ပျော်စရာတွေ များလာတဲ့ခေတ်မှာ မပျော်နိုင်တဲ့သူတွေ ပိုများလာတယ်
အပေါ်ယံဖျော်ဖြေမှုတွေသာ များလာပြီးတော့ လေးလေးနက်နက် ပျော်ရတဲ့ ကိစ္စတွေနဲလာတယ်။ အခုခေတ်က ပြင်ပက ပျော်စရာပေါ်မှာ
မှီခိုမှု ပိုများလာကြတယ်။
T.V.,Video တွေကို စွဲလာနေကြတယ်။ ပြင်ပအရာတွေ လူတွေပေါ်မှာ မှီခိုမှုများလေ ပြဿနာများလေ ဖြစ်လာမယ်။ ပြင်ပ ရုပ်ဝတ္ထုတွေ၊ ပစ္စည်းတွေ၊ လူတွေပေါ်မှာမှီခိုမှု အားကိုးမှု နဲပြီးတော့ ကိုယ့်စိတ်ကလေးကို ကိုယ်ကြည့်ပြီးတော့ သိပြီးတော့ ကြည်လင်အေးချမ်းအောင် နေတတ်တဲ့သူမှ ပျော်တဲ့သူ ဖြစ်မယ်။
လေးနက်တဲ့အသိဥာဏ်နဲ့ ပျော်တဲ့ ပျော်နည်းမျိုးကို ရှာရမယ်။ ဒါမှ ကြာလေ အသိဥာဏ်လေးနက်လေ၊ ကြာလေ ပျော်လေ ဖြစ်မယ်။ တခြားပျော်နည်းတွေက ကြာလေ မပျော်လေပဲ။ အကယ်၍ အရင်တုန်းက ပျော်နည်းမျိုးနဲ့ပဲ မရမက ပျော်ဖို့ ကြိုးစားရင် ခဏတော့ ရချင်ရမယ်။
ဒါပေမယ့် မရမက ပျော်ဖို့ကြိုးစားနေရတာကိုက စိတ်ညစ်စရာကြီး ဖြစ်လာမယ်။ အဲဒါကြောင့် ကိုယ့်စိတ်ကို ကိုယ်သိတဲ့အလေ့အကျင့် လုပ်ပြီးတော့ လေးနက်တဲ့ အသိဥာဏ်နဲ့ ပျော်တတ်ဖို့ သိပ်အရေးကြီးတယ်။
နောက်ဆုံးမှာဘာမှမလုပ်နိုင်တဲ့အခါ အသက်ကြီးလာတဲ့အခါ ကိုယ့်စိတ်ထဲမှာ အေးချမ်းနေအောင် နေတတ်မှ ဖြစ်မယ်ဆိုတာကို ကြိုကြိုတင်တင် နားလည်ပြီးတော့ စောစောက လေ့ကျင့်ထားမှ အသက်ကြီးတဲ့အခါ ဘဝဟာ အဓိပ္ပါယ်ရှိမယ်။
စိတ်ကြည်လင်အေးချမ်းနေတဲ့နည်းနဲ့ ပျော်ဖို့ရာ ကြိုတင် ပြင်ဆင်ထားတဲ့လူဟာ ဒုက္ခကြီးနဲ့ တွေ့ရတောင် ဒီဒုက္ခကြီးကြားထဲမှာ ပီတိနဲ့နေလို့ ရသေးတယ်။ အံ့သြစရာ အင်မတန် ကောင်းတယ်။
ဆရာတော်ဦးဇောတိက
K.K(ကနောင်)
lutawlupyaw
No comments:
Post a Comment