Friday, May 29, 2015
"ဓာတ်ပုံရိုက်တဲ့အခါ ဓာတ်ပုံစားစေဖို့"
"ဓာတ်ပုံရိုက်တဲ့အခါ ဓာတ်ပုံစားစေဖို့"
အလှအပဆိုတာ ကြည့်တဲ့သူနဲ့ ဆိုင်တယ်ဆိုပေမယ့် ဓာတ်ပုံရိုက်တဲ့အခါ အပြင်ပုံနဲ့ယှဉ်ရင် ကြည့်မကောင်းဘူး၊ တစ်မျိုးဖြစ်နေတယ်လို့တော့ ဘယ်အပြောခံချင်ပါ့မလဲ။ ဒီကောင်မလေး ဓာတ်ပုံစားတယ်၊ ချောလိုက်တာလို့ပဲ ဘယ်သူမဆို အပြောခံချင်မှာပဲ။ ဟုတ်တယ်ဟုတ်၊ ဒီတော့ ဓာတ်ပုံရိုက်တဲ့အခါ ဓာတ်ပုံစားအောင် သင့်ဘက်က ဘယ်လိုလုပ်နိုင်သလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။
မျက်ခုံးမွှေးကို သေချာရိတ်ပြီး ကျနအောင် ဆွဲထားလိုက်ပါ။
ဓာတ်ပုံမရိုက်ခင် သင်လုပ်ရမှာက မျက်ခုံးမွှေးကို ရိတ်ထားဖို့ပါပဲ၊ မျက်ခုံးမွှေးရိတ်ပြီး မျက်ခုံးမွှေးကို ကိုယ်နဲ့လိုက်ဖက်အောင် ဆွဲထားမယ်ဆိုရင် သင်ဟာ သာမာန်အချိန်တွေမှာ ဓာတ်ပုံရိုက်တာထက် ပိုကြည့်ကောင်းနေမှာပါ။ မျက်လုံးတစ်ဝိုက်ရှင်းနေပြီး ဓာတ်ပုံထဲမှာ ပိုပြီးတော့လည်း ဆွဲဆောင်မှု ရှိနေပါလိမ့်မယ်။
အကျီအ၀တ်အစားကို မကြေနေအောင် ဂရုစိုက် ၀တ်ဆင်ပါ။
ဓာတ်ပုံရိုက်တဲ့အခါ သတိထားရမယ့် အချက်ကတော့ အ၀တ်အစားပါပဲ။ ကိုယ်ဝတ်မယ့် အ၀တ်အစားက တွန့်ကြေနေမယ်ဆိုရင် ဘယ်လောက်အလှတွေ ပြင်ထားပြင်ထား ဓာတ်ပုံထွက်လာတဲ့အခါ ကြည့်ရဆိုးနေမှာပါ။
ထိုင်တဲ့အခါ မတ်မတ်လေး ထိုင်ပါ။
ထိုင်ပြီး ဓာတ်ပုံအရိုက်ခံမယ်ဆိုရင် ခပ်မတ်မတ်လေး ထိုင်ဖို့ အရေးကြီးပါတယ်။ ခွေခေါက်ထိုင်နေရင် ဗိုက်ခေါက်ထွက်နေသလို ဖြစ်တတ်ပြီး ကြည့်လို့လည်း မကောင်းပါဘူး။ ပိုဝသယောင်လည်း ဖြစ်စေတတ်ပါတယ်။
ကင်မရာကို မျက်လုံးတည့်တည့်လောက် အနေအထားမှာ ထားရိုက်ပါ။
ကင်မရာကို အပေါ်စီးက ရိုက်မယ်ဆို မေးစေ့နှစ်ထပ် ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် အတတ်နိုင်ဆုံး သင့်မျက်လုံးတည့်တည့်အနေအထားမှာသာ ကင်မရာကို ချိန်ပြီး ရိုက်ရပါမယ်။
စိတ်ကိုပေါ့ပေါ့ပါးပါးထားလိုက်ပါ။
ဓာတ်ပုံရိုက်တော့မယ်ဆိုပြီး စိတ်ထဲ တစ်ခုခု ပြင်ဆင်ထားသလို တည်တည်တင်းတင်းကြီး ဖြစ်နေမယ်ဆိုရင် ဓာတ်ပုံထွက်လာတဲ့အခါ သင်ဘယ်လိုမှ ကြည့်ကောင်းတော့မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကင်မရာရှေ့ရောက်နေရင်တောင် စိတ်ကို လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါးထားလိုက်ပါ။ ရယ်မောတဲ့အခါ သဘာဝကျကျသာ ရယ်ပါ။
မေသော်
Credit: Trend Myanmar
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment