Sunday, May 31, 2015
"ကမ္ဘာကျော်မင်းသမီး မီရှဲယိုးကို မိတ်ကပ်လိမ်းခြယ်ခွင့်ရခဲ့တဲ့ မြန်မာမိတ်ကပ်ဖန်တီးရှင် ယျာယျာ"
"ကမ္ဘာကျော်မင်းသမီး မီရှဲယိုးကို မိတ်ကပ်လိမ်းခြယ်ခွင့်ရခဲ့တဲ့ မြန်မာမိတ်ကပ်ဖန်တီးရှင် ယျာယျာ"
အမှတ်တရ နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ်ပွဲတော် တက်ရောက်ရန် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး မီရှဲယိုးအား မိတ်ကပ်နှင့် ဆံပင်အပြင်အဆင်ကို လိမ်းခြယ်ဖန်တီးခွင့် ရခဲ့ကြောင်း မိတ်ကပ်ဖန်တီးရှင် ယျာယျာက ပြောသည်။
‘‘သင်္ကြန်ပြီးကတည်းက မိတ်ကပ်လိမ်းပေးဖို့ သူငယ်ချင်းတစ်ယောက်က ကြိုပြောထားခဲ့တယ်။ ဒါပေမဲ့ ဘယ်သူ့ကိုလိမ်းရမယ်ဆိုတာလည်း မသိထားဘူး။ အနားနီးမှ မင်းသမီးမီရှဲယိုးမှန်း သိခဲ့တာ’’ ဟု အလှဖန်တီးရှင် ယျာယျာက ပြောသည်။
မြန်မာနိုင်ငံမှ မင်းသမီးများ၊ မော်ဒယ်များကို မိတ်ကပ်လိမ်းခြယ်ပေးရာတွင် အခက်အခဲမရှိ အပြောင်းအလဲသစ်များနှင့် လိမ်းခြယ်ပေးနိုင်သော်လည်း ကမ္ဘာကျော်မင်းသမီး မီရှဲယိုးအား ၎င်း ကြိုက်နှစ်သက်သည့် မိတ်ကပ်လိမ်းခြယ်ခြင်း ပုံစံအတိုင်းသာ ဖန်တီးပေးခဲ့ရသည်ဟု ယျာယျာက ပြောသည်။
‘‘ဒီကလူတွေကို လိမ်းပေးရတာ ပြဿနာမရှိဘူး။ အပြောင်းအလဲသစ်လေး လိမ်းပေးလိုက်ရင်လည်း ကြိုက်ကြတယ်။ အခုကတော့ သူ့အကြိုက် မိတ်ကပ် ထသွားထလာ ပုံစံကိုပဲလိမ်းပေးဖြစ်တယ်။ ကမ္ဘာကျော်မင်း သမီးတစ်ယောက်လည်းဖြစ်တော့ အပြောင်းအလဲလုပ်ပေးလို့မရဘူး’’ ဟု ၎င်းက ပြောကြားသည်။
မေလ ၂၉ ရက်က ရန်ကုန်မြို့ နေပြည်တော်ရုပ်ရှင်ရုံတွင် ကျင်းပသည့် နိုင်ငံတကာရုပ်ရှင်ပွဲတော်သို့ တက်ရောက်သည့် မင်းသမီး မီရှဲယိုးအား အရောင်နုနုများသုံး၍ မိတ်ကပ်ပါးပါးလေးသာ လိမ်းပေးဖြစ်ပြီး နှာတံဖော်ခြင်းနှင့် မျက်လုံးအောက်နား လိုင်နာအမည်းဆိုးခြင်းတို့ကို မင်းသမီး မီရှဲယိုးက ကြိုက်နှစ်သက်ခြင်းမရှိ ဟု ယျာယျာက ဆက်လက်ပြော ကြားသည်။
‘‘သူ့စိတ်တိုင်းကျလေး မိတ်ကပ်ပြင်ဆင်ပေးဖြစ်တော့ သူနဲ့ ဓာတ်ပုံအတူတူတွဲရိုက်ပြီး သဘောကျတယ်ဆိုတဲ့ပုံစံလေးနဲ့လည်း အသိအမှတ်ပြုခံရတယ်။ ကမ္ဘာကျော် မင်းသမီးတစ်ယောက်ကို မိတ်ကပ်ပြင်ခွင့်ရလို့လည်း အရမ်းပျော်တယ်’’ ဟု ယျာယျာက ပြောကြားသည်။
ထို့အပြင် မေလ ၃၁ ရက်က လည်း Savoy ဟိုတယ်တွင် တည်းခိုနေသော မီရှဲယိုးထံသို့ ဒုတိယအကြိမ် ထပ်မံသွားရောက် လိမ်းခြယ်ပေးခဲ့ရကြောင်း သိရသည်။
မိတ်ကပ်ဖန်တီးရှင် ယျာယျာသည် ပြည်တွင်းတွင် မော်ဒယ်သရုပ်ဆောင် သီရိရှင်းသန့် အပါအဝင် အနုပညာရှင်အချို့အတွက် ပင်တိုင် မိတ်ကပ်ဖန်တီးရှင်အဖြစ် တာဝန်ယူထားပြီး လက်ရှိတွင် မိတ်ကပ်ခင်စန်းဝင်းထံ ၌ မင်္ဂလာဆောင်သည့် သတို့သမီးများအား မိတ်ကပ် ပြင်ဆင်ပေးလျက်ရှိသည်။
ဖြူဖွေးသန့်
Credit: 7day daily
Labels:
အနုပညာသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment