Thursday, May 21, 2015

"သားသမီးအရေအတွက် များလေ သင့်ရဲ့ စိတ်ဖိစီးမှု လျော့နည်းလေဖြစ်ကြောင်း သိပ္ပံပညာရှင်တွေ ဖွင့်ဟ"


"သားသမီးအရေအတွက် များလေ သင့်ရဲ့ စိတ်ဖိစီးမှု လျော့နည်းလေဖြစ်ကြောင်း သိပ္ပံပညာရှင်တွေ ဖွင့်ဟ"

အိမ်ထောင်ကျတဲ့အခါ ကလေးဘယ်နှစ်ယောက်ယူဖို့ စိတ်ကူးထားပါသလဲ။ မိသားစုတစ်စုမှာ ကလေး သုံး၊ လေးယောက်ဆိုရင် အရင်လို အဆင်ပြေပြေ ကျွေးမွေးပြုစုနိုင်ဖို့ မလွယ်ကူတော့ဘူးလို့ သိကြမှာပါ။ ဒီတော့ သန္ဓေတားဆေးတွေလည်း ပုံမှန်ကို သောက်နေကြရတာပေါ့၊ ဒါဆို ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေး ဖြစ်စေဖို့ ကလေးဘယ်နှစ်ယောက်လောက် ပိုင်ဆိုင်မယ်ဆိုရင် အတော်ဖြစ်လိမ့်မလဲလို့ တွေးမှာပဲလေ၊ နည်းလေ၊ ကောင်းလေလို့တောင် တွေးနိုင်တယ်၊ ဒါပေမယ့် လေ့လာတွေ့ရှိချက်အသစ်တစ်ခုအရ သင် ပါးစပ်အဟောင်းသား ဖြစ်သွားမယ့် သတင်းတစ်ခု ရှိနေပါတယ်။

TODAYMoms.com က ဦးစီးပြီး မိခင်ပေါင်း ၇၀၀၀ ကို မေးမြန်းတာတွေ၊ လေ့လာတာတွေ၊ စာရင်းပြုစုတာတွေ လုပ်တဲ့အခါ ကလေးသုံးယောက် မွေးထားတဲ့မိခင်တွေဟာ ဖိစီးမှုအနည်းငယ် ခံစားနေရတယ်လို့ ဆိုပါတယ်၊ ဒါပေမယ့် ကလေးလေးယောက်ရဲ့ မိခင်တွေမှာတော့ ဖိစီးမှုပိုနည်းသွားပြီး မခံစားရသလောက်ကို ဖြစ်သွားပါတယ်တဲ့။

ဒါကို ဖတ်လိုက်တော့ ဟုတ်ပါ့မလားရယ်လို့ တွေးလိုက်မိတယ် မလား။ ဒီအချက်ကို စိတ်ရောဂါအထူးကုလည်းဖြစ်သလို ကလေး လေးယောက်ရဲ့ မိခင်လည်းဖြစ်တဲ့ ဒေါက်တာ Janet Taylor က ဒီလေ့လာတွေ့ရှိချက်ကို သူလုံးဝ မအံ့သြဘူးလို့ ဆိုလိုက်ပါတယ်။ "သင့်ခေါင်းထဲမှာ စဉ်းစားစရာတွေ အများကြီး ဖြစ်သွားလိမ့်မယ်၊ ရုန်းကန်ရတာတွေလည်း ရှိမှာပါပဲ၊ ဒါပေမယ့် ဒီအချက်ကိုတော့ ထောက်ခံပါတယ်။ ကလေးတစ်ယောက်မွေးလိုက်လေလေ စိုးရိမ်ကြောင့်ကြမှုတွေ နည်းသွားလေလေပါ" လို့ သူမက ပြောပါတယ်။

ဒီစစ်တမ်းကောက်ချက်လိုပဲ နောက်ထပ်တူညီတဲ့ စစ်တမ်းကောက်ချက်တစ်ခုကလည်း "မိခင်တွေဟာ အစပိုင်းမှာ အရမ်းကို ပြီးပြည့်စုံချင်တဲ့ စိတ်တွေ ရှိနေတတ်ကြတယ်" လို့ ဆိုထားပါတယ်။ မိခင်တွေထဲက ၇၅ ရာခိုင်နှုန်းဟာ တစ်ခြားလူတွေဆီက ဝေဖန်ပြောဆိုတာတွေကို ရှောင်ချင်ကြတဲ့အတွက်ရော သူတို့ကိုယ်တိုင် ပြီးပြည့်စုံတဲ့ မိခင်ဆိုတာ ပြသချင်ကြတာကြောင့်ပါ ဖိအားတွေနဲ့ ရှင်သန်နေကြရတယ်လို့ ဖော်ပြထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အတွေ့အကြုံဟာ လူကို ပြီးပြည့်စုံသွားအောင် လုပ်ဆောင်ပေးလိုက်သလိုပါပဲ၊ ကလေးတွေ ပိုများများရလာလေလေ။ မိဘတစ်ယောက်အနေနဲ့ ဘယ်လိုထိန်းကျောင်းရမယ်ဆိုတာ သိလာပြီး ယုံကြည်မှုရှိလာလေလေပေါ့လို့ ဒေါက်တာ Taylor က ဆက်ပြောပါတယ်။

ဒီတော့ မိခင်တစ်ယောက် ရုန်းကန်လှုပ်ရှားရတဲ့ စိတ်ဖိစီးမှုဘ၀ကို ရပ်ပစ်လိုက်ချင်ရင်၊ အနည်းဆုံး ကလေးလေးယောက် ယူသင့်ပါတယ်တဲ့။


 မေသော်

Credit: Trend Myanmar

No comments:

Post a Comment