Tuesday, May 26, 2015

"ရွှေရေးထင်ထင်ရဲ့ သရော်စာ"


"ရွှေရေးထင်ထင်ရဲ့ သရော်စာ"

မကြာသေးခင်က ဖေ့ဘုတ် လူမှုကွန်ရက် စာမျက်နှာထက်မှာ ခန္တာကိုယ်အချိုးအစား ခပ်လန်းလန်း နာမည်ကလည်း ခပ်မိုက်မိုက်နဲ့ စာရေးဆရာ ကဗျာဆရာမတဦး တဟုန်ထိုး လူသိများလာတာ အားလုံးအသိပါပဲ။ သူကတော့ ရွှေရေးထင်ထင် ဆိုသူပါ။ ခပ်လန်းလန်း ဓာတ်ပုံတွေကြောင့် သူ့ရဲ့ ဖေ့ဘုတ်မှာတောင် လာအပ်သူတွေ follow လုပ်သူတွေ နေ့ချင်းညချင်း များပြားလာတယ်လို့ သူ့ကိုယ်ပိုင် ဖေ့ဘုတ်မှာ ရေးသားထားတာကိုတောင် တွေ့ရပါသေးတယ်။

အဲ့ဒီထဲကမှ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က သူ့ဖေ့ဘုတ် စာမျက်နှာထက်မှာ သရော်စာလေးတစောင် ရေးသားထားတာကိုတွေ့ရပါတယ်။ အဲ့ဒီသရော်စာလေးကတော့ လတ်တလော ဖေ့ဘုတ်လူမှုကွန်ရက်မှာရော အပြင်လောကမှာပါ ဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ ကိစ္စရပ်လေးတွေကို သရော်စာလိုရေး သားထားတာပါ။

“ပြောချင်တာကတော့ ကျမက လတ်တလော up to date ဖြစ်နေတဲ့ current ဖြစ်နေတဲ့ ကိစ္စလေးတွေကို ဟာသအနေနဲ့ ရေးထားတဲ့သဘောပါပဲ။ တခြား ဘာကိစ္စ အကြောင်းတရားမှ မပါဝင်ပါဘူး။ ဖေ့ဘုတ်ပရိတ်သတ်တွေကို ပြောချင်တဲ့၊ ပျော်စေချင်တဲ့ ဆန္ဒနဲ့ရေးထားတာပါ။” လို့လည်း စာရေးဆရာမ ရွှေရေးထင်ထင်က ပြောပါတယ်။

သူ့ရဲ့ သရော်စာလေးကို စာဖတ်ပရိတ်သတ်တွေ ဖတ်ရှုနိုင်အောင် ပြန်လည်မျှဝေလိုက်ပါတယ်နော်။

************* ************ *************

"ရွှေရေးထင်ထင်၏ မဟာ့…မဟာ ဂန္တ၀င် အိပ်မက်ရှည်ကြီး "

" အပိုင်း ၂ "

အကျွန်ုပ် ရွှေရေးထင်ထင် သည် လွန်ခဲ့သောနှစ်က သူငယ်ချင်းများစွာပါဝင်သည့် အိပ်မက်ရှည်ကြီး အား မြင်မက်ခဲ့ပြီးနောက် ……………… ထိုကဲ့သို့ မမြင်မက်တော့သည်မှာ ကာလ အတန်ကြာပင် ရှိခဲ့လေပြီ။

တစ်နေ့သော်…………. အကျွန်ုပ်သည် FB ထဲတွင် "ကျွန်မက နှင်းဆီပါ မောင်" ဟူသော စကားအားပြက်ရယ်ပြုခြင်း၊ ၅ % အခွန်ကိစ္စ အားဝိုင်းဝန်းရှုံ့ချခြင်း၊ လတ်တလော ရေပန်းစားကာ ၀န်းရံခံနေရသော FB ဆယ်လီများ သတင်း…….. အစရှိသော Post များအား ဖတ်နေချိန်တွင် သူငယ်ချင်း ၁ ဦးက Screen Shot ရိုက်ထားသော ပုံတစ်ပုံအား ပေးပို့လာလေတော့သည်။

ထိတ်လန့်ဖို့ ကောင်းလှလေစွ။ အကျွန်ုပ်အား ၀န်းရံဖို့  စီစဉ်နေကြသည် ဆိုပါတကား။ အလွန်တုံးအလှသော အကျွန်ုပ်သည် ဤရက်ပိုင်း Friend Request များလာခြင်း၊ Follower များလာခြင်း၊ Chat Box ထဲတွင် ပေးပို့သော စာတွေ မတရားများလာခြင်းကြောင့် ဖွင့်ဖတ်မရအောင်ဖြစ်လာခြင်း……… တို့သည် ၀န်းရံခံရခြင်းဖြစ်ကြောင်း ယခုမှပင်ရိပ်စားမိတော့၏။

ထိုကြောင့်……… ထိုနေ့ည၌ ထိတ်လန့်ခြင်းကြီးစွာဖြင့် အိပ်ယာဝင်ရလေရာ အလွန်ထူးဆန်းသော အိပ်မက်အား မြင်မက်လေမိတော့၏။ ထိုအိပ်မက်သည်ကား……………………………………

********** ******************* *************

အကျွန်ုပ်သည် ၀တ္တုရှည်ကြီး တစ်ပုဒ်အား ရေးသားရန် အလို့ငှာ ဇာတ်ကွက် စဉ်းစားနေစဉ် ၀ုန်းခနဲ အိမ်တံခါးပွင့်လာ၏။ ၀င်လာကြသည်က အနောက်တိုင်း အနက်ရောင် Suit များ ကျနစွာ ၀တ်ဆင်ထားပြီး နေကာမျက်မှန် အနက်များ တပ်ဆင်ထားသော လူ ၃ ယောက် ……… ။ ထိုသူတို့၏ ခက်ထန်မာကြော တိကျပြတ်သားလှသော အသွင်သဏ္ဍာန်သည် အနောက်တိုင်း ရုပ်ရှင်ကားများထဲမှ FBI , CIA တို့နှင့် အလားတူလှပေစွ။ ထိုသူတို့က အကျွန်ုပ်အား ချိုင်းမှ တဖက်တချက်မကာ အိမ်ထဲမှ ဆွဲထုတ်လေတော့သည်။

အကျွန်ုပ်လည်း ကြောက်လန့်တကြီးဖြင့် အကျိုးအကြောင်းမေးရာ "တိတ်စမ်း !!! ရုံးရောက်ရင် အားလုံးသိရမယ်" ဟု မာန်မဲလေတော့သည်။ ထိုလူများသည် ကျွန်ုပ်အား BMW ကားတစ်စီးထဲသို့  အတင်းအကြပ် တင်လိုက်ကြပေ၏။

Oh….My God
ကားထဲရောက်မှ ပို၍ အံ့သြရပေတကား။ ကားထဲတွင် လတ်တလောရေပန်းစား နာမည်ကြီးနေသော FB ဆယ်လီကြီး Thakhin Pilotcaptdaonenine ရှိနေလေသည်။ ထို Pilot ဆယ်လီကြီးက

"ညီမလေး ဘာမှ မလန့်နဲ့ …… ဆွေးနွေးစရာရှိလို့  အကိုတို့ကို သူတို့ဆရာက အခေါ်လွှတ်လိုက်တာ"…… ဟု အားပေးစကား ပြောရှာသည်။ ထိုသို့ ရှင်းပြနေဆဲ တခဏအတွင်း မောင်းနေသော ကားက တုံ့ခနဲ့ ရပ်သွားကာ ကျွန်ုပ်တို့ကို ဆင်းခိုင်းလေတော့သည်။

********** ****************** ************

ဒုတိယအကြိမ်…… Oh My God

ကျွန်ုပ်တို့ ရောက်နေသည်မှာ လွန်စွာလှပတင့်တယ်၍ တိမ်မြူတိမ်စိုင်တွေကြား၌ တည်ရှိသော နတ်ပြည် ဖြစ်နေလေတော့သတည်း။ ရွှေရောင်တ၀င်းဝင်းနှင့် လွန်စွာလှပသော တန်ဆောင်ကြီး တစ်ခု ရှေ့၌လည်း လူသူအများစုရုံးနေကြ၏။

ကျွန်ုပ်က သိ၍ ကျွန်ုပ်ကိုလည်းသိသော...
ကျွန်ုပ်က သိ၍ ကျွန်ုပ်ကို မသိကြသော...
ကျွန်ုပ်က မသိသော်လည်း ကျွန်ုပ်ကို သိကြသော...

FB မှ လူများစွာ ပါရှိကြကုန်၏။ အံ့သြတကြီးနှင့် ငေးမောနေစဉ်… လက်မောင်း၌တာဝန်ဆိုသော စာလုံးကို အနီပတ် ပတ်ထားသော နတ်သားတစ်အုပ် ထွက်လာကာ ကျွန်ုပ်နှင့် Pilot ဆယ်လီကြီးအား ဆွဲခေါ်လေတော့သည်။
(လှည်းတန်းမှာ မဟုတ်ပဲ နတ်ပြည် ဖြစ်လို့သာ တော်သေးပေစွ)

"လာ….လာ… မင်းတို့  ၂ ယောက်ပဲ နောက်ဆုံးကျန်လို့ စောင့်နေတာ.."

တန်ဆောင်းထဲ ၀င်လာကြရာ ဆိုင်းဘုတ်များ ထောင်၍ နေရာများ ကန့်သတ်ထားခြင်းအား တွေ့ရ၏။
သိကြားမင်း ဦးဆောင်သော တရားသူကြီးအဖွဲ့
FB တွင် ၀န်းရံခံရသော ဆယ်လီများအဖွဲ့
ဆယ်လီများအား ၀န်းရံကြသူများ အဖွဲ့
ပြည်သူများအဖွဲ့ …………………..
ဟူ၍ အမျိုးမျိုးရှိကြကာ ဘယ်အုပ်စုထဲ ၀င်ရပ်ရမည်နည်းဟု စဉ်းစားနေဆဲတွင် တာဝန် အနီပတ်နှင့် နတ်သားတို့က FB တွင် ၀န်းရံခံရသော ဆယ်လီများ အဖွဲ့ထဲသို့ တွန်းထိုး ထည့်သွင်း လိုက်လေတော့၏။

ထိုအဖွဲ့ထဲတွင် ….. နာမည်ကြီး ဒါရိုက်တာများ၊ မင်းသားများ၊ မင်းသမီးများ၊ အဆိုတော်များ၊ မော်ဒယ်များ၊ စာရေးဆရာများ၊ Sexy ဓါတ်ပုံများဖြင့် နာမည်ကြီးသူများ၊ အလှပဂေး Lady Boy များ၊ ဆရာဝန်များ၊ Pilot များစွာရှိနေကြလေသည်။ ထိုသူများကြားဝယ်…… စာရေးဆရာယောင်ယောင် ဘာယောင်ယောင် အကျွန်ုပ်မှာ အသာလေး ခပ်ကုပ်ကုပ်နှင့် ရပ်နေရလေတော့၏။

ထိုစဉ် နတ်သားကြီးတစ်ဦးထွက်လာ၏။

"ကျုပ်က သိကြားမင်း အိမ်တော်ရဲ့ ပြောရေးဆိုခွင့် ရှိသူပါ ….. အားလုံး စုံညီ စည်းဝေးရတာကတော့ ဖုန်းဆက်သွယ်ရေးများ အပေါ် ၅ % အခွန်ကောက်ဖို့ ကိစ္စနှင့်ပတ်သက်လို့ပါ…ဆက်သွယ်ရေး ကုမ္ပဏီတွေက ဒီအခွန်ကို ပြည်သူတွေက ပေးဆောင်ရမယ်လို့ ဆုံးဖြတ်လိုက်တယ်…. ဒီအခါ ပြည်သူတွေက မကျေမနပ်ဖြစ်ပြီး သိကြားမင်းဆီ တိုင်တန်းလာပါတယ်… ဖုန်းငွေဖြည့်ရခြင်းရဲ့ ၇၀%သော အကြောင်းရင်းက FB သုံးကြလို့ပါတဲ့… ဒီတော့ FB သုံးသူများပဲ အခွန်ဆောင်သင့်ပါတယ်… ပုံမှန် ဖုန်းသုံးစွဲခြင်းအတွက် အခွန်မဆောင်သင့်ဘူးလို့  ငြင်းကြတယ်"

ဤ စကားကြားတော့ FB ပရိတ်သတ်က ပွက်လောညံကုန်သည်။ စာနယ်ဇင်းသမားတွေကလည်း ပြောရေးဆိုခွင့်ရှိသူ နတ်သားကြီးနှင့် ပွဲတက်ပရိတ်သတ်အပေါင်းကို ဓါတ်ပုံတွေ တဖျပ်ဖျပ် ရိုက်သူရိုက်၊ နတ်သားကြီးထံ recorder လေး ထိုးပေးသူပေးနှင့် အလုပ်ရှုပ်နေ၏။
သတင်းထောက်များအား ကြည့်လိုက်ရာ …..

တတိယအကြိမ်…… Oh My God

ကျွန်ုပ် Fri List ထဲရှိသူများတွေပါလား။ ကင်မရာ မီးရောင်တွေကြားမှ နတ်သားကြီးက ဟန်ပါပါနှင့် ဆက်ပြော၏။

"FB သုံးသူတွေကို ဆန်းစစ်လိုက်တော့ ၃၀% က သတင်း၊ အတင်း၊ ပညာ၊ လူမှုဆက်ဆံရေး အနေနဲ့  သုံးတာ ဖြစ်ပြီး ၇၀%ကတော့ ၀န်းရံခံရသူ ဆယ်လီနဲ့  ၀န်းရံသူပရိတ်သတ် အုပ်စု ဖြစ်နေပါတယ် …ဒီတော့ အခွန်ကို ၀န်းရံသူပရိတ်သတ်ကပဲ တာဝန်ယူဆောင်ပေးဖို့ရာ သင့်တော်ပါတယ်လို့ ဆက်သွယ်ရေးကုမ္ပဏီနဲ့ ပြည်သူတွေက ဆုံးဖြတ်ထားပါတယ်"

ထိုအခါတွင် ၀န်းရံသူ ပရိတ်သတ်က ဒေါသတကြီး …… တစ်ယောက်တစ်ခွန်း ထအော်လေတော့သည်။

"ကျုပ်တို့က ၀န်းရံပေးရတယ်ဆိုတာ လွယ်တာမှတ်လို့  … လိုင်းမကောင်းတဲ့ကြားက ဆယ်လီတွေနဲ့ ဆယ်လီဖြစ်လာလတ္တံ့ သူတွေရဲ့ ပုံတွေ ရှာဖွေ Post တင်… သူတို့တွေရဲ့ Acc ကို စုံစမ်းလာသူတွေကို လမ်းညွှန်ပေးရသေး… Page တွေမှာ ပုံတွေ ရောက်သွားအောင်လည်း ဖြန့်ပေးရသေး…… အိုး…… လုပ်ပေးရတာတွေ နည်းသလား …… အဲဒါတွေ အားလုံးက အလကားလုပ်ရတာမှ မဟုတ်တာ… MB နဲ့ အမျှ Bill က ကုန်သေး"

"ဟုတ်ပါ့ဗျာ…… ကျုပ်တို့ ၀န်းရံမှ သူတို့က ဆယ်လီ ဖြစ်လာမှာ… ကျုပ်တို့ချီးကျုးပြီး comment ပေးမှ သူတို့ဆယ်လီဖြစ်တာ… အမှန်ဆို ကျုပ်တို့က ဆယ်လီတွေကို ဖော်ထုတ်ပေးနေတဲ့သူ… ဒီတော့ အခွန်တော့ ကျုပ်တို့ မဆောင်နိုင်ဘူး"

"အေးဗျ….. ဖြစ်သင့်တာက အခုလို FB မှာ ကျုပ်တို့ အချိန်ဖြုန်းပြီး ကြည့်စရာ ပုံတွေတင်တဲ့သူတွေကိုပဲ အခွန်ကောက်သင့်တာ … အဓိကက ဆယ်လီတွေပဲ"

ဟိုက်… ရှားပါး…. လိုရင်းက ဒီလိုကိုး။ အခွန်အတွက် အစိုးရက ဆက်သွယ်ရေး ကုမ္ပဏီကို လက်ညှိုးထိုး… ကုမ္ပဏီတွေက ပြည်သူတွေကို လက်ညှိုးထိုး…… ပြည်သူတွေက FB သမားတွေကို လက်ညှိုးထိုး…… ထိုထဲကမှ ဆယ်လီတွေကိုပဲ ကွက်ကွက်လေး ရွေးချယ် …… အခွန်ဆောင်ဖို့ ဖိအားပေး……

ဘုရား…ဘုရား… ရှိစုမဲ့စု ပုံလေးတွေထဲက လူ့ သဘာဝ ပီပီ လှတာလေးရွေးပြီး FB တင်မိတာ အခွန်တာဝန်သည် အကျွန်ုပ်တို့ လူနည်းစုဖက် လှည့်လာပါရော့လား။ ၁ ဦးကို ၅% နှုန်း….. လူသန်း ၆၀ ခန့်ဆိုလျှင် မည်မျှနည်း။ ထိုပမာဏအတွက် လက်တစ်ဆုပ်စာ ဆယ်လီလူနည်းစုကသာ တာဝန်ယူ ပေးဆောင်ရလျှင် ခက်ရချေရဲ့။ ဆယ်လီတွေထဲက တစ်ဦးက မကျေမနပ်နှင့် ထပြောတော့၏။

"ဒါ မတရားဘူး….သိကြားမင်းနဲ့ ပြောမယ်"

ထိုအခါ နတ်သားကြီးက

"သိကြားမင်း အခု ၄ ဦးဆိုင် အစည်းအဝေး ထိုင်နေတယ်… မအားသေးဘူး….တော်ကြာ လာမယ်"
( လေသံက မာလိုက်သည့် ဖြစ်ခြင်း )

"၄ ဦးဆိုင်ဆိုတော့ ဘယ်သူတွေနဲ့လဲ"
"သိကြားမင်း၊ MPT၊ Telenor၊ Oredoo"
"၄ ဦးဆိုင်ဆိုတာ တသီးပုဂ္ဂလ ဆန်လွန်းတယ်…… ငါတို့က ၁၂ ဦးဆိုင် ဆွေးနွေးပွဲပဲ လက်ခံနိုင်မယ်”
ထိုအခါ…… ပြောရေးဆိုခွင့် နတ်သားကြီးက မှင်သေသေဖြင့်
"ရတယ်လေ…… ဟေ့… အားတဲ့ ကောင်လေး ၈ ယောက်လောက် အထဲဝင်ထိုင် ပေးနေလိုက်ကြစမ်း"

ထိုအခါ တာဝန် အနီပတ် နတ်သား ၈ ယောက်က ဆွေးနွေးခန်းထဲသို့ အလျှင်အမြန်ပြေးဝင်သွား၏။ ဆယ်လီတွေထဲမှ ထအော်သည်။

"ကျုပ်ပြောတာ … ပြည်သူ၊ ဆယ်လီ၊ ပရိတ်သတ်၊ စာနယ်ဇင်းတွေထဲက ထပ်ထည့်ပေးဖို့ ပြောတာဗျ… ခင်ဗျားတို့ ကိုယ့်လူတွေကြီးနဲ့ပဲ ပင်းပြီး ကြိတ်ဆွေးနွေးလို့ရမလား"

ပြောရေးဆိုခွင့်ရှိသူ နတ်သားကြီးက ဖြုံတောင် မဖြုံ…. မျက်နှာတောင် မော့လိုက်သေး။ စာနယ်ဇင်းသမားများဖက် ဟန်ပါပါ လှည့်ကာ
"အခုဆိုရင် သိကြားမင်းကြီးက ၁၂ ဦးဆိုင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပွဲကြီး လုပ်နေပါပြီ…… ၄ ဦးဆိုင် မဟုတ်တော့ဘူးနော်… သတင်းမှာ ပြင်ရေးပေးပါ ….သူငယ်တို့ .."
ကဲ….အကျွန်ုပ် ဘာများတတ်နိုင်အံ့…. သိကြားမင်း ထွက်အလာ စောင့်ရုံသာ ရှိတော့သည်။

သိကြားမင်း ထွက်လာလေပြီ။ ဆက်သွယ်ရေးကုမ္ပဏီမှ လူများ ခပ်ကုပ်ကုပ်နှင့် အလျှင်စလို ပြန်သွားကြသည်။ သိကြားမင်းက သက်ပြင်းရှည်ကြီးချရင်း
"ဆွေးနွေးပွဲရဲ့ ရလဒ်ကတော့ တစ်နိုင်ငံလုံးဆောင်ရမဲ့ အခွန်ပမာဏကို FB ဆယ်လီများက ၇၀% အထိ တာဝန်ယူ ဆောင်ပေးစေ"
ဆယ်လီတွေ ဒေါပွကုန်ကြလေပြီ။ စောဒကတက်၏။ သို့သော်…. သိကြားမင်းက သဘောထား မပြောင်း။

"မင်းတို့ပုံတွေတင်လို့ အများက ငွေကုန်ခံ ၀န်းရံပေးရတာ… မင်းတို့တာဝန် ရှိသပေါ့ကွယ်"
ထိုအချိန်နတ်သမီးထဲမှ တစ်ဦး ထလာ၏။

"ကျွန်မက သုဇိတာပါ…မောင်"

FB ပရိတ်သတ် ၀ါးခနဲ ပွဲကျသွား၏။

"မောင့်ကို အမြဲ အကြံကောင်းတွေပေးလာတာပါ … ဒီနေ့ ဆွေးနွေးပွဲ ဒီလောက်နဲ့ ရပ်သင့်ပါပြီ …မောင်"

သုဇိတာက FB ဆယ်လီမမတွေကို ခပ်တင်းတင်း ဝေ့၀ဲကြည့်သည်။ သိကြားမင်းက FB ဆယ်လီ အမျိုးကောင်းသားများကို ခပ်စိမ်းစိမ်း တချက်ကြည့်လိုက်သည်။ ပြီးတော့မှ သိကြားမင်းက

"ဒီနေ့ ဆွေးနွေးပွဲ အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေငြာပါတယ်"

အိပ်ငိုက်နေသော နတ်သားအချို့ ဘုမသိ ဘမသိ လက်ခုပ်တီး အားပေးလိုက်ကြလေသည်။

အလိုလေ…. ဒီလို အဖြေနှင့် အဆုံးသတ်တော့ ခက်ရချေပေါ့။ သို့နှင့် အကျွန်ုပ်က ထပြောမည် ပြင်ရာ ဆယ်လီ Pilot ကြီးက အသာဟန့်လိုက်၏။

"မပြောနဲ့တော့ ညီမလေးရေ… သိကြားမင်းက အကိုတို့ကို မနာလို ဖြစ်နေတာ….သူက တဖက်မှာ ရှိလှ နတ်သမီး ၄၀၀/၅၀၀… စုစုပေါင်းမှ ၁၀၀၀ လောက်ပေါ့… အကိုဆို ဘေးမှာ ၀န်းရံနေတဲ့ အချောအလှ နတ်သမီးလေးတွေ ဘယ်လောက်ရှိမလဲ စဉ်းစားသာကြည့်… သုဇိတာကလည်း ညီမလေးတို့ကို မနာလို ဖြစ်နေတာ… သူကမှ သိကြားမင်း ၁ ယောက်တည်းရယ်… ညီမလေး မင်းဆိုရင် စုစုပေါင်း ဘယ်နှစ်ယောက်တောင်ရှိမလဲ…"
ဒီတော့မှ အကျွန်ုပ် တွက်မိ၏။

အင်း… နတ်သား… အဲ… လူသား… ပရိတ်သတ်တွေက တဖက်တချက်စီမှာ ထောင်ကျော်စီရံလို့ ……။ အို…. သူတို့ အားလုံးအား အကျွန်ုပ် နိုင်နင်းပါမည်လော?? ဆိုလိုသည်က ၀န်းရံသူအားလုံး စိတ်ချမ်းသာအောင် ပြန်စာရေးဖို့ အကျွန်ုပ် နိုင်နင်းပါမည်လော?? ဒီကြားထဲ ၀န်းရံသူများ ကောင်းမှုကြောင့် ဆယ်လီတန်းထဲ မျက်စိလည် လမ်းမှားလာသော စာရေးဆရာ ယောင်ယောင် ဘာယောင်ယောင် ကျွန်ုပ်သည် မတရား အခွန်ဆောင်ရချေဦးမည်။

အပြန်ခရီးတွက် အကျွန်ုပ်လည်း စိတ်ပျက်စွာဖြင့် နတ်ဗိမ္မာန်ထိပ်မှ ဖြတ်သွားဖြတ်လာ လေယာဉ်တစ်စီးအား တားရန် စောင့်ရင်း
"FB သုံးမိ အပြစ်ရှိပါတယ်… သိကြားမင်း ရယ်" ဟုသာ ရေရွတ်နေမိရတော့၏။

သို့ကလို ရေရွတ်ရင်းနှင့်ပင်…. အကျွန်ုပ် ရွှေရေးထင်ထင်သည် မဟာအိပ်မက်ကြီးမှ လန့်နိုး လာခဲ့ရလေတော့သည်တကား ။ ။

thae thae

ဧရာဝတီ

No comments:

Post a Comment