Saturday, September 26, 2015

"ဆန္ဒကို သိက္ခာဖြင့် ထိန်းပါသူငယ်ချင်း..."

( ဘဝသံသရာစက်ဝန်း )


ဖြစ်ချင်တာက ဆန္ဒ၊ ဖြစ်နေတာက ဘ၀ဟု ထင်မြင်မိသည်။

ဤလောကကြီးသည် ဖြစ်ချင်တိုင်းဖြစ်၍ မရသော လောကကြီးဖြစ်သည်။

မဖြစ်ချင်၍လည်း ဖြစ်ရသည်။ အနတ္တသဘော ဖြစ်သည်။ အနတ္တဆိုသည်မှာ အစိုးမရဟု အဓိပ္ပါယ်ရသည်။ မိမိ၏ ခန္ဓာကိုယ်တွင် နေမကောင်း မဖြစ်ချင်၊ ရုပ်မဆိုးချင်၊ အနာရောဂါမဖြစ်ချင်ဟု ပြောနေသော်လည်း ဖြစ်ရသည်။

ရုပ်ရည်ချောမောလှပချင်သည်။ အသားအရည် ဖြူဖွေးချင်သော်လည်း အသားမဲ၊ အသားညို၊ မျက်လုံးပြူး စသည်တို့ ဖြစ်ရသည်။ မိမိ၏ ခန္ဓာကိုယ်ပင်လျှင် ဖြစ်ချင်တိုင်း မဖြစ်ရ၊ မဖြစ်ချင်တိုင်း ဖြစ်ရ ဖြစ်နေလျှင် ကျန်သောအရာများကို ဖြစ်ချင်၊ လိုချင်စိတ် ပြင်းပြနေလျှင် ပို၍ ဝေးမည်ဖြစ်သည်။

လူတိုင်းသည် လိုချင်တပ်မက်မှုများဖြင့် မွေးဖွားလာသည်ဟု ထင်သည်။

ကလေးဘ၀ထဲက မျက်လုံးနှစ်လုံး ပွင့်လာသည်နှင့် မိခင်၏ နို့ရည်ကို တောင့်တသည်။ မရလျှင် အပြောတတ်ဆုံး ဘာသာစကားဖြစ်သော အူဝဲ အူဝဲဟု ငိုမြည်းတော့သည်။ သွားမပေါက်သေးသော ကလေးဘ၀ကတည်းက တောင့်တမှုများဖြင့် ကြီးပြင်းလာရာ သွားကျိုးပြီး ခါးကုန်း သက်ကြီးရွယ် ဖြစ်သည့်အထိ တောင့်တမှုများမှာ အဆုံးသတ်မသွားကြပါ။

လိုချင်တပ်မက်မှုသည် ကြောက်စရာကောင်းလှသည်။ အ၀ိဇ္ဇာကြောင့် လူသားများအားလုံးသည် အမှောင်လောကထဲတွင် မျှောပြီး မျက်ကန်းများလိုပင် မြောင်းများ၊ ချိုင့်ခွက်များ၊ ဆူးများကို နင်းဖြတ်ကျော်ကာ ဘ၀ ၀င်္ကဘာထဲတွင် တ၀ဲဝဲလည်နေကြရသည်ဟု ထင်ပါသည်။ သတ္တ၀ါအားလုံးသည် အ၀ိဇ္ဇာဆိုသော မသိခြင်းနှင့် တဏှာဆိုသော လိုချင်တပ်မက်မှုတို့ ပူးပေါင်းမိပြီး အမှားများစွာကို ကျူးလွန်နေကြသည်။ ဖြစ်ပေါ်လာသော မိမိ၏ ဆန္ဒကို ထိန်းသိမ်းရန်ကား ခက်ခဲလှပါသည်။

မကောင်းမှုတွင် ပျော်မွေ့စိတ်ကို ထိန်းသိမ်းရန် ခက်ခဲလှသည်။ မကောင်းမှု လုပ်ချင်ပြီးဆိုလျှင် သိက္ခာမဲ့ ပြုလုပ်တတ်ကြသည်။ စောင့်ထိန်းရမည့် ကျင့်ဝတ်၊ သိက္ခာများကို ချိုးဖောက်ရန် ၀န်မလေးကြတော့ပါ။ ယဉ်ကျေးမှု၊ ဘာသာရေး ကျင့်ဝတ်များကို မသိကျိုးကျွံပြုကြသည်။

သိက္ခာမဲ့လုပ်ရပ်များကို လုပ်ပါများလာသောအခါ အမှားလုပ်ရပ်သည် အမှန်ဖြစ်လာတော့သည်။ ငါလုပ်နေကျ ဘာမှမဖြစ်ဘူး ဆိုပြီး ဆက်လုပ်ကြသည်။ သူများကိုလည်း တိုက်တွန်းကြသည်။

ယခုဆိုလျှင် အသိတရားမရှိတဲ့ လူတိုင်းသည် ပို၍ပင် သိက္ခာကင်းမဲ့သော လုပ်ရပ်များကို ပျော်ပျော်မွေမွေ့ ကျူးလွန်နေကြသည်။

လူရဲ့စိတ်ကတော့ မကောင်းမှု့မှာ ပျော်မွေ့ တတ်ပါသည်။

ငါ့ကလူပဲ.. သူတော်ကောင်းမှမဟုတ်တာဆိုပြီး စိတ်ကို အလိုမလိုက်ရပါဘူး။ တစ်ရက်ကိုမကောင်းတာ (၂) မျိုး လုပ်ခဲ့လေ့ရှိရင် စိတ်ရှော့ပြီး တစ်ရက်ကို (၁) မျိုးလောက်ပဲ လုပ်စေချင်းပါတယ်။

ဘုရားဟောသော... အခြေခံတရားများကို မေ့လျော့နေကြသည်။ မသိသေးသည့် လူများလည်း များစွာရှိသည်။ မိမိ၏ စိတ်ကို ထိန်းသိမ်းနိုင်ပါက လောကစည်းစိမ်ကို မဆိုထားနှင့် လောကုတ္တရာ နိဗ္ဗာန်ကိုပင် ရနိုင်သည်ဟု ဘုရားဟောကြားခဲ့ပါသည်။

ဒါကြောင့် ကျွန်ုပ်တို့သည် မကောင်းမှုလုပ်ချင်သော ဆန္ဒများကို သိက္ခာဖြင့် ထိန်းသိမ်းကြရန် လိုအပ်ပါကြောင်း...။

သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ...

Credit: kyawzinhein

No comments:

Post a Comment