိုးကိုလိုအပ်တယ်” လို့ ပြတ်ပြတ်သားသား ပြောဆိုလိုက်တယ်။ ကျောင်းသားတွေကြားမှာ သံသယသံတွေ ဆူညံသွားခဲ့တယ်။

တစ်ယောက်ကထပြီး “ဘာဖြစ်လို့ သူ့လိုလူမျိုးလိုအပ်ပါသလဲ” လို့ အသံမြင့်နဲ့ ပြန်မေးတယ်။ Peter က တွေးရခက်အောင်လုပ်ပြီး ဘာမှပြန်မဖြေဘဲ ပြုံးနေလိုက်တယ်။ ကျောင်းသားတွေက တစ်ယောက်ကိုတစ်ယောက် တွတ်ထိုးပြီး နားမလည်နိုင်ဖြစ်နေကြတယ်။

အဲဒီအချိန်ကျမှ Peter က “ရှေ့က ကျောင်းသားတွေ လက်ထောင်လိုက်တိုင်း ကျွန်တော်က အဲဒီ လက်ထောင်တဲ့ ကျောင်းသားဆီ အပြေးတစ်ပိုင်း သွားခဲ့တယ်။ ဒီကျောင်းသူအလှည့်ကျမှ သူဟာ လက်ထောင်ပြီးတာနဲ့ နေရာကခွာပြီး၊ လူအုပ်ကြားထဲကနေ ထိုးထွက်ပြီး ကျွန်တော့်ဘက်ဆီ ပြေးလာပါတယ်။ သူနဲ့ကျွန်တော် နှစ်ယောက်စလုံးက တက်တက်ကြွကြွ လှုပ်ရှားနေတာကို အားလုံး ထင်ထင်ရှားရှား မြင်နေရပါတယ်။ ကျွန်တော်တို့နှစ်ယောက်က လမ်းခုလပ်မှာ တွေ့ဆုံကြတာ အားလုံးအမြင်ပါ။ တက်ကြွတဲ့လှုပ်ရှားမှုရှိသူမှာ တိုးတက်လိုတဲ့ ကောင်းမွန်တဲ့စိတ်နေစိတ်ထား ရှိမှာပါပဲ.. မဟုတ်လား… ” လို့ ဖြည်းဖြည်းချင်း ပြန်ပြောခဲ့ပါတယ်။ သူ့စကားသံအဆုံးမှာ လူအုပ်ကြားထဲကနေ လက်ခုပ်သံတွေ ဟိန်းညံထွက်လာခဲ့တော့တယ်။

တိုးတက်အောင်မြင်လိုတဲ့အလုပ် ဒါမှမဟုတ် တိုးတက်အောင်မြင်လိုတဲ့လူဟာ အပြောထက် လှုပ်ရှားဆောင်ရွက်မှုကို ဦးစားပေးရမှာဖြစ်ပါတယ်။

နိုင်းနိုင်းစနေ(May. 18. 2015)

No comments:

Post a Comment