“မြေနှစ်ပေကြောင့် အပါယ်ကျသူ”
တကယ်တော့ လူအများစု အပါယ်ကျကြရတာဟာ “အပိုလောဘ” ကြောင့်ပါ။
ဒဂုံမြို့သစ်မြောက်ပိုင်းက တကယ့်ဖြစ်ရပ်လေးတစ်ခုကို ပြောပြဦးမယ်။ ဒီအမျိုးသမီးကြီးဟာ အုပ်ချုပ်ရေးဘက်ကလူအများစုနဲ့ သိကျွမ်းတယ်။ ဒါကြောင့် သူ့မြေကို အုတ်တံတိုင်းခတ်တဲ့အခါမှာ တစ်ဖက်မြေကွက်က မြေနှစ်ပေလောက် ခိုးယူထားလိုက်တယ်။
သူက အရင်ရောက်တာလည်းဖြစ် အုပ်ချုပ်ရေးဘက်က လူတွေနဲ့လည်း သိနေတာဆိုတော့ နောက်မှရောက်လာတဲ့ တစ်ဖက်မြေကွက်ရှင်ဟာ ဘာမှမပြောတော့ဘဲ ဒီအတိုင်းနေတယ်။
ဒီအမျိုးသမီးကြီး သေပြီးတဲ့နောက် ဒီအိမ်ကို သူ့သမီးကျောင်းဆရာမက ဆက်လက်အုပ်ချုပ် နေထိုင်တယ်။
တစ်ညတော့ ဆုံးသွားတဲ့အမျိုးကြီးက သူ့သမီးကျောင်းဆရာမကို အိမ်မက်ပေးတယ်။
အမေသူတစ်ပါး မြေနှစ်ပေကို ခိုးယူခဲ့တဲ့အတွက် ဒီနေရာတစ်ဝိုက်မှာပဲ ပြိတ္တာမကြီး ဖြစ်နေတယ်။
နေ့ရော၊ ညရော မြေတွေကို တောင်းကြီးနဲ့ ရွက်ပြီး တစ်ဖက်ခြံထဲကို ထည့်ပေးနေရတယ်။
ဒီအတိုင်းဆိုရင် အမေဒီဘဝက တော်တော်နဲ့ကျွတ်မှာ မဟုတ်ဘူး။ ဒါကြောင့် အမေ ပြိတ္တာဘဝက လွတ်အောင် ကယ်ပါ။ ကယ်ရမည့် နည်းလမ်းက ခိုးထားတဲ့မြေနှစ်ပေကို ပိုင်ရှင်ထံ ချက်ချင်းပြန်ပေးပါ။
နှစ်ပေါင်းများစွာ ယူထားတဲ့အတွက် ငွေနဲ့တွက်ပြီး ကျသင့်တဲ့အတိုးကိုလည်း ပေးဆပ်လိုက်ပါ။
အားလုံးပြီးပြီဆိုမှ အမေ့ကို အမျှပေးပါတဲ့။ သူပြောတဲ့အတိုင်းလုပ်ပေးမှ ပြိတ္တာဘဝက လွတ်သွားတယ်။
သူတစ်ပါးပိုင်တဲ့ မြေနှစ်ပေကို မတရားသဖြင့် လိုချင်တဲ့လောဘကို တစ်ခဏတာ လက်ခံမိလိုက်တဲ့အတွက် ပြိတ္တာဘဝကို ရောက်သွားခဲ့ရတာပဲ။
တစ်ကယ်တော့ မိမိအတွက် တကယ်လိုအပ်တာက “ဖျာတစ်ချပ်ခင်း” သာရုံ မြေကွက်လေးပါ။ မိမိအိပ်တဲ့အခါ “ဖျာတစ်ချပ်စာ” နေရာထက် ပိုသုံးလို့မရပါဘူး။ အပိုမြေတွေ အများကြီး လိုချင်တယ်ဆိုတာ “အပိုလောဘ” ကြောင့်ပါ။ အဲဒီ အပိုလောဘကြောင့် အပါယ်မကျချင်ဘဲ ကျကြရတာ။
အပိုလောဘကြီးသူတွေအတွက် ရေးထားတဲ့ဒဿနစာလေး တစ်ပုဒ် အလွတ်ရထားတယ်။
“ဘယ်လောက်ပင် စားရ စားရ တစ်ဝမ်းဝရုံပဲ။ ဘယ်လောက်ပင် ဝတ်ရ ဝတ်ရ အရေပြားဖုံးရုံပဲ။
ဘယ်လောက်ပင် အိပ်ရ နေရ တစ်ကိုယ်စာလေးပဲ။ ဘယ်လောက်ပင် ပစ္စည်းဥစ္စာရှိရှိ
သေရင်ထားပစ်ခဲ့ရတာချည်းပဲ။ ကုသိုလ်ပြုလျှင် ကိုယ့်ဖို့။ ကျန်ခဲ့လျှင် သူများဖို့။”
အမှန်ကတော့ တဏှာဆိုတာ ကာမဂုဏ်ကို အကြောင်းပြုပြီးဖြစ်တာ။ ကာမဂုဏ်ရဲ့အပြစ်ကို
သိမြင်သွားရင် စွဲလမ်းတဲ့ “တဏှာ” မဖြစ်နိုင်တော့ဘူး။
-【မေတ္တာရှင် (ရွှေပြည်သာ) ၏ “လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ” အတွဲ-7 မှ ကောက်နှုတ်ပူဇော် မျှဝေပါသည်။】
lutawlupyaw
No comments:
Post a Comment