Thursday, May 28, 2015
"နှလုံးသားထဲကအပြုံးတစ်ချက်ဟာ တိုင်းပြည်ရဲ့ဂုဏ်ကို ဝင်းလက်စေတယ်"
"နှလုံးသားထဲကအပြုံးတစ်ချက်ဟာ တိုင်းပြည်ရဲ့ဂုဏ်ကို ဝင်းလက်စေတယ်"
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်ကြီးက ရပ်ကွက်တစ်ခုမှာ မြန်မာဆရာဝန်တစ်ယောက် နေပါတယ်။ သူက ညနက်အောင် အလုပ်ဆင်းရတော့ တစ်ခါတလေ အိမ်ပြန်နောက်ကျတယ်။ တစ်ရက်မှာ အလုပ်ကနေအိမ်ကိုပြန်လာတော့ မနက် ၂ နာရီ လောက်ရှိနေပါပြီ။ သူ့နေတဲ့လမ်းနဲ့ ကပ်လျက် လမ်းထိပ်မှာ လူတွေစုရုံးစုရုံးလုပ်နေတာတွေ့တာနဲ့ ဘာပါလိမ့်လို့တွေးနေမိတယ်။
ဒီလိုနဲ့တွေးနေတုန်းမှာပဲ ရဲတစ်ယောက်က သူ့ကိုတားပြီး စစ်ဆေးပါတယ်။ သူ့ရုပ်ကလည်း မြန်မာရုပ်ဆိုတော့ နိုင်ငံခြားသား ရုပ်ပေါ့။ သူက “ဘာဖြစ်နေကြတာလဲ” လို့ စပ်စုကြည့်တော့ ရဲက “ဒီနားကအခန်းမှာလူသတ်မှုဖြစ်လို့” ဆိုပြီး ပြန်ဖြေပါတယ်။ ရဲက စစ်ဆေးမေးမြန်းသင့်တာ မေးမြန်းပြီးတာနဲ့ “မင်းက ဘယ်မှာနေတာလဲ” လို့မေးတယ်။
သူက ဟိုဘက်လမ်းမှာနေတာဖြစ်ကြောင်း ပြောတော့ ရဲက “အေး…ဒါဆိုသွားလို့ရပါပြီ။ ငါတို့ဒီလမ်းထဲမှာ
လူသတ်မှုဖြစ်နေလို့ စစ်ဆေးရတာပါကွာ။ မင်းသိပ်ပြီးတော့များ စိတ်အနှောက်အယှက် ဖြစ်သွားသလားမသိဘူး။ ငါတို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားရင် အနူးအညွတ် တောင်းပန်ပါတယ်၊ ဆောရီးပါ၊ ဆောရီးနော်” လို့ ပြောပြီး မြန်မာဆရာဝန် မသွားမချင်း ဆောရီးချင်းမိုးမွှန်အောင် တောင်းပန်နေပါသတဲ့။ ဒါနဲ့ သူကလည်း ကိစ္စမရှိကြောင်း နားလည်ကြောင်း ပြောပြီး ထွက်သွားမယ်အလုပ်မှာ ရဲက “မင်း အိမ်ပြန်ရဲရဲ့လား၊ ငါလိုက်ပို့ပေးဖို့လို မလား၊ အားမနာနဲ့နော်၊ လိုက်ပို့ပေးဆို လိုက်ပို့ပေးပ့ါမယ်” လို့ ပြောပါသတဲ့။ မြန်မာဆရာဝန်ကလည်း ကျေးဇူးတင်ကြောင်း မလိုကြောင်းပြောပြီး ထွက်လာပါတယ်။ သူထွက်လာတဲ့အချိန်အထိ အဲဒီရဲဟာ ပါးစပ်က ဆောရီး ဆောရီးနဲ့ပြောပြီး ကိုယ်ကိုယ်ကိုင်းညွတ် တောင်းပန်နေပါသေးသတဲ့။
တစ်ခါကလည်း လန်ဒန်မှာကျင်းပတဲ့ ဒေသဆိုင်ရာ ပွဲတစ်ပွဲမှာ အဲဒီဆရာဝန်လည်း မြန်မာပီပီ ဟိုတိုးဒီတိုး ဝင်တိုးတာပေါ့။ ပွဲတော်ကိုလာတဲ့ပရိသတ်က လေးငါးသောင်းကျော်ကျော်လောက် ရှိတယ်လို့ ဆိုပါတယ်။ ဒီအချိန်မှာ ကုလားမခြေထောက်နဲ့ လန်ဒန်ရဲ တစ်ယောက် သူ့အနားကိုရောက်လာပြီး “ဟိုင်း” လို့ နုတ်ဆက်ပါတယ်။ သူကလည်း ဟိုင်းလို့ ပြန်နုတ်ဆက်လိုက်သပေါ့။ ဒါနဲ့ရဲက “မင်း နိုင်ငံခြားသားမဟုတ်လား” လို့ မေးသတဲ့။ သူကဟုတ်ကြောင်းပြန်ပြောလိုက်တော့ “မင်း အကူအညီတစ်ခုခုများ လိုနေသလား” လို့ မေးသတဲ့။ သူကမလိုကြောင်း ကျေးဇူးတင်ကြောင်း ပြန်ပြောလိုက်တဲ့အခါ ရဲက “ချွတ်…ငါက လူတွေကို ကူညီချင်လို့ လိုက်မေးနေတာ တစ်ယောက်မှလည်း အကူအညီမလိုကြဘူး။ အေး ကျေးဇူးပါကွာ။ ငါ ကျန်တဲ့သူတွေကို လိုက်ပြီး စနည်းနာ ကြည့်လိုက်ဦးမယ်” လို့ ပြောပါသတဲ့။
