Friday, May 29, 2015

"ဘွဲ့ရမှ ပညာတတ်တစ်ယောက်ဖြစ်သလား"


"ဘွဲ့ရမှ ပညာတတ်တစ်ယောက်ဖြစ်သလား"

လူတွေဟာ ဘွဲ့တွေ ဒီဂရီတွေ အများကြီးရထားတဲ့ လူတယောက်ကို ပညာတတ်ကြီးလို့ သတ်မှတ်ထားကြတယ်။ ဘွဲ့လေးတခုမှမရတဲ့လူက ငါဟာပညာတတ်တယောက် မဟုတ်ဘူးဆိုပြီး အားငယ်နေကြတယ်။ အဲဒီအယူအဆ မှားနေတယ်ဆိုတာ အောက်မှာရေးထားတဲ့ ကျနော့်အတွေ့အကြုံလေးနဲ့ ရှင်းပြချင်ပါတယ်။
လွန်ခဲ့တဲ့အနှစ် ၂၀ လောက်ကပေါ့။ ရန်ကုန်မှာ အိမ်ခန်းတခန်းဝယ်လိုက်တယ်။ အပေါ်တထပ်မှာနေတဲ့ လူတယောက်နဲ့ အသိဖြစ်ကြတယ်။ သူ့နာမည်က ကိုအောင်လွင်ပါ။ ကျနော်နဲ့ အသက်ရွယ်တူလောက်ပါ။ တရုပ်လူမျိုးစပ်တယ်။

သူနဲ့သိလိုက်ရခြင်းက အရင်က အစိုးရအလုပ် လုပ်တုံးက ကျနော့်လက်အောက်က လူငယ်အရာရှိဟာ ကိုအောင်လွင်ရဲ့ကုမ္ပဏီမှာ ဝင်လုပ်နေတာမို့ အဲဒီလူငယ်က မိတ်ဆက်ပေးလို့ပါ။
သူက "ဒါက ကိုသိန်းဖေပါ။ အခုစင်္ကာပူမှာလုပ်နေတယ်။ B.E ဘွဲ့ရပါ"
ကိုအောင်လွင်ကလဲ ခုလိုပြန်ပြောရင်း သူ့ကိုယ်သူမိတ်ဆက်ပါတယ်။ "ဟုတ်ကဲ့။ ကျနော့်နာမည် အောင်လွင်ပါ။ ကျနော်က ၁၀တန်းကို ဘီနဲ့ အောင်ထားတာပါ"။ သူ့မိတ်ဆက်ပုံကလဲ တမျိုးပဲလို့ထင်လိုက်မိတယ်။ ဘီနဲ့ အောင်တာဆိုတာ လွန်ခဲ့တဲ့ ၁၉၆၅ ခုနစ်လောက်က ကျင့်သုံးခဲ့တဲ့ ပညာရေးစံနစ်တခုပါ။ အဲဒီတုံးက ၁၀တန်းဖြေပြီးရင် အောင်စာရင်းသုံး မျိုးထုတ်ပေးတယ်။ ကျရှုံးတဲ့သူစာရင်း၊ အေနဲ့အောင်သူစာရင်း၊ ဘီနဲ့အောင်သူစာရင်း။ အေစာရင်းနဲ့အောင်သူမှသာ တက္ကသိုလ်တက်ခွင့်ရတယ်။ ဘီစာရင်းမှာပါသူဟာ တက္ကသိုလ်တက်ခွင့်မရဘူး။ ဒါပေမဲ့ GTI လိုဒီပလိုမာသင်တန်းမျိုး တက်ခွင့်တော့ရပါတယ်။ အဲဒီခေတ်မမှီလိုက်တဲ့ လူငယ်တွေသိအောင် ရေးပြတာပါ။

ကိုအောင်လွင်နဲ့ရင်းနှီးသွားတယ်။ မကြာခန လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ကြတယ်။ အဲဒီမှာ ကျနော် သူ့ကို သတိထားမိတာလေးတခု ရှိလာတယ်။ လူတယောက်နဲ့ သူ့ကို မိတ်ဆက်ပေးတိုင်း သူက ဆယ်တန်းကို ဘီနဲ့ အောင်ထားတာပါဆိုတာ ထဲ့ပြောလေ့ရှိတယ်။

တနေ့တော့ ကျနော် သူ့ကိုမေးပါတယ်။ ဘာဖြစ်လို့ မိတ်ဆက်ပေးတိုင်း ဘီနဲ့အောင်တာပါလို့ ပြောနေရတာလဲလို့။ သူက အခုလိုပြန်ပြောပြတယ်။ "ကျနော် တက္ကသိုလ်အရမ်းတက်ချင်ခဲ့တယ်။ ၁၀တန်းကို ဘီနဲ့အောင်လိုက်တော့ ကျနော့်ရည်မှန်းချက် ပျက်သွားတယ်။ အဖေဆုံးသွားလို့ အလုပ်ဝင်လုပ်လိုက်ရလို့ ၁၀တန်းကို ထပ်မဖြေနိုင်တော့ဘူး။ ကျနော်ဖြစ်ချင်တဲ့ပညာတတ်တယောက် မဖြစ်ခဲ့လို့ ဘွဲ့ရတယောက်နဲ့မိတ်ဆက်ပေးခံရရင် ကျနော် စိတ်အားငယ်ပြီး ပြောတဲ့အကျင့်ဖြစ်နေလို့ပါ" တဲ့။

ကိုအောင်လွင်ဟာ အဲဒီအချိန်က စက်လှေပိုင်ရှင်တယောက်ပါ။ ပင်လယ်မှာ ငါးဖမ်းတဲ့စက်လှေ ခြောက်စီးလောက် ပိုင်ပါတယ်။ အဲဒီအချိန်က ပင်လယ်ငါးဖမ်းစက်လှေတစီးဟာ သိန်းတထောင်အထက် ရှိပါတယ်။ အခုခေတ်ဈေးနဲ့ဆိုရင် သိန်းပေါင်း သောင်းသိန်းချီတန်မှာပါ။ သူ့အိမ်အလည်သွားရင် သာမန်ပရိဘောဂပဲရှိတယ်။ သူမောင်းတဲ့ကားက ပါဘလစ်ကာပစ်ကပ် ကားစုတ်စုတ်လေးပါ။ သူ့အကြောင်းမသိသူတွေက သူ့ကို သူဋ္ဌေးတယောက်လို့ ထင်မှာမဟုတ်ပါဘူး။
တနေ့ သူနဲ့စကားပြောရင်း အခုလိုပြောပြလိုက်တယ်။ "ကိုအောင်လွင်ရေ၊ ကျနော် လျှပ်စစ်အင်ဂျင်နီယာဘာသာနဲ့ ဘီအီးဘွဲ့ရထားလို့ ပညာတတ်တယောက်လို့ ပြောလို့ရပါတယ်။ လျှပ်စစ်ဘာသာနဲ့ ပညာတတ်နော်။ ဒါပေမဲ့ ခင်ဗျားလုပ်နေတဲ့ ငါးဖမ်းစက်လှေနဲ့ပတ်သက်လို့ ကျနော်အတွက် နားကန်းတလုံးမှနားမလည်ဘူး။ အဲဒါနဲ့ပတ်သက်ရင် ကျနော် ပညာတတ်တယောက်မဟုတ်ဘူး။ အဲဒီလုပ်ငန်းကို ခင်ဗျားကျွမ်းကျင်လို့ စက်လှေတစီးပြီးတစီး ပိုင်နေပြီ။ စက်လှေနဲ့ပတ်သက်ရင် ခင်ဗျားဟာ ပညာတတ်တယောက်ပါ"။

