Thursday, May 21, 2015

" အခွန်သူခိုး "


" အခွန်သူခိုး "

ဟော…ဇွန်လ ၁ ရက်က စပြီး တယ်လီဖုန်းကြေးတွေ၊ ငွေဖြည့်ကတ်တွေမှာ ၅ ရာခိုင်နှုန်း အခွန်ကောက်မယ်
ဆိုလို့ ရွှေနိုင်ငံတော်ကြီးမှာ ပူညံပူညံ အသံဗလံတွေ ပလူပျံနေပါကလား။

အဲဒီလိုဆိုတော့ ကျွန်တော် ဂျပန်ရောက်စတုန်းက တီဗီမှာ ကြည့်ခဲ့ရတဲ့ ဟာသဇာတ်လမ်းတိုလေး တစ်ခုကို ပြန်အမှတ်ရလာတယ်။ ပုံပြောမယ်နော် "နားထောင်ချင် တဲ့လူတွေ လက်ညှိုးထောင်"။

အဲဒီဇာတ်လမ်းက ရယ်စရာ ရိုက်ထားပေမယ့် သရော်တာလေးတွေ၊ ထေ့ငေါ့ထားတာလေးတွေက မိုက်တယ်။

ဖြစ်ပုံက အဘွားကြီးတစ်ယောက် အိမ်သာထဲမှာ တံခါးဂျက်ကျပြီး ပိတ်မိနေလို့ ပြန်မထွက်နိုင်ဘဲ အရပ်ကို အကူအညီအော်ခေါ်တာနဲ့ စတယ်။ သူနေတာက ဂျပန်လိုခေါ်တော့ အပတ်တိုဆိုတဲ့ အပတ်မင့် အိမ်ခန်း၊ သူပိတ်မိနေတဲ့ အိမ်သာက အပြင် လူသွားစင်္ကြံနဲ့ ကပ်လျက်ဆိုတော့ အိမ်သာပြတင်းသေးသေးကနေ မျက်နှာလေးဖော်ပြီး အပြင်ကလူနဲ့ စကားပြောလို့ရတယ်။

ဘေးအိမ်ခန်းကလူတွေ အိမ်သာတံခါးကို ဖွင့်ပေးဖို့ အဘွားကြီးရဲ့ အိမ်ခန်းထဲကို ဝင်မယ်လုပ်တော့ အိမ်ခန်းတံခါးကလည်း အတွင်းက သော့ခတ်ထားလို့ ဝင်မရပြန်ဘူး။ အဲဒီအချိန်မှာ စက်ဘီးနဲ့ ကင်းလှည့်လာတဲ့ ရဲတစ်ယောက်ကို အကူအညီတောင်းကြတယ်။ ဂျပန်မှာ အိုမာဝါရိစံ (ကင်း လှည့်ရဲဘော်) ဟာ တာဝန်ကျ ရပ်ကွက်ထဲမှာ တစ်နာရီ တစ်ခါလောက် စက်ဘီးနဲ့ ရဲကင်းလှည့်တာ ထုံးစံပါ။ ရာဇဝတ်မှုနည်းပါးတာလည်း မပြောနဲ့။

အဲဒီမှာ ရဲနဲ့အိမ်သာထဲက အဘွားကြီး အပြန်အလှန် အချေအတင် ပြောကြတာကို ဇာတ်လမ်း ဆင်ထားတာ။ (လိုရင်းကိုပဲ အတိုချုပ်ရေးပါမယ်။)

”အိုဘာစံ (အဒေါ်ကြီး) ခင်ဗျားဖာသာ အိမ်သာထဲမှာ ဂျက်ကျနေတဲ့ကိစ္စက ရာဇဝတ်မှုခင်း မဟုတ်ဘူး၊ ရဲနဲ့မဆိုင်ဘူး။ ကိုယ့်ဖာသာသော့ ပြင်ဆရာခေါ်မှပေါ့”