ဒီရဲကလည်း ပထမရဲလိုပဲ ထွက်မသွားခင် သူ့ကို မေးလိုက်ပါသေးတယ်။ “မင်း ဒီပွဲမှာ ပရိသတ်ဘယ်
လောက်ရှိမယ်ထင်သလဲ” တဲ့။ သူကလည်း လေးသောင်းကျော်လောက်ရှိမယ် ထင်တယ်လို့ ပြောလိုက်ပါတယ်။ “အေး ပရိသတ် လေးငါးသောင်းကျော် လောက်တော့ရှိတယ်ကွ။ ပွဲတော်ကျင်းပနေတာ လေးရက်ကျော် ငါးရက်ရှိပြီ အခုအချိန်အထိ နည်းနည်း အမူးလွန်နေတဲ့ လူတစ်ယောက်ကိုပဲ တွဲပို့ခဲ့ရသေးတယ်၊ သိလား။ ဒီမှာ ဘာပြဿနာမှ မရှိဘူးကွ” လို့ ပြောသွားပါသေးတယ်တဲ့။ အမှန်ကတော့ကြွား တာပါ။ ကြွားမယ်ဆိုလည်း ကြွားလောက်စရာကိုး။ ဒါက INGO မှာအလုပ်လုပ်တုန်း အင်္ဂလန်မှာ နှစ်အတန်ကြာ နေခဲ့ဖူးတဲ့ ဆရာဝန်တစ်ယောက် ပြောပြဖူးတာပါ။
ဒီလိုပဲ အမေရိကန်မှာ တစ်ခါက အဝေးပြေးလမ်းမမှာ စစ်ကားတစ်စီးက ကားမောင်းသူကိုယ်တိုင် မသိလိုက်ဘဲ လမ်းဘေးရွာက ရွာသားတစ်ဦးကို ပွတ်မိသွားပါတယ်။ ဒဏ်ရာကသိပ်မပြင်းပါဘူး။ ဒါပေမဲ့ ရွာသားကမကျေနပ်ဘူး။ သမ္မတဆီထိ တက်တိုင်ပါတယ်။ သမ္မတကလည်း ကားနံပတ်မသိ၊ ဘာသမသိနဲ့ ဘယ်သူ့အရေးယူပေးရမှန်းမသိဘူး။ ဒါနဲ့ သမ္မတက ရေဒီယိုကနေ “အဝေးပြေးလမ်းမ (……) နေရာမှာ (……) နေ့က စစ်ကားတစ်စီးက ပြည်သူတစ်ယောက်ကို ပွတ်တိုက်မိသွားတယ်။ အို.. အမောင်စစ်သည် သင်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရော အမေရိကန်တပ်မတော်ကိုရော တန်ဖိုးထားလိမ့်မယ်လို့ ငါယုံကြည်တယ်။ ဒါ့ကြောင့် ဒီကြေညာချက်ကိုကြားတဲ့အချိန်ကစပြီး ကိုယ့်အပြစ်ကို လာရောက်ဝန်ခံပါ” လို့ ကြေညာလိုက်ပါသတဲ့။
အံ့သြဖို့ကောင်းတာက ကြေညာချက်ထွက်လာပြီး တစ်ပတ်အတွင်းမှာပဲ အဲဒီ စစ်ကားမောင်းတဲ့ စစ်သည်ဟာ ကိုယ်တိုင်လာရောက် စစ်ဆေးခံပါတယ်တဲ့။ အမေရိကန်သံရုံးထုတ် စာစောင်တစ်ခုမှာ ဖတ်ခဲ့ဖူးတာပါ။ အမေရိကန်ပြည်သူပြည်သားတွေ စစ်သားကအစ ဥပဒေကို ဘယ်လောက်လေးစားလိုက်နာတယ်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ ဆောင်းပါးထဲကနေ ပြောပြနေတာပါ။
ကျွန်တော် ကော့သောင်းမှာနေစဉ်က ထိုင်းနိုင်ငံမှာရှိတဲ့ ဌာနဆိုင်ရာတွေက သူ့ပြည်သူတွေကို ဘယ်လိုဆက်ဆံတယ်ဆိုတဲ့ အကြောင်း ထိုင်းဘက်ကို နေ့စဉ်လိုလို အလုပ်ကိစ္စနဲ့ သွားလေ့ရှိတဲ့ ကော့သောင်းက သူငယ်ချင်းကို မေးကြည့်ပါတယ်။ သူက “ကိုကျော်ကြီး ကုမ္ပဏီတစ်ခုမှာ ကိုယ့်ကုမ္ပဏီက ပစ္စည်းတစ်ခုခုကို ဝယ်မယ့်ဖေါက်သည် (customer) တစ်ယောက်ကို ကုမ္ပဏီက တာဝန်ရှိဝန်ထမ်းတွေ
ဘယ်လိုဆက်ဆံသလဲ။ ထိုင်းအစိုးရဝန်ထမ်းတွေက သူ့ပြည်သူကို အဲဒီလိုပဲဆက်ဆံတယ်။ ဖေါက်သည် တစ်ယောက်လို ဆက်ဆံတယ်ပေါ့ဗျာ” လို့ ပြောပါတယ်။
ကျွန်တော့်အသိ အမျိုးသမီးတစ်ယောက်ကလည်း “ကျွန်မ ရှမ်းကမ်း (ထိုင်းနိုင်ငံကို ဒေသစကားနဲ့ ကော့သောင်းကလူတွေက ရှမ်းကမ်းလို့ ခေါ်ပါတယ်။) ကို အလုပ်ကိစ္စနဲ့သွားရင်း ဘဏ်ကို မကြာခဏရောက်တယ်။ ဘဏ်တစ်ခုလုံးမှာရှိတဲ့ ဝန်ထမ်းတွေဟာ ပြုံးရွှင်နေတာပဲ။ ဘယ်လောက်ပဲ အလုပ်များများ သူတို့အပြုံးမပျက်ဘူး။ သူတို့လည်း လေ့ကျင့်ပြီးပြုံးတာပဲ။ မြန်မာတွေလည်း လေ့ကျင့်ပြီး ပြုံးကြတာပဲ။ ဘာတွေကွာလဲတော့မသိဘူး။ မြန်မာပြည်က ဘဏ်တချို့မှာ နည်းနည်းအလုပ်ရှုပ်လာပြီဆိုရင် စိတ်မရှည်ချင်တော့ဘူး။ ထိုင်းတွေက သူတို့ကြောင့် တစ်ခုခု နှောင့်နှေးကြန့်ကြာသွားတယ်လို့ထင်ရင် အနူးအညွတ်တောင်းပန်လေ့ရှိတယ်။ စောင့်ရတာသိပ်ကြာရင် ကော်ဖီတောင် ဖျော်တိုက်လိုက်သေးတယ်။ မြန်မာပြည်က သူဌေးတွေ၊ မန်နေဂျာတွေ သူတို့ ဝန်ထမ်းတွေ ဘယ်လို အလုပ်လုပ်နေကြတယ်ဆိုတာ မသိကြဘူးလား မသိဘူး။ စီမံခန့်ခွဲမှုကလည်း ညံ့ဖျင်းလိုက်တာ။ ကျွန်မသာ သူဌေးဆိုရင် စီစီတီဗီတပ်ထားပြီး အခန်းထဲက ထိုင်ကြည့်နေမယ်။ ကိုယ့်ဖေါက်သည်ကို စိတ်မရှည်သလိုလို ဘာလိုလို မချေမငံလုပ်တဲ့ဝန်ထမ်းဆို တစ်ခါတည်း ဖြုတ်ပစ်လိုက်မယ်” လို့ ပြောပါတယ်။
ကျွန်တော် နည်းနည်းဖျားသွားပါတယ်။ ဒီစကားပြောတဲ့အမျိုးသမီးက အတန်းပညာ ခြောက်တန်းလောက်သာ ကျောင်းနေဖူးသူပါ။ “စီမံခန့်ခွဲမှုကလည်း ညံ့ဖျင်းလိုက်တာ” ဆိုတဲ့ စကားကလည်း သူပြောတဲ့ တိုက်ရိုက်ပြောစကားပါ။
မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းမှာ အလုပ်ဝင်လုပ်တုန်းက ကျွန်တော်တို့ခရိုင်မန်နေဂျာ တစ်ယောက် ပြောခဲ့ဖူးတာလေး သတိရမိပါ တယ်။ “ကျော်ဇင်ထွန်းရေ… အင်္ဂလန်မှာက လူတွေတင်မကဘူး ခွေးတွေကပါ ယဉ်ကျေးတာကွ။ မင်း မနက်ပိုင်းလမ်းလျှောက် ထွက်လာတဲ့အခါ မတွေ့တာနှစ်ချီပြီးကြာတဲ့ သူငယ်ချင်းနှစ်ယောက် တွေ့တယ်ဆိုပါတော့။ နှစ်ယောက်စလုံး ဆွဲလာတဲ့ခွေးတွေက တစ်ကောင်နဲ့တစ်ကောင် အခုမှမြင်ဖူးပေမဲ့ ကလူကြည်စယ်နေကြတာဟ။ ဒို့မြန်မာပြည်ကခွေးတွေလို အလကားနေရင်း မာန်ဖီမနေဘူး။ စနစ်တစ်ခုက ခွေးကိုတောင် ယဉ်ကျေးသွားစေတာ နေမှာပေါ့ကွာ” တဲ့။ ဆရာပြောတာလည်း မှန်ပါတယ်။ ကျွန်တော်တို့ဆီမှာက ခွေးလေခွေးလွင့်ကလည်း ပေါသကိုး။ ခွေးလေခွေးလွင့်တွေကို သနားပြီး အစာကျွေးထား။ အဲဒီခွေးက လမ်းသွားလမ်းလာကို ကိုက်တော့ သူ့ခွေးမဟုတ်ဘူးငြင်း။ နောက်တော့ စကားများ၊ ရန်ဖြစ်ကြ။ ဒါ ကျွန်တော်တို့ မြင်နေကျပုံရိပ်တွေ။
စစ်အစိုးရလက်ထက်က တစ်ရက်မှာ ကော့သောင်းလေဆိပ်ကို ဆိုက်လာတဲ့ လေယာဉ်မှာပါတဲ့ ခရီးသည်တွေကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းအသီးသီးက စစ်ဆေးတာပေါ့။ ကော့သောင်းမှာနေနေကျ ခရီးသည်တွေကတော့ သိပြီးသားဖြစ်စဉ်တွေပါပဲ။ ဒါပေမဲ့ ရန်ကုန်ကလာတဲ့ ခရီးသည် လူငယ်လေးတစ်ယောက်ဟာ သူ့ကို မေးခွန်းပေါင်းမြောက်များစွာမေးတော့ စိတ်မရှည်ဘဲ “ခင်ဗျားတို့ကလည်းဗျာ၊ ကိုယ့်တိုင်းပြည်ထဲ
ကိုယ်သွားတာတောင် လွတ်လွတ်လပ်လပ် မသွားရ ဘူးလား” ဆိုပြီး ပြန်ပြောမိတယ်။ အဲဒီအချိန်မှာ စစ်ထောက်လှမ်းရေးက မင်းဘာစကားပြောတာလဲ၊ ဘာကောင်လဲဆိုပြီး တစ်ချက် လှမ်းရိုက်လိုက်ပါသတဲ့။ စစ်ထောက်လှမ်းရေးက တစ်ချက်ပဲရိုက်ရပါတယ်။ အနားမှာရှိနေတဲ့ကျန်တဲ့ လုံခြုံရေးအဖွဲ့အစည်း အသီးသီးက မောင်မင်းကြီးသားများက စစ်ထောက်လှမ်းရေးလက် နာကျင်တော်မူမှာစိုးလို့ ထောက်လှမ်းရေးကိုဖားပြီး တစ်ယောက်တစ်ချက် ဝိုင်းသမလိုက်ကြတာ ခရီးသည်ကောင်လေးလည်း ကြေမွသွားသော တိမ်တိုက်များ ဖြစ်သွားပါသတဲ့။
ကျွန်တော့်ကိုပြောပြတဲ့ သူငယ်ချင်းက ဆလွန်းကား တက္ကစီမောင်းနေတဲ့သူပါ။ သူက ဌာနဆိုင်ရာ ပုဂ္ဂိုလ်တစ်ယောက်ကို လိုက်ပို့ရင်း အထဲဝင်ခွင့်ရတဲ့အချိန်မှာ သူမြင်ခဲ့ရတဲ့မြင်ကွင်းကို ပြောပြတာပါ။ ဘာတွေဆက်ဖြစ်သေးလဲလို့ ကျွန်တော်ကမေးတော့ “ စိတ်ဆင်းရဲလွန်းလို့ ဆက်မကြည့်တော့ပါဘူးဗျာ၊ ကျွန်တော်လည်း ပြန်လှည့်ထွက်လာခဲ့တယ်” လို့ ပြောပြပါတယ်။
၁၉၉၂ နှစ် နှစ်စပိုင်းလောက် ကျွန်တော် ကော့သောင်းရောက်တဲ့အချိန်မှာ အခြေချစစ်ဗျူဟာဆောက်လို့ မပြီးသေးဘူး၊ မဆောက်ရသေးဘူးလို့ထင်တယ်။ အဲဒီအချိန်မှာ အခုစစ်ဗျူဟာရှေ့မှာရှိတဲ့ အုန်းခြံလေးထဲမှာ ပျဉ်ထောင်သွပ်မိုး အိမ်ကလေးတစ်လုံးရှိတယ်။ အုန်းခြံလေးထဲမှာ လေတဖြူးဖြူးနဲ့ အိမ်ရှင်က အိမ်ရှေ့မှာ ပက်လက်ကုလားထိုင်လေးတစ်လုံးနဲ့ ထိုင်နေတာကြည့်ပြီး ကျွန်တော်က ခြံလေးကို သဘောကျနေမိတယ်။ နောက်တော့ တပ်ကအဲဒီအုန်းခြံလေးကို သိမ်းလိုက်ပြီး ခြေမြန်တပ်ရင်းတစ်ရင်း တည်လိုက်ပါတယ်။
နိုင်ငံတော်ကာကွယ်ရေးအတွက် လိုအပ်ချက်အရ သိမ်းတာကို အတိုင်းအတာတစ်ခုအထိ နားလည်လက်ခံလို့ ရပါတယ်။ ဒါပေမဲ့ တပ်က အဲဒီခြံရှင်ကို ကာလပေါက်ဈေးနဲ့ တန်ရာတန်ကြေး လျော်ပေးခဲ့သလား။
မြန်မာနိုင်ငံဘယ်နေရာမှာမှ ကာလပေါက်ဈေးနဲ့ လျော်မပေးပါဘူး။ အဲဒီအချိန်က မြန်မာနိုင်ငံမှာ လျော်ပေးတဲ့စနစ်က တစ်နှစ်ဆောင်ရတဲ့ မြေခွန်ရဲ့ အဆ နှစ်ဆယ်လို့ဆိုတယ်။ မြေခွန်က တစ်နှစ်မှ ဆယ်ဂဏန်းသာရှိတာပါ။ တစ်ဧကကို နှစ်ဆယ်ကျပ်ထင်တယ်။ နှစ်ဆယ်ကို နှစ်ဆယ်နဲ့မြှောက်လိုက်ရင် အဲဒါမြေပိုင်ရှင်ရမယ့် တစ်ဧကအတွက်လျော်ကြေးပဲ။ တကယ်လို့ အဲဒီခြံနဲ့အိမ်ကလေးသာ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ ဘိုးဘွားပိုင် ခြံနဲ့အိမ်ကလေးဆိုရင်ကော။ ခေတ်နဲ့မလျော်ညီတဲ့ဥပဒေတွေကို ပြင်သင့်တာပြင်၊ ဖျက်သိမ်းသင့်တာဖျက်သိမ်း၊ အသစ်ပြန်လည်ရေးဆွဲသင့်တာ ရေးဆွဲရမယ်ဆိုတာ ဒါတွေကိုပြောတာပါ။
ဒီလိုဥပဒေတွေ ပြန်ပြင်ဖို့ကိစ္စဟာ ဘယ်နေရာမှာ တံတားကြီးဆောက်ပေးဖို့ အစီအစဉ်ရှိ/ မရှိ၊ ဘယ်နေရာမှာ လမ်းတွေဖေါက်ပေးဖို့ အစီအစဉ်ရှိ/ မရှိ ဆိုတဲ့ မေးခွန်းတွေထက် အရေးကြီးတယ်လို့ ထင်ပါတယ်။ မြေရာပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး မြေရာကို နိုင်ငံတော်က ပိုင်ဆိုင်တယ်ဆိုတဲ့ စကားရပ်နဲ့ပတ်သက်ပြီး မဝေဖန်လိုပါ။ ဒါပေမဲ့ အဲဒီမြေရာမှာ လုပ်ကိုင်၊ စားသောက်၊ နေထိုင်တဲ့သူကို ကာလတန်ကြေးနဲ့အညီ ထိုက်ထိုက်တန်တန် လျော်ကြေးပေးဖို့တော့ လိုပါတယ်။
တပ်ဆောက်ဖို့၊ ဌာနဆိုင်ရာ အဆောက်အဦတွေဆောက်ဖို့၊ စီမံချက်လုပ်ငန်းတွေ ဆောင်ရွက်ဖို့ စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ မြေတွေသိမ်းပါတယ်။ ရော်ဘာခြံပိုင်ရှင်ကနေ ရော်ဘာခြံ အလုပ်သမားဘဝ ရောက်သွားတဲ့သူတွေ၊ လယ်ပိုင်ရှင်ကနေ ကိုယ့်လယ်ကို သီးစားပေးပြီး အငှားပြန်လုပ်ရတဲ့ လယ်သမားဘဝ ရောက်သွားကြသူတွေ တိုင်းပြည်နေရာအနှံ့အပြားမှာ ရှိခဲ့တယ်။ မြေရာဖေါ်တယ်ဆိုပြီး မြေကွက်တွေ
လက်ညှိုးထိုးရောင်းစားသွားတဲ့ အာဏာပိုင်တွေလည်း တစ်ပြုံတစ်မကြီးပေါ့။ ဒီမိုကရေစီ အစိုးရလက်ထက်မှာ လယ်ယာမြေတွေ ပြန်ပေးတယ်ဆိုပေမဲ့ မရသေးတဲ့သူကလည်း မရသေးဘူး။ တချို့လယ်တွေက အရှုပ်အရှင်း မကင်းတာတွေလည်း ပါတာပေါ့။ ဒါပေမဲ့ မူလဘူတအကြောင်းရင်းကတော့ နိုင်ငံတော်အစိုးရ ဆိုတဲ့ ခေါင်းစဉ်နဲ့ တန်ရာတန်ကြေး မပေးဘဲ သိမ်းလို့ဖြစ်လာရတဲ့ ပြဿနာတွေလို့ပဲ ဆိုချင်ပါတယ်။
ဒီနေရာမှာ တန်ရာတန်ကြေးဆိုတာ ကာလပေါက်ဈေး၊ တစ်နည်း အားဖြင့် ပြင်ပပေါက်ဈေးကို ဆိုလိုတာဖြစ်တယ်။ လယ်ပဲသိမ်းသိမ်း၊ ယာပဲသိမ်းသိမ်း ကာလပေါက်ဈေးပေးလိုက်တယ် ဆိုရင်တောင် ပြည်သူက ဒီလောက်မုန်းမှာမဟုတ်ပါဘူး။
မြေ၊ ရေ၊ လေ အားလုံးကို နိုင်ငံတော်က ပိုင်တယ်ဆိုတဲ့စကားရပ်ဟာ တချို့နေရာတွေမှာ အာဏာအလွဲသုံးစား လုပ်တဲ့သူတွေအတွက် သူတို့ကို အာဏာအလွဲသုံးစားလုပ်ဖို့ လမ်းဖွင့်ပေးထားသလိုဖြစ်နေတယ်။ မြေ၊ ရေ၊ လေ အားလုံးကို နိုင်ငံတော်ကပိုင်တယ်ဆိုပေမဲ့ ...
