Wednesday, May 27, 2015
"ကမ္ဘာ့အဆင့်မီ ရေအောက်ကမ္ဘာ ငါးပြတိုက် တည်ဆောက်ရေး စီမံကိန်း ၄၀ ရာခိုင်နှုန်းကျော် ပြီးစီး"
"ကမ္ဘာ့အဆင့်မီ ရေအောက်ကမ္ဘာ ငါးပြတိုက် တည်ဆောက်ရေး စီမံကိန်း ၄၀ ရာခိုင်နှုန်းကျော် ပြီးစီး"
ရန်ကုန် ၊ ၂၈-၅-၂၀၁၅
ရန်ကုန်မြို့ရှိ ကန်တော်ကြီး ဥယျာဉ်တွင် စင်ကာပူဒီဇိုင်း နည်းပညာဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့အဆင့်မီ ရေချို ရေငန် ရေအောက်ကမ္ဘာ ငါးပြတိုက် တည်ဆောက်ရေး စီမံကိန်းသည် ယခုအခါ ၄ဝ ရာခိုင်နှုန်းကျော် ပြီးစီးလာပြီ ဖြစ်ကြောင်း တာဝန်ယူ တည်ဆောက် နေသည့် Myanmar Equarium ကုမ္ပဏီမှ ဒါရိုက်တာ ဦးသိန်းဇော် က ပြောသည်။
ငါးပြတိုက်အပြင် နိုင်ငံတကာအဆင့်မီ ဖျော်ဖြေရေးခန်းမများ၊ ခေတ်မီ စားသောက်ဆိုင်များ၊ အပန်းဖြေခန်းများ ပါဝင်ကာ အဆင့်မြင့် အဆောက်အအုံနှစ်လုံးကို တည်ဆောက်သွားမည် ဖြစ်သည်။
ယခုအခါတွင် မြေဖို့ခြင်း၊ မြေညှိခြင်း၊ အောက်ခံ Foundation လုပ်ငန်းများ၊ စင်ကာပူနိုင်ငံ Surbana ကုမ္ပဏီ၏ ငါးပြတိုက် ဒီဇိုင်း ရေးဆွဲခြင်း လုပ်ငန်းများ ပြီးစီးနေပြီဖြစ်ပြီး နိုင်ငံခြားသို့ ငါးပြတိုက်မှန်များ၊ ငါးများ မှာယူသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ထို ခေတ်မီ ငါးပြတိုက်တွင် ရေချို ၅ဝ ရာခိုင်နှုန်း၊ ရေငန် ၅ဝ ရာခိုင်နှုန်း ပါဝင်ကာ ရေလီတာပေါင်း ၅ သန်း ပမာဏခန့် အသုံးပြုသွားမည် ဖြစ်သည်။ ငါးပြတိုက်တွင် မြန်မာနိုင်ငံ ကချင်ပြည်နယ်ရှိ ငါးမျိုးစိတ်များ၊ ဧရာဝတီမြစ်လယ်ပိုင်း၊ အောက်ပိုင်းရှိ ငါးမျိုးစိတ်များ၊ အင်းလေးဒေသရှိ ငါးမျိုးစိတ်၊ မြစ်ဝကျွန်းပေါ်ဒေသရှိ ငါးမျိုးစိတ်၊ ရေချို၊ ရေငန် ငါးမျိုးစိတ်များ အပါအဝင် ယခင် ငါးပြတိုက်ဟောင်းမှ ရှားပါး ငါးမျိုးစိတ် ၁၅ မျိုး၊ ကမ္ဘာ့ရေချို ငါးမျိုးစိတ် ၅ဝ ခန့် အပါအဝင် စုစုပေါင်း ငါးမျိုးစိတ် ၅ဝဝ ကျော်တွင် အကောင်ရေ တစ်သန်းခန့် ထည့်သွင်းပြသသွားမည် ဖြစ်သည်။
ထို့ပြင် ရေငန် ငါးပြတိုက်တွင် ငါးမန်းများအား ထည့်သွင်း ပြသရန် အစီအစဉ်များ ရှိကြောင်း၊ ထိုငါးများအား သြစတြီးယားနိုင်ငံမှ မှာယူ တင်သွင်းရန် အစီအစဉ်များ ရှိကြောင်း သိရသည်။
ထို ငါးပြတိုက်ကြီးအတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ သန်း ၃ဝ အကုန်အကျခံ တည်ဆောက် သွားမည်ဖြစ်ပြီး ၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
''နိုင်ငံခြား ခရီးသွားတွေအပြင် ပြည်တွင်းရှိ ရဟန်းရှင်လူ ပြည်သူများ ပြတိုက်ကြီးထဲ စဝင်လိုက်တာနဲ့ ရေအောက်ကမ္ဘာ၏ အေးချမ်းသော အငွေ့အသက်ကို ခံစားရစေမှာ ဖြစ်ပါတယ်။ လျှောက်လမ်းများရဲ့ ဘယ်၊ ညာမှာ ရေအောက် မှန်လိုဏ်ခေါင်းများအတွင်း ကူးလူးသွားလာနေသော ရေချိုငါးမျိုးစုံနှင့် ရေငန်ငါးမျိုးစုံ ပြကွက်တွေ၊ ကုန်းနေ၊ ရေနေ သတ္တဝါများ၏ သဘာဝနေထိုင်မှု အမျိုးမျိုးကို ကြည်နူးစွာ တွေ့မြင်ခံစားရစေမှာ ဖြစ်ပါတယ်'' ဟု Myanmar Equarium ကုမ္ပဏီမှ ပြန်ကြားရေး တာဝန်ခံ ဦးမောင်မောင်ဆန်းဦး က ပြောသည်။
လာရောက် ကြည့်ရှုသူများ အတွက် ကားပါကင် ဧရိယာကို ကားအစီး ၁၅ဝ မှ ၅ဝဝ အထိ ရပ်တန့်နိုင်စေရန် လတ်တလော မြေဧရိယာများ ဆောင်ရွက်သွားမည် ဖြစ်သည်။ ယခု တည်ဆောက်လျက်ရှိသော ငါးပြတိုက်သည် အိမ်နီးချင်းနိုင်ငံများတွင် စင်ကာပူ၊ ထိုင်းနိုင်ငံတို့၌သာ ရှိပြီး ပြီးစီးလျှင် မြန်မာအပါအဝင် သုံးနိုင်ငံ၌ တည်ရှိမည်ဖြစ်ကြောင်း ထိုစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းရှိ အင်ဂျင်နီယာများထံမှ သိရသည်။
မောင်မျိုး (ဧရာဝတီ)
#Themyawadydaily
Labels:
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment