Tuesday, May 26, 2015
"သံဓာတ်ချို့တဲ့ခြင်းကို ဖော်ပြတဲ့ လက္ခဏာ ကိုးရပ်"
"သံဓာတ်ချို့တဲ့ခြင်းကို ဖော်ပြတဲ့ လက္ခဏာ ကိုးရပ်"
ပျမ်းမျှ အမျိုးသမီး ၁ဝ ဦးမှာ ခြောက်ဦးခန့်က သံဓာတ်ချို့တဲ့လေ့ရှိကြပြီး နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုများတဲ့ အမျိုးသမီးတွေမှာ သံဓာတ်ပိုမိုလိုအပ်နေတယ်လို့ အမေရိကန်နိုင်ငံရှိ the Centers for Disease Control and Prevention မှ ကျွမ်းကျင်သူများက ဆိုပါတယ်။ သံဓာတ်ချို့တဲ့ခြင်းရှိ၊မရှိ မိမိကျန်းမာရေး အခြေအနေကို အောက်ပါ လက္ခဏာကိုးရပ်တို့ဖြင့် စမ်းစစ်နိုင်ပါတယ် -
အလွန်အမင်း မောပန်းခြင်း
ခန္ဓာကိုယ်က သံဓာတ်ကိုအသုံးပြု၍၊ သွေးကလာပ်စည်း ဆဲလ်များထဲရှိ အောက်စီဂျင်ကို သယ်ယူပေးတဲ့ သွေးနီဓာတ်တစ်မျိုးကို ထုတ်လုပ်ပေးပါတယ်။ သံဓာတ်ချို့တဲ့ လာသောအခါမှာ ကျန်းမာသန်စွမ်းတဲ့ သွေးဆဲလ်တွေ အလုံအလောက်မရှိတော့ဘဲ အလွန်အမင်း မောပမ်း နွမ်းနယ်လာပါတော့တယ်။
အာရုံစူးစိုက်၍ မရခြင်း
သံဓာတ်ချို့တဲ့လာတဲ့အခါ အာရုံခံ အင်္ဂါအဖွဲ့အစည်းတွေ ချို့ယွင်းသွားတာကြောင့် ပုံမှန်လုပ်နေကျ အလုပ်တွေမှာတောင် စိတ်အာရုံစူးစိုက်၍မရတော့ဘဲ တက်တက်ကြွကြွမရှိ စွမ်းဆောင်ရည်တွေ တဖြည်းဖြည်း ကျဆင်းလာပါတယ်။
စိတ်ဝင်စားမှု မရှိုခြင်း
သံဓာတ်ချို့တဲ့လာခြင်းကြောင့်၊ အာရုံခံ အဖွဲ့အစည်းတွေကို ထိခိုက်စေရုံမျှမက စိတ်နှလုံးနောက်ကျိလာကာ မိမိရဲ့မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာ ယခင်လို စိတ်ဝင်စားမှုမရှိတော့ဘဲ တစ်ယောက်ထည်း ဘာသိဘာသာ နေလိုစိတ် ပြင်းပြနေတတ်ပါတယ်။
အသက်ရှူကြပ်ခြင်း
သွေးထဲမှာ သံဓာတ်လုံလောက်မှုမရှိတဲ့အခါ ခန္ဓာကိုယ်က အောက်စီဂျင်ကို အလွန်အမင်း တောင်းတလာပြီး အသက်ရှူမဝ မွန်းကြပ်မှုတွေ ဖြစ်လာပါတယ်။ ပုံမှန်အားကစားလေ့ကျင့်ခန်း လုပ်တဲ့အခါတွေ၊ ပုံမှန်လမ်း လျှောက်တဲ့အခါတွေမှာ သိသိသာသာ အသက်ရှူမဝလာခြင်းဟာ သံဓာတ်ချို့တဲ့နေတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။
အသားအရေ ဖြူရော်ရော်ဖြစ်ခြင်း
နှုတ်ခမ်းသား၊ လက်ဖဝါး၊ အောက်မျက်ခမ်းအတွင်းသားတွေမှာ ယခင်နဲ့မတူ ဖြူစွတ်လာခြင်း၊ လက်ဖဝါး၊ ခြေဖဝါးတွေ အေးစက်ကာ မျက်နှာနှင့် အသားအရေတွေ ဖြူရော်ရော်ဖြစ်လာခြင်းကလည်း သွေးနီဥပမာဏတွေ ကျဆင်းလာတာကြောင့် သွေးမလျှောက်နိုင်တော့ပါဘူး။
ကြွက်သားတွေနာကျင်ခြင်း
ခန္ဓာကိုယ်ကြွက်သားတွေမှာ သံဓာတ်တွေအားနည်းလာတာကြောင့် ကြွက်သားတွေ ပျော့အိလျော့ရဲလာပြီး တော်ရုံတန်ရုံ ဖိတွန်းမိတာကိုတောင် အထိမခံနိုင်တော့ဘဲ အသားတွေနာကျင်လာပါတယ်။
ခြေသည်း၊ လက်သည်းတွေကွဲထွက်ခြင်း
ခြေသည်း၊ လက်သည်းအစပ်နားတွေ သူ့အလိုလို တစ်စစီကွဲထွက်ခြင်းက သံဓာတ်ချို့တဲ့ခြင်းရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ အချို့သူတွေမှာ လက်သည်းခွံတွေက အပေါ်ကိုဖောင်းမနေတော့ဘဲ၊ ဇွန်းသဏ္ဍာန် အတွင်းပိုင်းကို ချိုင့်ခွက် ဝင်နေကြပါတယ်။
မကြာခဏဖျားနာခြင်း
အသက်ရှူလမ်းကြောင်းမှတဆင့် အလွယ်တကူကူးစက်နိုင်တဲ့ အအေးမိ၊ နှာစေး၊ ချောင်းဆိုးစသော ရာသီဖျားတွေကို မကြာခဏ ကူးစက်ခံရခြင်း၊ ခါတိုင်းနဲ့မတူ တော်ရုံတန်ရုံ အအေးခံရရုံမျှနှင့် နှာခေါင်းပိတ်ခြင်းတို့ကလည်း သံဓာတ်ချို့တဲ့ခြင်းကြောင့်ပါပဲ။
ပန်းရောင် (သို့မဟုတ်) အနီရောင် ဆီးသွားခြင်း
သွေးဆုံးပြီး အမျိုးသမီးကြီးတွေ ၁ဝ ဦးမှာ နှစ်ဦးလောက်က ပန်းရောင် (သို့မ ဟုတ်) အနီရောင် ဆီးသွားတတ်ပါတယ်။ တချို့အမျိုးသမီးကြီးတွေက လက်ဖက်ရည်ကြမ်း ကျကျကဲ့သို့ နီညိုရောင် ဆီးသွားတတ်ပါတယ်။ အကယ်၍ အနီရောင်ခြယ် စတော်ဘယ်ရီသီးတွေ၊ beet root (ခေါ်) သကြားမုန်လာ (ခေါ်) သွေးနီရောင် အရည်ရွှမ်းတဲ့ မုန်လာဥနီအလုံးတွေကို မစားဖြစ်ဘဲ ဆီးအရောင်က သူ့အလိုလို ပြောင်းသွားခြင်းက သံဓာတ်ချို့တဲ့ခြင်း၏ လက္ခဏာဖြစ်ပါတယ်။
သံဓာတ်ဖြည့်တင်းပေးတဲ့အစားအစာများ
(၁) အမဲအသည်းမှာ သံဓာတ်ပမာဏ ၅ ဒသမ ၈ မီလီ ဂရမ်အထိ အပြည့်အဝပါရှိပြီး ကျန်းမာရေးကို ထိခိုက်စေမယ့် အဆီနှင့် ကယ်လိုရီပါဝင်မှု လွန်စွာနည်းပါးပါတယ်။
(၂) အမဲသား (မိုးခိုသား) ထဲမှာ သံဓာတ်ပမာဏ ၂ ဒသမ ၉ မီလီဂရမ်ပါရှိတဲ့အပြင် ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတဲ့ ပရိုတင်း၊ ဗီတာမင်ဘီ ၆၊ ဗီတာမင်စီနှင့် ဗီတာမင်ဒီတို့ ကြွယ်ဝစွာပါရှိပါတယ်။
(၃) အမဲသားမှာ သံဓာတ်ပမာဏ ၁ ဒသမ ၈ မီလီဂရမ်ပါရှိပြီး၊ ခန္ဓာကိုယ်အတွက် မလိုလားအပ်တဲ့ ကိုလက်စထရောတွေကျအောင် ပံ့ပိုးပေးပါတယ်။
(၄) ကြက် (ရင်ပုံသား) ထဲမှာ သံဓာတ်ပမာဏ ၁ ဒသမ ၁ မီလီဂရမ်ပါရှိနေလို့ ခြေလေးချောင်းသား မစားသူများအဖို့ သံဓာတ်အားဖြည့်စာအဖြစ် ကြက် (ရင်ပုံ) သား စားပေးသင့်ပါတယ်။ (အရေခွံမစားပါနှင့်)
(၅) ဆဲလ်မွန်ငါးထဲမှာ သံဓာတ်ပမာဏ ဝ ဒသမ ၇မီလီဂရမ် ပါရှိပြီး အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေ ပါရှိနေတာကြောင့် သွေးခဲပိတ်ဆို့ခြင်းနှင့် လေဖြတ်ခြင်းတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၆) ရွှေဖရုံသီးအစေ့ထဲမှာ သံဓာတ်ပမာဏ ၄ ဒသမ ၂ မီလီဂရမ် ပါရှိပြီး ကျောက်ကပ် ကျောက်တည်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။
(၇) ချောကလက်စစ်စစ် အမည်းရောင်ထဲမှာ သံဓာတ်ပမာဏ ၄ ဒသမ ၁ မီလီဂရမ် ပါရှိပြီး သွေးထဲက ကိုလက်စထရောတွေကို ချပေးကာ သွေးအားနည်းခြင်းမှလည်း ကာကွယ်ပေးပါတယ်။
(၈) စမုန်ဖြူ (အခြောက်) ထဲမှာ သံဓာတ် ပမာဏ ၃ ဒသမ ၇ မီလီဂရမ် ပါရှိပြီး အမျှင်ဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်စီတို့ ပါရှိတဲ့အပြင် ခန္ဓာကိုယ်ကို ဘေးဥပါဒ်ဖြစ်စေတဲ့ ကိုလက်စထရော လုံးဝမပါရှိပါဘူး။
(၉) တင်လဲရည် (သကာရည်) ထဲမှာ သံဓာတ်ပမာဏ ၃ ဒသမ ၅ မီလီဂရမ်ပါရှိတဲ့ပြင် ကယ်လ်စီယမ်ဓာတ်တွေ အပြည့်အဝပါရှိပါတယ်။
(၁ဝ)Apricots (ခေါ်) ဆီးသီးခြောက်ထဲမှာ သံဓာတ် ပမာဏ ၃ ဒသမ ၆ မီလီဂရမ်ပါရှိပြီး ခန္ဓာကိုယ်အကျိုးပြု beta carotene ၊ အမျှင်ဓာတ်နှင့် အခြားအာဟာရဓာတ်တွေ ပါရှိနေပါတယ်။
(၁၁) ပဲနီလေးထဲမှာ သံဓာတ်ပမာဏ ၃ ဒသမ ၃မီလီဂရမ် ပါရှိပြီး မပျော်ဝင်လွယ်သော အမျှင်ဓာတ်တွေ ပါရှိနေတာကြောင့် ဆာလောင်မွတ်သိပ်မှုမဖြစ်စေတော့ဘဲ အဆာခံစေပါတယ်။
(၁၂) အာလူး (ကြီးကြီး) တွေထဲမှာ သံဓာတ်ပမာဏ ၃ ဒသမ ၂ မီလီဂရမ် ပါရှိပြီး အာဟာရသိဒ္ဓိပြည့်ဝတဲ့
အစာဖြစ်ပါတယ်။
(၁၃) ဟင်းနုနွယ်ပင်ထဲမှာ သံဓာတ်ပမာဏ ၃ ဒသမ ၂မီလီဂရမ် ပါရှိပြီး ကင်ဆာဆဲလ်တွေကြီးထွားမှုကို ဟန့်တားပေးနိုင်စွမ်းရှိပါတယ်။
(၁၄) ပဲကတ္တီပါထဲမှာ သံဓာတ်ပမာဏ ၂ ဒသမ ၆မီလီဂရမ် ပါရှိပြီး ခွန်အားတိုးပွားစေတဲ့အပြင် နှလုံးရောဂါဖြစ်နိုင်ခြေ နည်းပါးအောင် ကူညီပေးပါတယ်။
(၁၅) တို့ဟူးထဲမှာ သံဓာတ်ပမာဏ ၂ ဒသမ ဝ မီလီဂရမ် ပါရှိပြီး အာဟာရဓာတ်ပြည့်ဝတာကြောင့် သက်သတ်လွတ်စားသူတွေ မှီဝဲသင့်ပါတယ်။ ရင်သားကင်ဆာဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။
(၁၆) ပဲထောပတ်ထဲမှာ သံဓာတ်ပမာဏ ၁ ဒသမ ၈မီလီဂရမ် ပါရှိပြီး ခန္ဓာကိုယ်အကျိုးပြု သတ္တုဓာတ်တွေနှင့် အင်ဇိုင်းတွေ ကြွယ်ဝတဲ့အစားအစာ ဖြစ်ပါတယ်။
(၁၇) ဘရိုကိုလီ (ခေါ်) ပန်းဂေါ်ဖီစိမ်းထဲမှာ သံဓာတ်ပမာဏ ၁ ဒသမ ၂ မီလီဂရမ် ပါရှိပြီး အမျှင်ဓာတ်တွေ အမြောက်အများပါရှိတာကြောင့် အူမကြီးနှင့် အစာအိမ်ကင်ဆာတို့ကို မဖြစ်စေအောင် ဟန့်တားပေးပါတယ်။
Credit: ပေါက်ပေါက်
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment