Tuesday, May 26, 2015

"လားရှိုးတွင် မိမိရင်သွေးအား မွေးပြီးပြီးခြင်းဗိုက်ဖောက် အူထုတ်သတ်ကာ အမှိုက်ပုံးထဲစွန့်ပစ်ခဲ့သည့် ၁၇နှစ်အရွယ် မိခင်ကို အရေးယူထား"


"လားရှိုးတွင် မိမိရင်သွေးအား မွေးပြီးပြီးခြင်းဗိုက်ဖောက် အူထုတ်သတ်ကာ အမှိုက်ပုံးထဲစွန့်ပစ်ခဲ့သည့် ၁၇နှစ်အရွယ် မိခင်ကို အရေးယူထား"

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့(၁၂) တွင် မွေးကင်းစကလေးငယ်ကို မိခင်ဖြစ်သူက ဘရိတ်ဓါးဖြင့် ၀မ်းဗိုက်ဖေါက်ပြီး အူထုတ်သတ်ကာ အမှိုက်ပုံးထဲစွန့်ပစ်ခဲ့သဖြင့် ဖမ်းဆီးအရေးယူထားကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှ သိရှိရသည်။

ဖြစ်စဉ်မှာ မေလ (၂၅) ရက် ည (၈း၀၀) နာရီက လားရှိုးမြို့၊ ရပ်ကွက်(၁၂) ရှိ ဘော်ဒါဆောင်တစ်ခုရှိ အိမ်သာထဲတွင် အမျိုးသမီးတစ်ဦးက ကလေးကိုမွေးခဲ့ပြီး ကလေးငယ်ကို ဘရိတ်ဓါးနှင့် ၀မ်းဗိုက်ဖေါက်ပြီး အူကိုဆွဲထုတ်၊ လည်ပင်းညစ်ကာ ဓါးနှင့်လှီးထားသောကြောင့် ဖမ်းဆီးအရေးယူလိုက်ခြင်း ဖြစ်သည်။

“ကလေးရဲ့ ၀ဲဘက် ရင်အုံကိုလည်း ထိုးသွင်းဒဏ်ရာတွေပြုလုပ်ခဲ့တဲ့ အမျိုးသမီးကို ညက ဖမ်းဆီးပြီး ဆေးရုံအချုပ်မှာ ဖမ်းထားတယ်။ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် အချုပ်ကျနေတယ်ဆိုတာက အဲဒီ ကောင်မလေးကိုယ်တိုင် သွေးသွန်နေလို့ ဆေးကုသမှုခံနေရလို့ပါ။” ဟု ဆေးရုံရှိ အချုပ်လူနာဆောင် တာဝန်ကျ ရဲတပ်ကြပ်ကြီး ခင်မိုးမြင့်က ပြောသည်။

မွေးကင်းစကလေးငယ်ကို သတ်သူမှာ လားရှိုးမြို့ ရပ်ကွက် (၁၂) နယ်မြေ (၁၆) ရှမ်းခိုလောင်းရှိ ဘော်ဒါဆောင်တစ်ခုတွင် တရုတ်စာသင်ကျောင်းမှ ကျောင်းသူ မအားလိန် (၁၇) နှစ်မှာ တန့်ယန်းမြို့နယ် မိုင်းကောင်ရွာနေသူ ကိုးကန့်တရုတ်လူမျိုးဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“နှစ်သစ်ကူးမှာ ဘီယာသောက်ပျော်ပါးကြရင်း ကျောင်းသားလူငယ် အချင်းချင်း မှားမိရာက ကိုယ်ဝန်ရလာ ခဲ့တာပါ။ ကျွန်မအခု (၈) တန်း တက်နေတာ နောက်နှစ် (၉) တန်းပြီးရင် တရုတ်ကျောင်းမှာ ဆရာမဖြစ်နိုင်တယ်။ နိုင်ငံခြားလည်းသွားနိုင်တယ်။ ဒီကလေးရှိနေရင်ဘာမှ လုပ်မရဘူး။ ပြီးတော့ သူ့အဖေကလည်း အခု ကျောင်းမနေတော့ဘူး။ တရုတ်ပြည်သွားပြီ။ ကိုယ်ဝန်ရှိနေပြီလို့ ကျွန်မဖုန်းဆက်တော့ အပျော်ကစားတာပဲ ဖြစ်တယ်။ မယူနိုင်ဘူး။ တာဝန်မယူဘူးလို့ ပြောတယ်။ ဒါကြောင့် ကျွန်မဒီကလေးကို မရချင်လို့လုပ်လိုက်တာ။” ဟု မိမိရင်သွေးအား သတ်ခဲ့သူဟု ၀န်ခံထားသူ မအားလိန်က ပြောသည်။

မအားလိန်မှာ အဆိုပါ တရုတ်ကျောင်း ဘော်ဒါဆောင်တွင် နေထိုင်၍ ကျောင်းတက်သည်မှာ (၃) နှစ် ရှိပြီး ကျောင်းပိတ်ချိန်တွင် တန့်ယန်းသို့ပြန်သွားခဲ့ကြောင်း၊ ကျောင်းပြန်ဖွင့်ချိန် မတ်လ (၁) ရက်က အဆောင်သို့ ပြန်လာခြင်းဖြစ်ကြောင်း၊ ကျောင်းသူလေး ကိုယ်ဝန်ရှိနေခြင်းကို မသိကြောင်း၊ အဆောင်တွင် မိန်းခလေး ယောက်ျားလေးစုစုပေါင်း (၁၅) ယောက် နေထိုင်သည်ဟု အဆောင်ပိုင်ရှင်၏ သမီးဖြစ်သူက ပြောသည်။

မေလ (၂၅) ရက်၊ ည (၈း၀၀) နာရီခန့်တွင် အဆောင်နောက်ဖက်မှ ကလေးငိုသံကြားသောကြောင့် ကြည့်လိုက်ရာ အမှိုက်ပုံးထဲတွင် ကျွတ်ကျွတ်အိတ်နှင့် ထုတ်ထားသော ကလေးတွေ့ရသောကြောင့် မအားလိန်နှင့်အတူ ကလေးကို ဆေးရုံကြီးသို့ ပို့လိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

မွေးကင်းစကလေးကိုသတ်၍ စွန့်ပစ်ခဲ့သူ မအားလိန်ကို လားရှိုးမြို့အမှတ် (၂) ရဲတပ်ဖွဲ့စခန်းက ပထမ သတင်းပေးချက်အမှတ် ၄၅/၂၀၁၅ တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၁၇ အုပ်ထိန်းသူက ၁၂ နှစ်အောက်ကလေး စွန့်ပစ်မှုဖြင့် အရေးယူထားကြောင်းသိရသည်။

အဆိုပါ မိခင်နှင့်ကလေး (၂) ဦးစလုံးကို ဆေးကုသမှုပေးနေခဲ့ရာ မေလ (၂၆) ရက် နံနက် (၁၀း၀၀) နာရီ အချိန်တွင် ကလေးငယ်မှာ သေဆုံးသွားကြောင်း သိရသည်။

ရှမ်းပြည်နယ်မြေက်ပိုင်း၊ လားရှိုးမြို့တွင် ကိုယ်ပိုင်အထက်တန်းကျောင်းများ ဘော်ဒါဆောင်များ ရှိသည့်အပြင် တရုတ်စာသင်ကျောင်း (၅) ကျောင်းခန့်ရှိသည်ဟု သိရပါသည်။

သတင်း-MMK
The Ladies News Journal

No comments:

Post a Comment