နောက်ပိုင်းမှာ လူတွေနဲ့တွေ့တိုင်း ကျနော်ဆယ်တန်းကို ဘီနဲ့ အောင်တာပါဆိုတဲ့စကား မသုံးတော့တာ သတိထားမိတယ်။ သူ့မှာ တသက်လုံးစိတ်ဆင်းရဲနေတာ အခု သူ စိတ်ချမ်းသာသွားပြီဆိုပြီး ကျနော့်ကို ကျေးဇူးတင်တယ်လို့ မကြာခနပြောပါတယ်။ နောက်ပိုင်းတော့လဲ မတွေ့မိကြတော့ပါဘူး။

ပညာတတ်လို့ပြောလိုက်တာနဲ့ လူတွေ စိတ်ထဲမှာ အရာရာတတ်ကျွမ်းတဲ့လူလို့ ထင်ကြတယ်။ တကယ်တော ပညာရပ်တခုကိုကျွမ်းကျင်စွာ လုပ်တတ်သူကို အဲဒီပညာရပ်မှာပဲ ပညာတတ်လို့ပြောရမှာပါ။ ဆရာဝန်တယောက်ဟာ အင်ဂျင်နီယာအလုပ်ကို တလုံးမှမသိလို့ အင်ဂျင်နီယာပညာတတ် မဟုတ်ပါ။ အင်ဂျင်နီယာကလဲ အရောင်းအဝယ်လုပ်ငန်းကို ဘာတခုမှနားမလည်လို့ အရောင်းအဝယ်လုပ်ငန်း ပညာတတ်မဟုတ်ပါ။
တက်စီကားသမားတယောက်ဟာ ဘယ်အချိန် ဘယ်လမ်းကမောင်းရင် လမ်းမှာတားစီးမဲ့ခရီးသည် များများတွေမယ်။ သွားလိုတဲ့ခရီးကို အချိန်တိုနဲ့ရောက်အောင်ပို့တတ်မယ်။ ဓါတ်ဆီကို ဘယ်လိုချွှေတာရမယ်ဆိုတာ သိတယ်။ ကားပျက်ရင် အသေးအမွှားဆိုရင် သူကိုယ်တိုင်ပြင်တတ်မယ်။ သူ့လုပ်ငန်းမှာ ကျွမ်းကျင်နေသူမို့ သူဟာလဲ တက်စီကားမောင်းရာမှာ ပညာတတ်တယောက်ပါ။ ထိုနည်းတူပဲ ဆိုက်ကားသမား၊ လမ်းဘေးဈေးရောင်းသူဟာလဲ သူ့လုပ်ငန်းကျွမ်းကျင်ရင် ပညာတတ်ပါပဲ။
လုပ်ငန်းတခုကို တာဝန်ကျေလုပ်နေပြီး လုပ်ငန်းမှာ ဘာမှမကျွမ်းကျင်ရင် ဘွဲ့ရပေမဲ့လဲ သူဟာ ပညာတတ်တယောက်မဟုတ်ပါ။ ရိုးသားစွာအသက်မွေးဝမ်းကျောင်းပြီး မိမိလုပ်ငန်းကို ကျွမ်းကျင်စွာလုပ်တတ်သူတိုင်း ပညာတတ် ဖြစ်ကြပါတယ်လို့ ကျနော်ယူဆပါတယ်။

မှတ်ချက်။ ဒီစာကိုရေးဖြစ်တာက မကြာခန ကျနော့်ဆီ message ပို့ပြီး ကျနော် ၁၀တန်း မအောင်ပါဘူး။ ကျနော် ဘွဲ့တခုမှမရဘူးလို့ ရင်ဖွင့်ပြီး စိတ်ပျက်အားငယ်နေတဲ့ လူငယ်တွေအတွက်ပါ။


သိန်းဖေ(ခေတ္တ-စင်္ကာပူ)

No comments:

Post a Comment