Monday, September 14, 2015

"သားသမီးလေးတွေရဲ့ အမြင်အာရုံကို ထိန်းသိမ်းဖို့"


"သားသမီးလေးတွေရဲ့ အမြင်အာရုံကို ထိန်းသိမ်းဖို့"

ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်မှန်လေးတပ်၊ တကုပ်ကုပ်နဲ့ စာလုပ်နေကြတာ မြင်ရတော့ စိတ်မကောင်းလည်း ဖြစ်မိသလို စိုးရိမ်မကင်းလည်း ဖြစ်မိပါတယ်။ မိတ်ဆွေ သွားဆရာဝန်တစ်ယောက် ပြောပြတာလည်း သတိရမိပါတယ်။ သွားဆရာဝန်မလေးရဲ့ မိတ်ဆွေအမျိုးသမီးဟာ သူ့သားလေးကို ၀မှာစိုးလို့ အစားတွေလျှော့ကျွေးတာ ပေါက်ခါစငယ်သွားလေးတွေတောင် ပျော့ကုန်ပြီး ကြွေကျကုန်တယ်လို့ ပြောပြပါတယ်။ မိခင်က ၀တတ်တော့ ကလေးကိုလည်း ၀မှာစိုးတဲ့စိတ်နဲ့ အာဟာရချို့တဲ့အောင် လုပ်သလို ဖြစ်သွားတာဖြစ်ပါတယ်။ ကယ်လစီယမ်ဓါတ်တွေ နည်းကုန်လို့ သွားတွေတောင် မကောင်းတော့ရင် မျက်စိအားရော ကျန်တဲ့အင်္ဂါအစိတ်အပိုင်းတွေရော အားနည်းသွားနိုင်ပါတယ်။ ဒီတော့ ကလေးတွေကို ကျန်းမာသန်စွမ်းပြီး အမြင်အာရုံထက်မြက်ဖို့ ဘာတွေလိုအပ်လဲ ရေးသားတင်ပြပေးလိုက်ပါတယ်။

ကိုယ်ဝန်ဆောင်နေတဲ့အချိန်

ကလေးငယ်လေးတွေ အမြင်အာရုံကောင်းဖို့အပြင် အာဟာရအားလုံး ပြည့်ပြည့်၀၀ရဖို့ဆိုတာ မိခင် ကိုယ်ဝန်ဆောင်ဘ၀ကတည်းက အရေးတကြီး ဂရုစိုက်ရမယ့်ကိစ္စဖြစ်ပါတယ်။ မိခင်ဟာ ကလေးယူဖို့ အစီအစဉ် ရှိကတည်းက အစားတွေအရမ်းလျှော့တာမျိုး မလုပ်သင့်တော့ပဲ အာဟာရ မျှမျှတတစားပေးဖို့ လိုပါတယ်။ ကလေးကို ကိုယ်ဝန်ဆောင်ချိန်မှာလည်း စားချင်တာချည်းပဲ စားတာမျိုးမလုပ်ပဲ အာဟာရမျှတစွာ စားဖို့ အာဟာရဇယားကွက်ကို သေချာလုပ်ပြီး တိတိကျကျ စားနိုင်ရင် အကောင်းဆုံးပါပဲ။ ဗီတာမင် တစ်မျိုးချင်းစီရဲ့ အကျိုးကျေးဇူးတွေကို သိရှိနားလည်အောင် လေ့လာပြီး ဗီတာမင်ပါဝင်မှု မျှတအောင် စားရမှာဖြစ်ပါတယ်။ ဗီတာမင် A ဟာ မျက်စိအားကောင်းစေတာမို့ ဗီတာမင် A ပါဝင်တဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကို များများစားပေးသင့်ပါတယ်။

မွေးကင်းစကနေ ကျောင်းတက်တဲ့အထိ

မွေးကင်းစကလေးဟာ မိခင်နို့ တစ်မျိုးတည်းကိုပဲ မှီခို အာဟာရပြုနေရတာမို့ ကလေး အာဟာရဓါတ် လုံလောက်ဖို့ဆိုရင် မိခင်က အစားအစာကို အာဟာရမျှတအောင် စားဖို့ လိုအပ်ပါတယ်။ မီးဖွားပြီးခါစမိခင်ဟာ အစပ်၊ အငန်၊ အဆီနဲ့ လေထစေတဲ့ တချို့အစားအစာတွေကို ရှောင်ဖို့ လိုပေမဲ့ အသီးအရွက်၊ အသား၊ ငါးတွေကို စုံနေအောင် စားပေးရမယ့်အပြင် လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေကိုလည်း နေ့စဉ် သောက်ပေးသင့်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်နဲ့ အ၀ါရောင် သီးနှံတွေဟာ မျက်စိအားကောင်းစေပါတယ်။ ကလေး အစားစားနိုင်တဲ့အရွယ် ရောက်တဲ့အခါမှာလည်း မုန်လာဥနီ၊ သင်္ဘောသီး၊ ခရမ်းချဉ်သီး စတာတွေကို ဒီအတိုင်းလည်းကျွေးပြီး ဖျော်ရည်လည်း ဖျော်တိုက်သင့်ပါတယ်။

နောက်ပြီး မွေးကင်းစကလေးကို ဓါတ်ပုံတွေ တဖျတ်ဖျတ်ရိုက်တာကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်။ ဓါတ်ပုံရိုက်ရင်တောင် Flash မဖွင့်ပဲ ရိုက်သင့်ပါတယ်။ ကလေးရဲ့မျက်လုံးဟာ မှိတ်ထားရင်တောင် မျက်ခွံပါးပါးလေးဟာ စူးရှတဲ့ကင်မရာမီးရောင်ကို မကာပေးနိုင်ပါဘူး။ မျက်လုံးကလည်း အလင်းရောင်တဖျတ်ဖျတ်ဒဏ်ကို မခံနိုင်ပါဘူး။ ကလေးငယ်ရွယ်စဉ်မှာ TV ကြည့်တာ၊ ဖုန်းကြည့်တာတွေကို အချိန်နည်းနည်းပဲ ခွင့်ပြုသင့်ပါတယ်။ ကလေးရဲ့အာရုံစူးစိုက်မှုဟာ များလွန်းတာကြောင့် မျက်စိသူငယ်အိမ် အားနည်း စွေစောင်းပြီး အရွယ်ရောက်တဲ့အခါ ရုပ်လုံးကြွမြင်နိုင်စွမ်း ဆုံးရှုံးနိုင်တယ်လို့ မျက်စိအထူးကုဆရာဝန်များက ရေးသားထားတာ ဖတ်ရပါတယ်။

ကျောင်းတက်တဲ့အရွယ်

ကျောင်းတက်တဲ့အရွယ်ဟာလည်း မျက်စိကျန်းမာရေး အထူးဂရုစိုက်ပေးဖို့ လိုပါတယ်။ အရာရာကို စူးစမ်းလိုစိတ် များတဲ့အရွယ်မှာ စာဖတ်လိုက်၊ TV ကြည့်လိုက်နဲ့ Computer သုံးလိုက်၊ Phone သုံးလိုက်နဲ့ မျက်စိကို အချိန်ပြည့်နီးပါး သုံးတတ်ကြပါတယ်။ တချို့ကျောင်းတွေမှာဆို Kindle စာအုပ်တွေနဲ့ ဖတ်ချင်စရာ ၀တ္တုတွေ အများကြီးထည့်ပေးထားတော့ ကလေးက screen ကြည့်တဲ့အချိန် တစ်နေ့ကို ပျမ်းမျှ ၁၀ နာရီခန့် ရှိလာတတ်ပါတယ်။ စာရေးသူတို့ ကျေးလက်မှာနေတုန်းက လျှပ်စစ်မီးက ညနေ ၆ နာရီမှ ည ၁၀ နာရီထိပဲ လာတာမို့ ကန့်သတ်စရာမလိုပဲ ၁၀ နာရီခွဲလောက်ဆို အိပ်ရာဝင်ခဲ့ရတာပါပဲ။ မျက်စိညောင်းတာ၊ ခေါင်းကိုက်တာတွေ ငယ်ငယ်ကဆို ဖြစ်ကိုမဖြစ်ဖူးခဲ့တာပါ။ မိဘတွေအနေနဲ့လည်း မိမိငယ်ငယ်က မျက်စိသုံးခဲ့ရတဲ့ အချိန်ကို ခန့်မှန်းကြည့်ပြီး ကိုယ့်ကလေးတွေကိုလည်း အဲဒီအချိန်နဲ့ကိုက်ညှိပြီး သတ်မှတ်ပေးသင့်တယ်လို့ အကြံပေး ချင်ပါတယ်။

ကလေးငယ်တွေကို အမြင်အာရုံအားနည်းစေတဲ့ ဆွဲဆောင်မှုတွေ အများကြီးရှိနေတဲ့ ဒီခေတ်အခါမှာ မိဘတွေက အထူးအလေးပေး ဂရုစိုက်မှသာ ကလေးငယ်တွေရဲ့ အမြင်အာရုံ အားကောင်းပြီး အနာဂတ်များကို ကျန်းမာစွာ ဆက်လက် လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Credit: Yangon Life

No comments:

Post a Comment