Monday, September 28, 2015

"ကိုယ့်ကိုကိုယ် ယုံကြည်မှုတည်ဆောက်ခြင်း"


"ကိုယ့်ကိုကိုယ် ယုံကြည်မှုတည်ဆောက်ခြင်း"

လူမှုဝန်းကျင်မှာ လူအမျိုးမျိုး စိတ်အထွေထွေနဲ့ ရှင်သန်နေကြရာ အောင်မြင်တဲ့သူတွေ ရှိကြသလို မအောင်မြင်တဲ့သူတွေလည်း ရှိကြပါတယ်။ အောင်မြင်တဲ့သူတွေကို လေ့လာကြည့်လိုက်တဲ့အခါ မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်နဲ့ ရွှင်လန်းတက်ကြွနေကြတာကို တွေ့မြင်ရပြီး မအောင်မြင်တဲ့သူတွေဆီမှာတော့ ယုံကြည်မှုအား ပျောက်ဆုံးနေတာကို တွေ့မြင်ကြရပါတယ်။ ဒါဆိုရင် ယုံကြည်မှုတစ်ခုဟာ လူတွေ တိုးတက်အောင်မြင်ဖို့အတွက် တော်တော် အရေးပါတယ်ဆိုတာ ဖော်ပြနေမှုတစ်ခုပါ။ ဒါကြောင့် ရခဲလှတဲ့လူ့ဘဝမှာ လူတစ်လုံးသူတစ်လုံးဖြစ်ဖို့ ယုံကြည်မှု၊ အဓိကအားဖြင့် မိမိကိုယ်ကိုမိမိ ယုံကြည်မှုဟာ မရှိမဖြစ် အရေးကြီးဆုံးအရာတစ်ခု ဖြစ်ပါတယ်။

မိမိကိုယ်မိမိယုံကြည်မှုဆိုတာ ဘယ်လိုမျိုးလဲ။

မိမိကိုယ်မိမိ ယုံကြည်မှုဆိုတာ ဘယ်နေရာ၊ ဘယ်ဒေသမှာဖြစ်ဖြစ် မိမိလုပ်ဆောင်ရမယ့် တာဝန်ဝတ္တရားနဲ့ ပတ်သက်ပြီး ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့ ယုံကြည်မှုတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီလိုယုံကြည်မှုတစ်ခု ဖြစ်ထွန်းလာဖို့ လူတစ်ယောက်မှာ မိမိကိုယ်မိမိ တန်ဖိုးထားတတ်မှု၊ ကိုယ်ပိုင်အစွမ်းအစကို ထုတ်ဖော် အသုံးချတတ်မှုတို့က များစွာ အထောက်အကူပြုပါတယ်။ ကိစ္စရပ်တိုင်း၊ လုပ်ငန်းရပ်တိုင်းမှာ ကျွမ်းကျင်လိမ္မာစွာ၊ ဇွဲလုံ့လကောင်းစွာ၊ အခက်အခဲတိုင်းကို ရင်ဆိုင်ကျော်လွှားပြီး ထိရောက်အောင်မြင်စွာနဲ့ လုပ်ဆောင်လာနိုင်တဲ့အခါ  မိမိရဲ့အတွင်းသန္တာန်မှာ ခိုင်မာတဲ့ ယုံကြည်မှုစိတ်ဓာတ်ဟာ အလိုအလျောက် ခိုအောင်းလာခဲ့ပါတယ်။

မိမိကိုယ်မိမိယုံကြည်မှုရှိသူများ

မိမိကိုယ်မိမိ ယုံကြည်မှုရှိသူတွေဟာ မိမိအတွက် လုပ်သင့်လုပ်ထိုက်တယ်လို့ ယူဆထားတဲ့ ကိစ္စရပ်တွေကို မဆုတ်မနစ် ကြိုးစားလုပ်ဆောင်ခြင်း၊ ဝေဖန်သုံးသပ်ချက်တွေအပေါ် ခံနိုင်ရည်ရှိပြီး မိမိရဲ့ပန်းတိုင်ဆီ ရောက်အောင်လှမ်းနိုင်ကြပါတယ်။ မိမိရဲ့အမှားတွေကို ဝန်ခံတတ်ကြသလို အမှားထဲမှ သင်ခန်းစာယူပြီး ဘဝကိုရှေ့ဆက်ရတာကို နှစ်သက်ကြပါတယ်။ ဘဝမှာ ဖြစ်ပေါ်လာမယ့် စိန်ခေါ်မှုတွေကို မကြောက်တတ်ခြင်း၊ ရင်ဆိုင်ဖြေရှင်းနိုင်ခြင်း၊ ဇွဲလုံ့လကောင်းခြင်းနဲ့ စိတ်ဓာတ်ခွန်အား ကြီးမားခြင်းတို့ ရှိကြပါတယ်။ မိမိမှာရှိနေတဲ့ ယုံကြည်မှု ခွန်အားတွေကို မိမိရှင်သန်ရာ ပတ်ဝန်းကျင်ကို ပြန်လည် အားဖြည့်ပေးခြင်းဖြင့် အောင်မြင်မှုတွေကို မျှဝေပေးနိုင်ကြပါတယ်။ အမှားနဲ့အမှန်ကို ခွဲခြား ဆင်ခြင်နို်င်စွမ်းအား ကောင်းသွားပြီး ဘဝကို အဓိပ္ပါယ်ရှိစွာ ရှင်သန်နိုင်ဖို့ဘဲ ဦးတည် သွားတတ်ကြပါတယ်။ လူသားအချင်းချင်း စာနာထောက်ထားမှု အားကောင်းကာ လူသားအချင်းချင်း အကျိုးပြုမှုတွေကို တန်ဖိုးထားတတ်ကြပါတယ်။ မိမိကိုယ်မိမိ ယုံကြည်မှုရှိသူတွေဟာ ဘဝမှာ နောက်ဆုံးခရီးကိုပင် ကျော်ဖြတ်ဖို့ အဆင်သင့်ရှိနေတတ်ကြပါတယ်။

မိမိကိုယ်မိမိ ယုံကြည်မှုရှိသူတစ်ယောက် ဖြစ်လာစေဖို့ ဘယ်လိုတည်ဆောက်နိုင်မလဲ။

လူတွေမှာ မိမိကိုယ်မိမိ ယုံကြည်မှုရှိသူတစ်ယောက် ဖြစ်လာစေဖို့ လေ့လာသင်ယူပြီး ပျိုးထောင်နိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိလာတဲ့တစ်နေ့မှာ ကိုယ့်ရဲ့ယုံကြည်မှုကို ဘယ်သူမှ ဖျက်စီးလုယူလို့ မရတော့သလို ဘဝမှာ ရှင်သန်ရတာ အကျိုးကျေးဇူးများသွားခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့သူတစ်ယောက် ဖြစ်စေဖို့ မိမိရဲ့ပန်းတိုင်က ဘာလဲဆိုတာ သိရှိဖို့ လိုပါတယ်။ မိမိအတွက် အလုပ်နိုင်ဆုံးအရာဟာ ဘာလဲဆိုတာကို စဉ်းစားတတ်ဖို့ လိုပါတယ်။ မိမိအတွက် ဘဝမှာ ဘယ်ဟာကအရေးကြီးပြီး ဘယ်အရာကို ဦးတည်သင့်လဲဆိုတာ စဉ်းစားနိုင်ဖို့ လိုပါတယ်။ ပြီးတော့ မိမိရဲ့စိတ်ကို ထိန်းချုပ်ကွပ်ကဲနိုင်ဖို့ ကြိုးစားတတ်ရပါမယ်။ ဘဝအတွက် အောင်မြင်မှုရရှိစေဖို့ မိမိကိုယ်မိမိ အားပေးတတ်ဖို့ လိုပါတယ်။ အခြေခံ အချက်အလက်တွေကအစ အလေးထားပြီး ကြိုးစားတတ်ဖို့ လိုပါတယ်။ ဘဝမှာ အောင်မြင်မှုတွေကို လှမ်းနိုင်ဖို့ လိုအပ်တဲ့ ဗဟုသုတ အသိပညာတွေကို လေ့လာဆည်းပူး ရယူတတ်ဖို့ လိုပါတယ်။ ဘယ်အရာကိုဖြစ်ဖြစ် ဆန္ဒမစောဘဲ ကိစ္စအသေးလေးကစတင်ပြီး တစ်ဖြည်းဖြည်းနဲ့ များများလုပ်ဆောင်တတ်အောင် လေ့ကျင့်တတ်ဖို့ လိုပါတယ်။ အရေးကြီးဆုံးအရာတစ်ခုဖြစ်တဲ့ မိမိရဲ့ဘဝကို ပျက်စီးစေတတ်ရာ မကောင်းမြင်စိတ်ထားကို ချေမှုန်းပြီး အကောင်းမြင်စိတ်လေးနဲ့ ကိုယ့်ကိုကိုယ် အလှဆင်တတ်ဖို့ လိုပါတယ်။ ဒါမှသာ ဘယ်လောက်ပဲ ဆိုးဆိုး၊ ကောင်းကောင်းကြုံပါစေ၊ မိမိရဲ့ စိတ်အစဉ်ဟာ တုန်လှုပ်ချောက်ချားမှု မဖြစ်တော့ပဲ မိမိကိုယ်မိမိ ယုံကြည်မှုစိတ်ဓာတ်အပြည့်နဲ့ ရင်ဆိုင် ကျော်လွှားသွားနိုင်မှာ ဖြစ်ပါတယ်။

ဘာကြောင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိတဲ့သူတစ်ယောက် ဖြစ်ဖို့လိုတာလဲ။

လူတွေမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေမှ အရာအားလုံးကို လုပ်နိုင်စွမ်းများကာ မိမိလိုအပ်ရာကို ရအောင် စွမ်းဆောင်နိုင်ခြင်းဘဲဖြစ်ပါတယ်။ ဒါကြောင့် အခုခေတ်ကာလမှာ အောာင်မြင်သူတွေ၊ မအောင်မြင်သူတွေဟာ ခြားနားကွဲပြားလွန်းနေပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု အားနည်းသူတွေက လူတွေရဲ့အနောက်မှာ ကျန်ရစ်ခဲ့ပြီး နောက်လိုက်တွေအဖြစ် ရှင်သန်နေရခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသူ တစ်ယောက် အနေနဲ့ကတော့ အရာရာမှာ ထင်ရှားပေါ်လွင်နေကာ လူအများရဲ့ အားကျလေးစားမှုကို ရရှိတတ်ကြပါတယ်။ သူများမစွမ်းဆောင်နိုင်တဲ့ အရာတွေကို ခိုင်မာတဲ့ ဇွဲလုံ့လတွေနဲ့ ရအောင် စွမ်းဆောင်တတ်ကြကာ အဓိပ္ပါယ်ပြည့်စွာ လူ့ဘဝကို ရှင်သန်ခြင်းပဲ ဖြစ်ပါတယ်။

Credit: Yangon Life

No comments:

Post a Comment