Saturday, May 30, 2015

"မြေးလေးနာမည်ကို ဆွဲကြိုးပုံစံ တက်တူးထိုးလိုက်တဲ့ ခင်လှိုင်"


"မြေးလေးနာမည်ကို ဆွဲကြိုးပုံစံ တက်တူးထိုးလိုက်တဲ့ ခင်လှိုင်"

တက်တူးဝါသနာရှင် တစ်ဦးဖြစ်သည့် ဟာသသရုပ်ဆောင် ခင်လှိုင်က မြေး၏ အမည်ကို ၎င်း၏လည်ပင်းတွင် ဆွဲကြိုးပုံစံဖြင့် တက်တူးထိုးခဲ့ကြောင်း ပြောသည်။

‘‘မြေးလေးရရင် ထိုးမယ်ဆိုပြီး လုပ်ထားတာ။ ယောက်ျားလေးမှန်း၊ မိန်းကလေးမှန်းလည်း မသိသေးဘူး။ နဂိုကတည်းက လည်ပင်းမှာ ဆွဲကြိုးလေးထိုးမယ်ဆိုပြီး စိတ်ကူးထားပြီးသား။ အရင်က နာမည်လည်းမရွေးရသေးလို့ မထိုးဖြစ်တာ’’ ဟု ခင်လှိုင်က ပြောသည်။

ခင်လှိုင်၏မြေဦးဖြစ်ပြီး ရွှေပိုးဝတ်မှုံလှိုင်ဟု ၎င်းကိုယ်တိုင် အမည်ပေးခြင်းဖြစ်ကာ နာမည်တစ်ခုလုံးကို ဆွဲကြိုးပုံစံတက်တူးထိုး၍ အိမ်နာမည် ရွှေပိုးကို လော့ကတ်နေရာတွင် ထိုးထားသည်ဟုဆိုသည်။

‘‘မိသားစုဝင်တွေရဲ့ နာမည်နဲ့ မွေးနေ့တွေကို ညာဘက်လက်ဖျံမှာ ထိုးထားတယ်။ အစ်ကို့အမျိုးသမီးမှာလည်း ထိုးထားတယ်။ တစ်ခါတလေ နယ်ရောက်နေရင် မွေးနေ့ဆုတောင်းလုပ်ဖို့ သူတို့ ခုနှစ်တွေကို မေ့လို့ မွေးနေ့တွေ အကုန်လုံးထိုးထားတာ’’ ဟု ခင်လှိုင်ကပြောသည်။

တက်တူးကို ငယ်စဉ်ကတည်းက ၀ါသနာပါခဲ့သော်လည်း မိဘများက မကြိုက်သောကြောင့် ကိုယ်တိုင် အိမ်ထောင်ဦးစီးဖြစ်သည့် အချိန်မှစတင်၍ တက်တူးထိုးခဲ့ခြင်းဖြစ်ပြီး တစ်ကိုယ်လုံးတွင် တက်တူးထိုးထားသည့်ပုံ ၄၀ ခန့် ရှိကြောင်း ၎င်းကဆိုသည်။

‘‘တက်တူးဆိုတာ လူတစ်ယောက်ရဲ့သေချာမှုပဲ။ ဆုံးဖြတ်ချက်မသေချာတဲ့ လူတွေက တက်တူးမထိုးသင့်ဘူး။ နောက်ပြီး တက်တူးကို ကိုယ်ပိုင်အရေပြားပေါ်က ကိုယ်ပိုင်ပန်းချီလို့ ယူဆတယ်’’ ဟု တက်တူးနှင့်ပတ်သက်၍ ခံစားချက်ကို ပြောကြားသည်။

တက်တူးနှင့်ပတ်သက်၍ နေမင်းနှင့် ဇာတ်ကားတစ်ကား ရိုက်ကူးခဲ့ရာ ပရိသတ်အားပေးမှု ရခဲ့သလို သားဖြစ်သူ ထက်ပိုင်ဦးနှင့်လည်း တက်တူးကားတစ်ကား ရိုက်ကူးထားကြောင်း ခင်လှိုင်က ပြောကြားသည်။

ဇွဲဉာဏ်

Credit: 7 Day Daily

No comments:

Post a Comment