Tuesday, May 12, 2015

"ပျော်ရွှင်မှုကို အကြီးအကျယ် နှောက်ယှက်နေသော အဆိပ်သင့် အတွေးများ"


"ပျော်ရွှင်မှုကို အကြီးအကျယ် နှောက်ယှက်နေသော အဆိပ်သင့် အတွေးများ"

၁။ အမှန်ကိုလက်မခံနိုင်ခြင်း။
ဘယ်လိုကိစ္စမျိုးဖြစ်စေ ကိုင်တွယ်ဖြေရှင်းတဲ့အခါ ပြဿနာရဲ့ အရင်းအမြစ်ကို ရှာဖွေပြီး အမှန်ကို လက်ခံနိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ ပြဿနာကို အမှန်ကန်ဆုံး ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

၂။ နည်းနည်းပေးပြီး များများလိုချင် နေခြင်း။
ကိုယ်က တစ်ခါပေးပြီးသွားရင် တဖက်လူပေးနိုင်တာထက် ပိုမျှော်လင့်တာမျိုးတွေကို ဒီဘက်ခေတ်မှာ ပိုအတွေ့ များလာပါပြီ။ ပေးကမ်းစွန့်ကျဲခြင်းဟာ သိပ်ကိုမွန်မြတ်လှတဲ့ မင်္ဂလာတစ်ပါးပါ။ ကိုယ်မဟုတ်တဲ့ အခြားတစ်ယောက်ဆီက တစ်စုံတစ်ခု မျှော်လင့်ရတာကတော့ သိပ်ကို ပူလောင်လွန်းလှပါတယ်။ ဒါကြောင့် ပေးနိုင်သလောက်ကို မျှော်လင့်ခြင်းကင်းကင်း ပေးကမ်းလိုက်ပါ။

၃။ ကိုယ့်ကိုယ်ကို ကံမကောင်းဘူးလို့ တွေးထင်နေခြင်း။
လောကဓံဆိုတာ အကောင်းရော အဆိုးရော ရောပြွန်းနေပါတယ်။ အရမ်းခက်ခဲ ကြမ်းတမ်းနေတဲ့အချိန်မှာ ကိုယ်တစ်ယောက်ထဲ ကံဆိုးမိုးမှောင်ကျနေတယ်လို့ ထင်ကောင်းထင်မိ ပါလိမ့်မယ်။ တကယ်တမ်း ကိုယ့်ထက်ဆိုးရွားတဲ့ သူတွေအများကြီး ရှိနေပါတယ်။ ဒီတော့ လောကဓံရဲ့ နှိပ်စက်ဖိစီးမှုတွေနဲ့ ကြုံတွေ့တဲ့အခါ အားမလျှော့ဘဲ ကိုယ်စွမ်းညဏ်စွမ်းရှိသလောက် ကြိုးစားကျော်လွှားလိုက်ပါ။

၎။ အခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေကို အရမ်းဂရုစိုက်ခြင်း။
လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးရတာပါ။ ဒီတော့ ကိုယ့်လုပ်ရပ်တွေသာ မှန်ကန်နေမယ်ဆို အခြားသူတွေရဲ့ ဝေဖန်ပြောဆိုမှုတွေကို လျစ်လျူရှုသင့် ရှုထားရမှာပါ။ ကိုယ့်ကိုယ်ကို လိပ်ပြာလုံဖို့သာ အဓိကကျပါတယ်။

 ၅။ အချိန်ကောင်းကို စောင့်နေခြင်း။
လက်ရှိအချိန်ထက်ကောင်းတဲ့ အချိန်ဆိုတာမရှိပါဘူး။ ဒါကြောင့် လုပ်စရာရှိတာတွေကို ခုပဲ စတင်လုပ်ဆောင်လိုက်ပါ။

၆။ ကိုယ့်မှာ မရှိတဲ့ အရာတွေကို မျှော်လင့်ရင်း ဘဝကို မကျေမနပ်ဖြစ်နေခြင်း။
ရည်မှန်းချက်ကြီးကြီးမားမား မထားရဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ရုပ်ပိုင်းသာယာမှုတွေနောက် လိုက်လွန်းအားကြီးရင် လိုချင်တပ်မက်တာတွေများပြီး ကိုယ်မစွမ်းဆောင်နိုင်တဲ့အခါ စိတ်ပင်ပန်းရပါတယ်။ ဒါကြောင့် ကိုယ့်ပိုင်ဆိုင်ထားတဲ့ အရာတွေကို အသိအမှတ်ပြု တန်ဖိုးထားပါ။ ကိုယ့်ပတ်ဝန်းကျင်ကို တတ်နိုင်သလောက် အကျိုးပြုပါ။ ဒါဆို သင်ဟာ တစ်နေ့ထက်တစ်နေ့ ပိုတန်ဖိုးရှိတဲ့ လူသားတစ်ယောက် ဖြစ်လာပါလိမ့်မယ်။

၇။ ကိုယ့်အမှားကိုယ် ဝန်မခံလိုခြင်း။
ကိုယ်လုပ်ထားတဲ့ အရာတစ်ခုက အမှားအယွင်းဖြစ်သွားခဲ့ရင် ချက်ချင်းဝန်ခံပြီး တာဝန်ယူဖြေရှင်းဖို့ သိပ်ကိုအရေးကြီးပါတယ်။ ပတ်ဝန်းကျင်က အပြစ်တင်ဝေဖန်တာတွေကိုလည်း အပြေလည်ဆုံးဖြစ်မယ့် နည်းလမ်းနဲ့ ရင်ဆိုင်လိုက်ပါ။ ကြာလာရင် မကောင်းမြင်နေကျ လူတွေတောင် သင့်ရဲ့ ရိုးသားမှု၊ တာဝန်ကျေမှုတွေကို အသိအမှတ်ပြုလာမှာပါ။

၈။ ကိုယ့်ဘဝကိုယ် မကျေနပ်နိုင် ဖြစ်နေခြင်း။
ဘဝက နေတတ်ရင်ကျေနပ်စရာပါပဲ။ လတ်တလောဖြစ်ပျက်နေတဲ့ မကောင်းတဲ့အရာတွေကို ထိုင်စိတ်ပျက်နေမယ့်အစား ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေကို အသိအမှတ်ပြု ကျေနပ်လိုက်ပါ။ အနည်းဆုံးတော့ လောကဓံကို ရင်ဆိုင်နေချိန်မှာ အပြန်အလှန်ကူညီဖေးမဖို့ မိသားစုတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ ရှိနေသေးတယ်လေ။

၉။ ရှုံးနိမ့်သွားရင်ဆိုတဲ့ အတွေး ကြီးစိုးနေခြင်း။
ကြီးကြီးမားမားအောင်မြင်မှု ရထားသူတွေဟာ ကြီးမားတဲ့ ကျရှုံးမှုတွေကို ရင်ဆိုင်ခဲ့ကြဖူးသူတွေပါ။ ကျရှုံးတာဟာ နောက်ထပ် ခြေလှမ်းအသစ်တွေအတွက် တွန်းအားတစ်ခုပါပဲ။ ဒါကြောင့် ကျရှုံးမှုတွေနဲ့ ကြုံရတဲ့အခါ လက်မလျှော့ဘဲ နည်းလမ်းအသစ်တွေနဲ့ ကြိုးစားရုန်းထလိုက်ပါ။

ဂန္တဝင် မဂ္ဂဇင်း

No comments:

Post a Comment