Wednesday, May 13, 2015

"ကမ္ဘာပေါ်က လူတွေ ဘယ်လိုအိပ်နေကြလဲ"


ဗုဒ္ဓဟူးနေ့ဟာ အိပ်အကောင်းဆုံးလို့ ဆိုကြသလို၊ တနင်္ဂနွေနေ့ဟာ အစောဆုံး ထဖြစ်တဲ့ မနက်လို့လည်း ဆိုကြသည်။ မကြာခင်က ထွက်ပေါ် လာသော လေ့လာမှု စစ်တမ်းတစ်ရပ်က ကမ္ဘာ့နိုင်ငံများ မည်သို့ အိပ်စက်နေကြသည်ကို စိတ်ဝင်စားဖွယ် တင်ပြထားသည်။          
           
စမတ်ဖုန်းများမှာ သုံးနိုင်သော Sleep Cycle  အပလီကေးရှင်းကို ထုတ်လုပ်သူများက စစ်တမ်းပြုစုထားခြင်း ဖြစ်သည်။ ထိုအပလီကေးရှင်းသည် ဖုန်း၏ လှုပ်ရှားမှုကို အာရုံခံကာ ဖုန်းပိုင်ရှင် အိပ်နေလား၊ နိုးနေလား၊ ငိုက်နေလား၊ တက်ကြွနေလားကို အလိုလျောက် မှတ်တမ်းတင်ထားနိုင်သည်။ ထိုမှတ်တမ်း အချက်အလက်များကို ကိုးကား၍ ကမ္ဘာ့နိုင်ငံ အသီးသီးက လူများ အိပ်စက်ကြပုံကို စိတ်ဝင်စားဖွယ် စစ်တမ်း ပြုစုထားသည်။ နိုင်ငံ တစ်နိုင်ငံချင်းအလိုက် နိုးချိန် အိပ်ချိန်များကို ပျမ်းမျှသဘော ယူထားခြင်းဖြစ်သည်။ တနင်္လာနေ့မှာ အစောဆုံး နိုးနေသူများကား တောင်အာဖရိက နိုင်ငံသားများ ဖြစ်သည်ဟု Sleep Cycle  အဖွဲ့က စာရင်းများကို ကိုးကား၍ ဆိုလိုက်သည်။ အမေရိကန်တွေဟာ အင်္ဂါနေ့မှာ မနက် (၇) နာရီမှာ နိုးကြပြီး ကျန်ရုံးဖွင့်ရက် အားလုံးမှာ အိပ်ချင်မူးတူး ငူတူတူ ငေါင်တောင်တောင် ဖြစ်နေကြသည်ဟု စစ်တမ်းက ဆိုသည်။ အင်္ဂါနေ့မှာ ငူတူတူနဲ့ နိုးလာသူများ ထဲတွင် စင်ကာပူ၊ စပိန်၊ ဆွစ်ဇာလန်၊ တောင်အာဖရိက၊ ဘရာဇီး နိုင်ငံသားများလည်း ပါသည်။
               
Sleep Cycle  ကိုသုံးကာ သဘာဝကျကျ နိုးထနိုင်အောင်လည်း နှိုးစက်ပေးနိုင်သည်။ ကမ္ဘာတစ်ဝန်း Sleep Cycle  အပလီကေးရှင်း သုံးသူ နှစ်သန်းကျော် ရှိနေပြီ။ ၂၀၁၄ ဇွန် (၁) ရက်နေ့မှ ၂၀၁၅ မတ် (၃၁) ရက် အထိ ကမ္ဘာ့နိုင်ငံပေါင်း (၄၇) နိုင်ငံမှ အသက် (၁၈) နှစ်မှ (၅၅) နှစ်ကြား လူအများ အိပ်စက်နိုးထမှု မှတ်တမ်းများကို အသုံးပြုကာ စစ်တမ်းပြုလုပ် ထားသည်။
               
ကမ္ဘာတစ်ဝန်း အိပ်လို့ အကောင်းဆုံးနေ့က  ဗုဒ္ဓဟူးနေ့ဟု ရလဒ် ထွက်သည်။ စစ်တမ်းတွင် ပါဝင်သော နိုင်ငံများ၏ (၅၈) ရာခိုင်နှုန်းထိက ဗုဒ္ဓဟူးနေ့သည် အိပ်အကောင်းဆုံးဟုဆို ကြသည်။ တရုတ်နိုင်ငံသားများကား ဗုဒ္ဓဟူးနေ့တွင် တစ်ကမ္ဘာလုံးမှာ အိပ်အကောင်းဆုံး နိုင်ငံသားများ ဖြစ်သည်ဟု စစ်တမ်းက ဆိုသည်။
               
အရှေ့အလယ်ပိုင်းသားများ အဖို့ကား ကြာသပတေးနေ့သည် အိပ်အကောင်းဆုံး ဖြစ်ပြီး တစ်ကမ္ဘာလုံးနှင့် ယှဉ်လျှင် အရှေ့အလယ်ပိုင်းသားများ အိပ်ယာထ နောက်အကျဆုံး နေ့လည်း ဖြစ်သည်။ ကြာသပတေးနေ့သည် အရှေ့ အလယ်ပိုင်းသားများအဖို့  လန်းဆန်း ပျော်ရွှင်ဆုံးနေ့ ဟုလည်း ဆိုသည်။ အမေရိကန်နိုင်ငံသားများအတွက် သောကြာနေ့သည် အိပ်အကောင်းဆုံး ဖြစ်ပြီး အိပ်ရေး၀၀ ပျော်ပျော်ရွှင်ရွှင် အနိုးဆုံးလည်း ဖြစ်သည်။ အမေရိကန်သားများသည် သောကြာတွင် မနက် (၈) နာရီခွဲ အထိ အိပ်လေ့ရှိကြောင်း စစ်တမ်းက ဆိုသည်။ နိုးထလျှင်လည်း လန်းဆန်းတက်ကြွမှု ရှိသည်။ ကော်စတာရီကာ၊ ကနေဒါ၊ နယူးဇီလန်၊ ဆွီဒင်နိုင်ငံသားများသည်လည်း သောကြာမနက်တွင် ပျော်ပျော်ရွှင်ရွှင် နိုးလာတတ် ကြသည်။
               
တစ်ကမ္ဘာလုံး အတိုင်းအတာ အနေနှင့်ကား စနေနေ့ မနက်သည် ကမ္ဘာ့လူသား (၇၁)  ရာခိုင်နှုန်းအထိ ပျော်ပျော်ရွှင်ရွှင် နိုးလာကြသည့် ထိပ်ဆုံးနေ့ ဖြစ်သည်။ နိုင်ငံ အရေအတွက်နှင့် တွက်ချက်ပါက ကမ္ဘာ့ နိုင်ငံ (၉၀) ရာခိုင်နှုန်းထိသည် စနေနေ့တွင် အိပ်ရေး အ၀ဆုံး ဖြစ်ကြောင်း သိရသည်။ တနင်္ဂနွေနေ့တွင် သိပ်မအိပ်ဖြစ်ဟု စစ်တမ်းပါဝင်သည့်နိုင်ငံ သုံးပုံ နှစ်ပုံက ဆိုသည်။ တနင်္ဂနွေနေ့တွင် အအိပ် အနည်းဆုံးကား တောင်ကိုရီးယား နိုင်ငံသားများ ဖြစ်ပြီး ပျမ်းမျှ (၅) နာရီ (၅၃) မိနစ်သာ အိပ်စက်ကြသည်။
               
ကြားရက်များတွင် အိပ်ရေး အ၀ဆုံး၊ အိပ်ချိန် လုံလုံလောက်လောက် အရဆုံးမှာ ဖင်လန်နိုင်ငံသားများ ဖြစ်သည်။ ပျမ်းမျှ အိပ်ချိန် (၈) နာရီ (၂) မိနစ် ရှိသည်။ ဂျပန် နိုင်ငံသား များကား (၆) နာရီ (၉) မိနစ်သာ ရှိသည်။ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ပျမ်းမျှ ပြန်တွက်လျှင် ဆလိုဗားကီးယား နိုင်ငံသားများက အိပ်ရေး အ၀ဆုံး ဖြစ်ပြီး တရုတ်နိုင်ငံသားများက ဒုတိယ လိုက်သည်။ ဟန်ဂေရီနှင့် ချက်ပြည်သူ့ သမ္မတနိုင်ငံတို့က အစဉ်လိုက် ရပ်တည်သည်။ ဗြိတိန်က အဆင့် (၄၅) ၊ အမေရိကန်က အဆင့် (၄၉) တွင် ရှိသည်။

Source: Daily Mail

http://www.messengernewsjournal.com/news/Health/detail.php?id=36020

No comments:

Post a Comment