Sunday, March 8, 2015

" စာကြည့်တိုက်မှာ ဘာတွေရှိလဲ "

" စာကြည့်တိုက်မှာ ဘာတွေရှိလဲ "

မြေးဖြစ်သူ စာဂျပိုးဟာ တစ်ချိန်လုံး စာကြည့်တိုက်ပဲသွားနေတယ်။ ကျောင်းကပြန်လာ သင်တန်းကပြန်လာ အားရင် မြို့လယ်က စာကြည့်တိုက်ကိုပဲ အမြဲတမ်းသွားနေတယ်။

အဖိုးဖြစ်သူက တစ်နေ့တော့ မေးတယ်။
" ငါ့မြေး ဘာလို့နေ့တိုင်း စာကြည့်တိုက်သွားပြီး အချိန်ကုန်နေတာလဲ " လို့ပေါ့

" အဖိုးရယ်စာကြည့်တိုက်မှာက ဗဟုသုတတွေနဲ့ စုံလင်ပြီးတော့ အရမ်းကို ဖတ်လို့ကောင်းတဲ့ စာတွေရှိတာကြောင့် အကျိုးရှိအောင်လို့ စာကြည့်တိုက်ကို သွားနေတာပါ "

အဖိုးဖြစ်သူက ခေါင်းညိတ်တယ်။
" ကောင်းတယ် စာဖတ်တယ်ဆိုတာ အလွန်ကောင်းတယ်။ မင်းကို ဒီထက်ကြီးတဲ့ စာကြည့်တိုက်ကို ခေါ်သွားမယ် " ဆိုပြီး ထွက်လာခဲ့တယ်။

မြေးဖြစ်သူကတော့ " အဖိုး မြို့လယ်က စာကြည့်တိုက်ကြီးက ဒီမှာ အကြီးဆုံးမဟုတ်လား " လို့ ပြန်မေးပေမယ့် အဖိုးက မဖြေပါဘူး။

ဒီလိုနဲ့ လမ်းလျှောက်လာတုန်း မြို့လယ်က လူအရမ်းစည်တဲ့ နေရာကို ရောက်သွားတယ်။ လူတွေဟာ ပျားပန်းခတ် လှုပ်ရှားနေကြတယ်။ လမ်းဘေးမှာလဲ ဈေးဆိုင်တွေ စတိုးဆိုင်တွေက အလုအယက်နဲ့ ရောင်းချနေကြတယ်။

" ငါ့မြေး ဒါအဘိုးပြောတဲ့ စာကြည့်တိုက်ကြီးပဲ။ ဒီထဲမှာ စာအုပ်တွေတော့မရှိဘူး ဒါပေမယ့် စာအုပ်တွေထက် ဖတ်လို့ကောင်းတဲ့ ဘ၀တွေ အများကြီး ဗဟုသုတတွေ အများကြီးရှိတယ်။"

ဒီလိုနဲ့ မြေးအဖိုးနှစ်ယောက်ထိုင်ခုံတန်းလေးမှာ ထိုင်ပြီးတော့ လူတွေကို တစ်ယောက်ချင်းစီ ကြည့်ကြတယ်။ နောက် ထိုင်ခုံမှာလာထိုင်တဲ့ တခြားသူတွေနဲ့လဲ စကားတွေပြောဖြစ်ကြတယ်။

အဲဒီလိုနဲ့ နောက်ပိုင်းမှာ သူ့မြေးကလေးဟာ စာကြည့်တိုက်ကို အချိန်ပြည့်မသွားတော့ဘူး။ သူ့အဖိုးနဲ့အတူ မြို့လယ်ကို ညနေတိုင်း လမ်းလျှောက်သွားပြီး ခုံတန်းလေးမှာ နှစ်ယောက်သား ထိုင်နေတတ်ကြတယ်

မောင်စိုင်း


No comments:

Post a Comment