“အဆိုပါမြေယာများကို နိုင်ငံတော်အကျိုးအတွက် သိမ်းဆည်းရန်လိုအပ်သောအခါ ကာလပေါက်ဈေး ထက် မလျော့နည်းစေဘဲ ပေးလျော်ပြီးမှ မြေယာသိမ်းဆည်းခြင်းကို ဆောင်ရွက်ရမည်။ ထိုသို့ဆောင်ရွက်ရာ၌ လယ်ယာမြေ ကာလပေါက်ဈေး စုံစမ်းရေးကော်မတီဖွဲ့စည်းရာတွင် အဂတိလိုက်စားမှုများမပါရှိစေရန် ကော်မတီဝင်ထဲတွင် လယ်ယာမြေသိမ်းဆည်းမည့် ဒေသမှ ဒေသခံလူထုကိုယ်စားလှယ် အနည်းဆုံး နှစ်ယောက်ပါရှိရမည်။ နိုင်ငံတော်အစိုးရမှ ဖွဲ့စည်းပေးထားသည့် ကော်မတီဝင်များနှင့် ဒေသခံလူထုက ရွေးချယ်ပေးသည့် အဖွဲ့ဝင်များအနေဖြင့် မြေယာဈေးနှုန်းနှင့်ပတ်သက်၍ အငြင်းပွာဖွယ်ရာကိစ္စများ ဖြစ်ပေါ်လာပါက သိမ်းဆည်းမည့်လယ်ယာမြေ၏ အရပ်လေးမျက်နှာ တစ်မိုင်ပတ်လည်ရှိ လယ်ယာမြေတစ်ဧက ပေါက်ဈေးကို စာရင်းကောက်ယူပြီး ပြန်လည်တင်ပြရမည်။ လယ်ယာမြေကာလပေါက်ဈေး စုံစမ်းရေးကော်မတီ၏ အကြံပြုချက်အတိုင်း ရာဖြတ်အဖွဲ့မှ တန်ဖိုးသတ်မှတ် လျော်ကြေးပေးရာတွင် မူလလယ်ယာမြေပိုင်ရှင်အနေဖြင့် မကျေနပ်ပါက (…..) ရက်အတွင်း ရာဖြတ်စောဒကတက်ခွင့်ရှိသည်။” စသဖြင့် ပြည်သူကို အကာအကွယ်ပေးတဲ့ ဥပဒေမျိုးတွေ မရေးဆွဲသင့်ဘူးလား။ ကျွန်တော်ပြောတာက ဥပမာဆိုတော့ ဥပဒေစကားရပ်အနေနဲ့ ပြည့်စုံလုံလောက်မှု ရှိချင်မှ ရှိပါလိမ့်မယ်။
မတရားမှုတွေ၊ မမျှတမှုတွေကြားမှာ ကြီးပြင်းလာရတဲ့လူထုအတွက် အာခံပြန်ရင်လည်း အစိုးရက ဖမ်းဆီးနှိပ်စက်ခံရမှာ ကြောက်နေရတော့ ထွက်ပေါက်မရှိပါဘူး။ ဖမ်းဆီးနှိပ်စက်တာ မရှိဘူးလို့တော့ မပြောပါနဲ့။ ကျွန်တော်တို့ကော့သောင်းဘက်က ရပ်ကွက်၊ ကျေးရွာတိုင်းက ရပ်ကွက်ရုံးတွေမှာ ခြေကျင်း (ထိပ်တုံး) တွေရှိပါတယ်။ ပြဿနာတစ်ခုခုဖြစ်လို့ အရံမီးသတ်ကဖမ်းခေါ်လာတာနဲ့ ထိပ်တုံးထဲထည့်ပြီး ရဲမရောက်ခင် မီးသတ်က အရင်ကျွေးတာပါ။ မီးသတ်ကအစ ကြောက်နေရတဲ့ ပြည်သူမှာ ထွက်ပေါက်မရှိပါဘူး။ ဒီကြားထဲမှာ စီးပွားရေးကလည်းမကောင်းတော့ တစ်နေ့တစ်နေ့ ကြက်အစာယက်သလို တတောက်တောက်ယက်ပြီး ရှာဖွေ စားသောက်ရပါတယ်။ ဒီတော့ အဆင်မပြေမှုတွေ၊ အကြောက်တရားတွေကနေ ဒေါသတွေအဖြစ် ကူးပြောင်းလာတယ်။ အဲဒီ ဒေါသက အစိုးရကိုအာခံဆန့်ကျင်ရဲတဲ့ ဒေါသမဟုတ်ဘူး။ ပတ်ဝန်းကျင်တစ်ခုလုံး မတရားမှုတွေ လွှမ်းမိုးခံနေရတဲ့အချိန်မှာ ဘာမှ ပြန်မလုပ်နိုင်လို့ ဖြစ်လာတဲ့ “ကျ” ဒေါသပေါ့။
ရလဒ်အဖြစ် လူတွေဟာ တဖြည်းဖြည်းရိုင်းစိုင်းလာတယ်။ ဂါရဝေါစ၊ နိဝါတောစတွေ ပျောက်ကွယ်လာတယ်။ သူတို့ပတ်ဝန်းကျင်မှာလည်း လေးစားရမယ့်သူက နည်းသထက်နည်းလာတယ်လေ။ ဒီတော့ အစဉ်အလာတွေ ယဉ်ကျေးမှုတွေကို အလေးမထားတော့ဘူး။ လူကြီးရှေ့မှာ ခေါင်းငုံ့ပြီး လျှောက်ချင်မှလျှောက်တော့မယ်။ လူကြီးအိပ်နေလည်း သီချင်းအကျယ်ကြီး အော်ဆိုချင် အော်ဆိုပစ်လိုက်မယ်။ အစဉ်အလာတွေ၊ ယဉ်ကျေးမှုတွေက သူတို့ဘဝလုံခြုံမှုအတွက် ဘာမှ အာမခံချက်မပေးနိုင်ဘူး။ အဲဒီလို အစဉ်အလာတွေ၊ ယဉ်ကျေးမှုတွေကို အလေးထားဖို့ တတွတ်တွတ် အာပေါက်အောင်ပြောနေတဲ့သူတွေက သူတို့မိဘတွေရဲ့ လယ်ယာမြေကိုသိမ်းသွားတဲ့ သူတွေဖြစ်နေတယ်လေ။ သူတို့မှာ စံနမူနာယူရမယ့် ပုဂ္ဂိုလ်မရှိတော့ဘူး။ ဘာစံနမူနာကိုမှလည်း မယုံကြည်တော့ဘူး။ နောက်ပိုင်းမျိုးဆက်တွေရောက်လာလေ ယုံကြည်မှုကင်းမဲ့ခြင်းရဲ့ ရိုက်ခတ်မှုကြောင့် ပေါ်လာတဲ့ ရိုင်းစိုင်းမှုတွေက သိသာလာလေပဲ ဖြစ်ပါတယ်။
မိတ်ဆွေတို့၊ ကျွန်တော်တို့ မိသားစုတစ်စုတည်း ယဉ်ကျေးနေလို့မဖြစ်ပါဘူး။ ကျွန်တော်တို့ပတ်ဝန်းကျင်၊ ကျွန်တော်တို့ တိုင်းပြည်တစ်ပြည်လုံး ယဉ်ကျေးနေမှ တခြားသူစိမ်းတရံဆန်တွေက လေးစားမှာပါ။ ဒီလိုယဉ်ကျေးဖို့ဆိုတာက ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ ဆိုတဲ့ ခေါင်းဆောင်တွေရဲ့ စည်းရုံးဆွဲဆောင်မှုနဲ့တော့ ပြုပြင်လို့မရပါဘူး။ ဥပဒေတွေပြင်ရပါမယ်။ အတွေး၊ အကြံ၊ အမူအကျင့်တွေ ပြင်ရပါမယ်။ နိုင်ငံတော်ရဲ့အာဏာခက်မသုံးဖြာထဲက အရေးအကြီးဆုံးဖြစ်တဲ့ အုပ်ချုပ်ရေးအာဏာပိုင်းကို တင်တင်းကျပ်ကျပ်ကိုင်တွယ်ရပါမယ်။ အဲဒီ အုပ်ချုပ်ရေးအာဏာပိုင်းက စစ်ဘက်၊ နယ်ဘက် ဝန်ထမ်းအားလုံးကိုလည်း ပြည်သူကို တန်ဖိုးထားတတ်အောင်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားတတ်အောင်၊ အာဏာအလွဲသုံးစားလုပ်တာဟာ အင်မတန် ရှက်စရာကောင်းတဲ့ လုပ်ရပ်ဆိုတာ ဝန်ထမ်းတွေ ကိုယ်တိုင် နှလုံးသားထဲက လှိုက်လှိုက်လှဲလှဲ ခံယူလာပြီး အမူအကျင့် တွေပြင်လာအောင် ဆောင်ရွက်ရပါလိမ့်မယ်။
သမ္မတကြီး ဦးသိန်းစိန်တစ်ယောက်တည်းနဲ့ တိုင်းပြည်ကိုပြင်လို့မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းနဲ့လည်း ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ မဖြစ်နိုင်ပါဘူး။ တိုင်းပြည်တစ်ပြည်ကို အဲဒီ တိုင်းသူပြည်သားတွေရဲ့ အကျင့်စာရိတ္တနဲ့ တည်ဆောက်ထားတာဖြစ်တယ်ဆိုတဲ့ ဂရိတွေးခေါ်ရှင်ကြီး ပလေတိုရဲ့စကားဟာ ဒီကနေ့ ၂၁ ရာစုကာလအထိ မှန်နေပါသေးတယ်။