”ဟဲ့…ငါမှ အပြင်မထွက်နိုင်ဘဲ ဘယ်လိုလုပ် သွားခေါ်ရမလဲ သေနာရဲ့၊ ပြီးတော့ ငါအပြင်ထွက်နိုင်မှတော့ သော့ပြင်ဆရာလည်း မလိုဘူး။ နင်လည်း မလိုဘူး”

”ဟင်…ဒါလည်း ဟုတ်သားပဲ၊ ကျွန်တော်တို့ ရဲတွေကို သော့ဖွင့်တဲ့နည်း သင်ပေးမထားဘူး။ အတွင်းက သော့ခတ်ထားတဲ့ အဒေါ့်အိမ်ခန်းတံခါးကို ကျွန်တော်လည်း မဖွင့်တတ်ဘူး။

”နင်မဖွင့်တတ်ရင် ဖွင့်တတ်တဲ့သူကို တွေ့အောင်ရှာပြီး ခေါ်လာပေါ့ဟဲ့။ နင်တို့ရဲတွေ ဒီလောက် ညံ့ရသလား”

”အဲဒါက ရဲအလုပ်မဟုတ် ဘူးလေ။ ကိုယ့်ဖာသာ ဖြစ်တဲ့ကိစ္စ ကိုယ့်ဖာသာ ရှင်းမှပေါ့”

ပြောပြောဆိုဆို ရဲကထွက် သွားမယ်လုပ်တော့ အဘွားကြီးက လှမ်းတားပြန်တယ်။

”ဟဲ့ နေဦး နေဦး၊ ကြောင်ကလေးတစ်ကောင် ဓာတ်တိုင်ပေါ်က မဆင်းတတ်ဘဲအော်နေတာ တွေ့ရင် နင်တို့ရဲတွေ ဘာလုပ်သလဲ”

”ဓာတ်တိုင်ပေါ် တက်ပြီး အောက်ကိုချပေးရတာပေါ့”

”နင်က ဓာတ်တိုင်ပေါ်ကျတော့ တက်တတ်သလား”

”မဟုတ်ဖူးလေ၊ မီးသတ်ကားကို ခေါ်ပေးရတာပေါ့။ မီးသတ်ရဲဘော်က လှေကားနဲ့တက်ပြီး
ကြောင်ကို ပွေ့ခေါ်ရတာ”

”သြော်… ကြောင်ကိုကျတော့ ဒီလိုကူညီပေးတယ်။ ငါက လူဟဲ့လူ၊ လူကျတော့ ဒီလိုပစ်ထားလို့ ရမလား”

”ကြောင်က သူ့ဖာသာ မလုပ်တတ်လို့ ကူညီရတာ၊ လူက ကိုယ့်ဖာသာ ရှင်းတတ်တယ်။ ကဲ.. သွားမယ်ဗျာ၊ ကျွန်တော့်မှာ အလုပ်တွေ ရှိသေးတယ်”
ရဲက အိမ်အောက်ကို ဆင်းသွားတော့ အဖွားကြီးက ပြတင်းပေါက်က ကုန်းအော်တယ်။

”ဟဲ့…လူတစ်ယောက်လုံး ဒုက္ခရောက်နေတာ မကူညီတဲ့ရဲ၊ အလကားကောင်၊ ဇေကင်ဒိုရဘော် (…)”
အဘွားကြီးအော်တဲ့ ”ဇေကင်ဒို ရဘော်” ဆိုတာ ”အခွန်သူခိုး” ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ အဲဒီ စကားလုံးဟာ ရဲလို အစိုးရလခစား ဝန်ထမ်းတွေအတွက် သေမလောက် နာတယ်။ ပြည်သူဆီက အခွန်ကောက်ခံထားတဲ့ငွေနဲ့ လစာယူထားပြီး တာဝန်ကျေအောင်မလုပ်ရင် သူခိုးနဲ့ အတူတူပဲလို့ ဂျပန်တွေက ယူဆတယ်လေ။

ဇေကင်ဒိုရဘော်လို့ အဘွားကြီးအော်တဲ့ အသံကြားတာနဲ့ ရဲလည်း မျက်စိမျက်နှာပျက်ပြီး အိမ်ပေါ်ကို ကပျာကယာ ပြန်တက်လာရတာပေါ့။

”အဒေါ်ကြီး ခင်ဗျားအသံက တစ်ရပ်ကွက်လုံးကြားတယ်။ အဲဒီ ဇေကင်ဒိုရဘော် ဆိုတာကြီးကို မအော်ပါနဲ့”

”အေး…ငါမအော်စေချင်ရင် သော့ပြင်ဆရာ သွားခေါ်ချည်"။

”ဟုတ်ကဲ့..ဟုတ်ကဲ့… ကျွန်တော် အခုသွားခေါ်မယ်။ မအော် နဲ့တော့နော်”

”နင်သွားလို့ မဖြစ်ဖူး၊ တစ်ခြားရဲတစ်ယောက်ကို သွားခေါ်ခိုင်း၊ သော့ပြင်ဆရာမလာခင် ငါလိုအပ်တာရှိရင် နင့်ကို ခိုင်းရဦးမယ်”

ဒါနဲ့ ရဲလည်း ဝေါ်ကီတော်ကီနဲ့ လှမ်းပြောပြီး ရဲကားတစ်စင်းနဲ့ သော့ပြင်ဆရာ သွားပင့်ခိုင်းရတာပေါ့။

ဒီကြားထဲမှာ အဘွားကြီးက ရေငတ်တယ်ဆိုလို့ သောက်ရေ ခပ်ပေးရ၊ စီးကရက် သောက်ချင်တယ်ပြောလို့ ရှာပေးရနဲ့ ခိုင်းသမျှ လုပ်ရင်း ရဲခမျာလည်း ဖတ်ဖတ်မောနေတာ အရမ်းရယ်ရတာပဲ။ ဇာတ်လမ်းရှည်မှာစိုးလို့ ချန်ထား လိုက်မယ်။

သော့ပြင်ဆရာ ရောက်လာပြီး တံခါးဖွင့်ပေးလိုက်တော့ အဘွားကြီးလည်း ရဲကို ကျေးဇူးတင်စကားတွေ ဘာတွေပြော၊ ရဲလည်း လေပူကြီး မှုတ်ထုတ်ပြီး သွားတော့မယ် ဟန်ပြင်တုန်း သော့ပြင်ဆရာက သူ့လက်ခကို ဘယ်သူပေးမှာလဲလို့ မေးတယ်။ ရဲနဲ့အဘွားကြီး အဲဒီမှာ သူပေးလိမ့်မယ်၊ ငါပေးလိမ့်မယ် အပြန်အလှန် ငြင်းကြပြန်ရော။

”ဟဲ့..နင့်ကို ငါ ဥပမာပေး ခဲ့သလို ဟိုဓာတ်တိုင်ပေါ်က ကြောင်ကလေးကို နင် ပိုက်ဆံတောင်းသလား၊ နင်တို့ရဲတွေရော၊ မီးသတ်ရောလုပ်အားခ၊ ဓာတ်ဆီဖိုး၊ လှေကားဖိုး ဘယ်သူ့ဆီက တောင်းသလဲ၊ ငါတို့ပြည်သူတွေဆီက အခွန်ယူထားတာ ဘာအတွက်လဲဟင်”

အဘွားကြီးက ပြောပြောဆိုဆို ခုနစ်သံချီဟစ်မလို့ ”ဇေကင်…”” လို့ အသံပစ်လိုက်တာနဲ့ ရဲလည်း သူ့ပါးစပ်ကို အတင်းပိတ်ပြီး ဘောင်းဘီထဲက ပိုက်ဆံအိတ်လေး ထုတ်လိုက်ရပါတော့တယ်။

သြော်…ပုံပြင်လေးထဲမှာတော့ ပြည်သူ့ဆီက အခွန်တွေ ကောက်ပြီး တာဝန်ကျေပြွန်အောင် လုပ်မပေးရင် ဂျပန်ပြည်မှာ အခွန်သူခိုး (ဇေကင်ဒိုရဘော်) လို့ ခေါ်တယ်ကွဲ့။ ကလေးတို့ မှတ်ထားကြနော်။


Popular

No comments:

Post a Comment