ရဲစခန်းကို အမှုအခင်း တစ်ခုခုနဲ့ရောက်လာတဲ့ ပြည်သူတစ်ယောက်ယောက်ကို ချိုချိုသာသာလေး ဆက်ဆံကြည့်ကြရအောင်လား။ ဘဏ်ပိတ်ခါနီး အလောတကြီးရောက်လာတဲ့ အဘိုးအိုကို ကြည်သာ ပြုံးချိုစွာနဲ့ စိတ်ရှည်လက်ရှည် ရှင်းပြလိုက်ကြရအောင်လား။ ငါက စစ်ကားပေမဲ့ စစ်ဆင်ရေး အရေးတကြီးကိစ္စမှမရှိဘဲ ငါလမ်းမှန်နေပေမဲ့ ဘေးကပ်ပေးလိုက်ပါ့မယ် ဆိုတဲ့အတွေးနဲ့ လောကကို အလှဆင်ကြည့်လိုက်ကြရအောင်လား။ ရေခွန်၊ မီးခွန်ဆောင်မလို့လား… လာလာအစ်မ၊ ရပါတယ် အစ်မ (……..) ရက်နေ့အထိရပါတယ်၊ ဟုတ်ကဲ့ရှင့်လို့ ယဉ်ယဉ်ကျေးကျေးလေး ပြောလိုက်ကြရအောင်လား။ အဲဒီလို ပြည်သူ့ဝန်ထမ်းတွေက ချိုသာကြည်ရွှင် အပြုံးဆင်ပြီး တိုင်းပြည်တာဝန်ကို ထမ်းဆောင်နိုင်ပြီဆိုရင် ပြည်သူတွေရဲ့ ရင်ထဲကဒေါသတွေလည်း တစ်စတစ်စ လျော့ပါးပျောက်ကွယ်လာမှာပါ။ ကျွန်တော်တို့မြင်ချင်တဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံ သားများအဖြစ် မြင်ကြရမှာပါ။
ပထမဦးဆုံး စပြီးပြင်ရမှာက အုပ်ချုပ်ရေးအာဏာ ဆုပ်ကိုင်ထားပြီး မြန်မာနိုင်ငံမှာ အစိုးရဝန်ထမ်း (government servant) လို့ခေါ်တဲ့ ပြည်သူ့ဝန်ထမ်း (public servant) များဖြစ်ပါတယ်။
အင်္ဂလန်မှာကျောင်းတက်ခဲ့တဲ့ မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းက မန်နေဂျာပြောသလို “အေးကွာ၊ မြန်မာပြည်မှာ လူတွေမပြောနဲ့ ခွေးတွေတောင် အလကားနေရင်း ရန်လိုနေကြတာလား။” ဆိုတဲ့ စကားရဲ့အဖြေကို အနှစ်နှစ်ဆယ်ကျော်ကာလအတွင်းမှာ ကျွန်တော်တော့ တွေ့ကြုံခံစား အသိနဲ့ ရှာဖွေတွေ့ရှိခဲ့ပါပြီ။ မြန်မာပြည်က ပြည်သူတွေ မေတ္တာငတ်နေတာပါ။ မေတ္တာငတ်တဲ့သူဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု နည်းပါးပါတယ်၊ ရန်လိုတတ်ပါတယ်၊ အားငယ်ကြောက်ရွံ့တတ်ပါတယ်၊ တစ်ပြိုင်တည်းမှာပဲ ဒေါသလည်း ကြီးတတ်ပါတယ်၊ ရန်လိုလာတတ်ပါတယ်။ ရိုင်းစိုင်းလာတတ်ပါတယ်။
တိုင်းပြည်နဲ့လူမျိုးရဲ့ ရေရှည်အကျိုးကိုမျှော်ကိုးပြီး ကျွန်တော်တို့ပြည်သူတွေကို ချိုချိုသာသာလေး ဆက်ဆံကြည့်ကြရအောင်လား။
ရဲကျော်သူရ
Oppositeye myanmar
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment