"ထောပတ်သီးတစ်လုံးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ"
အသီးအနှံတိုင်းမှာ မတူညီတဲ့ ကျန်းမာရေး အကျိုးကျေးဇူးပြုမှုတွေ ရှိကြပါတယ်။ ဒါကြောင့် လူတွေမှာ မိမိတို့ပတ်ဝန်းကျင်ရှိသဘာဝအသီးအနှံတွေကို မျတစွာ စားသုံးပေးခြင်းဖြင့် ကျန်းမာရေးကောင်းကျိုးတွေကို ရယူနိုင်ပါတယ်။ အသီးတစ်မျိုးစီမှာ မတူညီတဲ့ ကျန်းမာရေးအာနိသင်တွေ ရှိနေကြရာ ထောပတ်သီးတစ်လုံးမှာ ပါဝင်တဲ့ ဓာတ်သဘာဝတွေဟာလည်း လူတွေအတွက် ဘယ်လိုဆေးဘက်ဝင် အကျိုးပြုတယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
နှလုံးနဲ့သွေးကြောစနစ်ကို အထောက်အကူပြုခြင်း
ထောပတ်သီးမှာ နှလုံးကို အားဖြစ်စေတဲ့ အာဟာရဓာတ်တွေအဖြစ် ဗီတာမင် E၊ folate၊ ပိုတက်စီယမ်၊ phytosterols နဲ့ အစာကြေဖျက်လွယ်စေတဲ့ အမျှင်ဓာတ်တို့ ပေါများစွာ ပါဝင်ပါတယ်။ ဗီတာမင် E က ကိုလက်စထရောကို ကာကွယ်ပေးပြီး folate က သွေးထဲအန္တရာယ်ရှိတဲ့ homocysteine အဆင့်ကို လျော့ချပေးပါတယ်။ ပိုတက်စီယမ်က သွေးပုံမှန်လည်ပတ် ကောင်းမွန်စေဖို့ အထောက်အကူပြုပြီး phytosterols က ကိုလက်စထရော စုပ်ယူမှုတွေကို လျော့ချပေးပါတယ်။ အစာကြေဖျက်လွယ်စေတဲ့ အမျှင်ဓာတ်တွေကတော့ သွေးအတွင်း သကြားဓာတ်တွေကို ထိန်းချုပ်ပေးပါတယ်။
အိုမင်းရင့်ရော်မှုကို ထိန်းချုပ်ပေးခြင်း
ထောပတ်သီးက လူတွေအတွက် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပါတယ်။ မျက်နှာပေါ်မှာ အရေးအကြောင်းထင်ခြင်း၊ ပါးရေတွန့်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ဗီတာမင် E ဟာ နေလောင်ခြင်းကြောင့် အိုမင်းရင့်ရော်မှုတို့ကို တားဆီးကာကွယ်ပေးပြီး ဗီတာမင် C ကတော့ အသားအရေ ရှုံ့တွန့်ခြင်းတို့ကို ကာကွယ်ထိမ်းသိန်းပေးပါတယ်။
ကိုယ်အလေးချိန်ကိုလျော့ကျစေခြင်း
ကိုယ်လေးအချိန်တိုးပြီး စိတ်ပင်ပန်းနေသူများအတွက် ထောပတ်သီး ဖျော်ရည်တစ်ခွက်လောက်ဟာ များစွာ အထောက်အကူပြုနိုင်ပါတယ်။ လေ့လာစမ်းသပ် တွေ့ရှိထားချက်အရ ထောပတ်သီး တစ်လုံးမှာပါဝင်တဲ့ monounsaturated fatty acids ဟာ ကိုယ်ခန္ဓာအတွင်း အဆီတွေကို တစ်ဖြည်းဖြည်းနဲ့ လောင်ကျွမ်းစေတာကြောင့် ထောပတ်သီးဟာ အဆီကျစေတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် အဆာခံပြီး ဗိုက်ပြည့်စေတဲ့ အသီးတစ်မျိုးဖြစ်တာကြောင့် အဆီတက်ပြီး စိတ်ညစ်နေသူများအတွက် နှစ်သက်ဖွယ် အသီးတစ်မျိုးဖြစ်ပါတယ်။
ဆီးချိုရောဂါအတွက် အထောက်အကူပြုခြင်း
တစ်ချို့လူတွေမှာ မိမိကိုယ်မိမိ ဆီးချိုရောဂါဖြစ်မှန်းမသိ ဖြစ်နေကြသူတွေရှိပါတယ်။ မကြာခဏ ဗိုက်ဆာခြင်း၊ ရေငတ်ခြင်း၊ ဆီးမကြာခဏသွားခြင်း၊ မျက်စိမှုန်ခြင်း၊ ခြေထောက်တွေနာကျင်ခြင်း၊ သိသိသာသာ ကိုယ်အလေးချိန်ကျနေခြင်း အစရှိတဲ့ လက္ခဏာရပ်မျိုးကို ခံစားနေရပြီဆိုရင် ဒါဟာ ဆီးချိုရဲ့ အဓိက လက္ခဏာရပ်တွေဖြစ်တာကြောင့် ဆရာဝန်နဲ့ သွားရောက်ပြသဖို့ လိုပြီဖြစ်ပါတယ်။ ဒီလို ဆီးချိုရောဂါကို ခံစားနေရသူတွေအတွက် ထောပတ်သီးမှာ ပါဝင်တဲ့ Oleic Acid ဟာ လူနာအတွက် အထောက်အကူဖြစ်စေတဲ့ HDL ကိုလက်စထရောကို မြှင့်တင်ပေးပြီး မကောင်းတဲ့သက်ရောက်မှုကို ဖြစ်စေတဲ့ LDL ကို လျော့ကျစေပါတယ်။ ဒါ့အပြင် သွေးကြောများကို အားကောင်းစေပြီး ဆီးချိုသမားတွေအတွက် ကိုယ်ခံအားစနစ်ကို မြင့်တက်စေပါတယ်။ အာရုံကြောများပျက်စီးမှုကိုလည်း ကာကွယ်ပေးပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ဗီတာမင် E ဟာ နှလုံးကို ဒုက္ခဖြစ်စေတဲ့ ကိုလက်စထရောကို လျော့ကျစေတာကြောင့် ဆီးချိသမားတွေအတွက် စားသုံးဖို့ကောင်းတဲ့ ဆေးဘက်ဝင် အသီးတစ်မျိုးဖြစ်ပါတယ်။
အဆစ်အမြစ်ရောင်ရောဂါအတွက် အထောက်အကူပြုခြင်း
ထောပတ်သီးမှာဗီတာမင် E၊ ဗီတာမင် C လိုမျိုး ဖြစ်တဲ့ monounsaturated fats ၊ phytosterols နဲ့ antioxidants တို့ ပေါများစွာ ပါဝင်နေခြင်းကြောင့် အဆစ်အမြစ်ရောင် ရောဂါဖြစ်စေတဲ့ အနေအထားတွေကို များစွာ လျော့ချပေးခြင်းဘဲ ဖြစ်ပါတယ်။
အမြင်အာရုံအတွက်ကောင်းမွန်ခြင်း
ထောပတ်သီးမှာပါဝင်နေတဲ့ lutein နဲ့ zeaxanthin တို့ဟာ မျက်စိကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ အသက်အရွယ်ရလာလို့ ကြွက်သားများ အားပျော့လာခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ယိုယွင်းပျက်စီးမှုတွေကို ကောင်းစွာ လျော့ချပေးနိုင်ခြင်းဘဲဖြစ်ပါတယ်။
အရိုးပွရောဂါကိုကာကွယ်ပေးခြင်း
အရိုးတွေသန်မာစေဖို့ ဗီတာမင် D နဲ့ ကယ်လစီယမ် တို့က များစွာ အထောက်အကူပြုသလို ဗီတာမင် K ကလည်း လုံလုံလောက်လောက် အထောက်အကူပြုတာကို တွေ့ရပါတယ်။ ဗီတာမင် K ဟာ ကယ်လစီယမ်တွေကို များများစုပ်ယူနိုင်ခြင်း၊ ကယ်လစီယမ်တွေကို ထိန်းသိမ်းပေး နိုင်ခြင်းဖြင့် အရိုးကျန်းမာရေး တိုးတက်စေဖို့ အထောက်အကူပြုခြင်း ဖြစ်ပါတယ်။
ကင်ဆာကို တိုက်ဖျက်နိုင်ခြင်း
အမျိုးသမီးတွေမှာ folate ပမာဏနည်းပါးခြင်းဟာ ရင်သားကင်ဆာ ဖြစ်ပွားမှုကို အများဆုံး ဦးတည်စေကြောင်း ဖော်ပြထားကြပါတယ်။ folate ပမာဏ လုံလုံလောက်လောက်ရှိနေခြင်းဟာ အူမကင်ဆာ၊ အစာအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနဲ့ pancreatic ကင်ဆာတို့ကို မဖြစ်ပွားရအောင် ဆန့်ကျင်ကာကွယ်ပေးပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကျန်းမာတဲ့ကလေးကို မွေးဖွားစေခြင်း
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် folate ဟာ အရမ်းကိုအရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ Folate ပမာဏ အပြည့်အဝရရှိထားတဲ့ ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်ဟာ ကိုယ်လက်အဂါင်္ပြည့်စုံပြီး ဦးနှောက်အာရုံကောင်းမွန်တဲ့ ကလေးငယ်လေးကို မွေးဖွားစေပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ဒီဖောလစ်အက်ဆစ် ပမာဏ အားနည်းခဲ့ရင် ကိုယ်အဂါင်္မပြည့်စုံဘဲ ဥာဏ်ရည်မပြည့်တဲ့ ကလေးငယ်တွေကို မွေးဖွားစေတတ်ကြောင်းလည်း ဖော်ပြထားကြပါတယ်။
စိတ်ဖိစီးမှုကိုလျော့ကျစေခြင်း
Folate ပမာဏ မြင့်မားတဲ့အစားအစာတွေကို စားသုံးခြင်းဟာ လူတွေအတွက် စိတ်ဖိစီးမှုဒဏ်ကို များစွာ လျော့ချနိုင်ကြောင်း ဖော်ပြထားကြပါတယ်။ Folate ဟာ ကိုယ်ခန္ဓာအတွင်း homocysteine လွန်ကဲမှုကို ကာကွယ်နိုင်ပါတယ်။ homocysteine ပမာဏ လွန်ကဲမှုဟာ ကောင်းမွန်တဲ့ခံစားမှု ဟော်မုန်းတစ်မျိုး ထုတ်လွှတ်မှုကို ဟန့်တားစေတာကြောင့် folate ပမာဏ များစွာ ပါဝင်နေတဲ့ ထောပတ်သီးကို စားပေးခြင်းဖြင့် စိတ်ဖိစီးမှုတို့ကို လျော့ကျသက်သာစေခြင်းဘဲ ဖြစ်ပါတယ်။
ဒါ့အပြင် ထောပတ်သီးတစ်လုံးမှာပါဝင်နေတဲ့ အာဟာရဓာတ်တွေဟာ အစာကြေဖျက်မှုကို ကောင်းမွန်စေခြင်း၊ နာတာရှည်ရောဂါတွေကို ကာကွယ်ပေးခြင်းတို့ပါ စွမ်းဆောင်နိုင်ရာ ထောပတ်သီးတစ်လုံးရဲ့ ဆေးဘက်ဝင် ကျန်းမာရေးအကျိုးကျေးဇူးက လူတွေအတွက် များစွာ အသုံးဝင်လှပါတယ်။ မိမိတို့အိမ်မှာ ဖျော်ရည်ဖြစ်ဖြစ်၊ အလုံးလိုက်ဖြစ်ဖြစ် ခွဲပြီး စားသုံးခြင်းဖြင့် ထောပတ်သီးတစ်လုံးရဲ့ အာနိသင် အကျိုးကို ကောင်းစွာ ရရှိနိုင်ကြမှာဖြစ်ပါကြောင်း ဖော်ပြပေးလိုက်ပါတယ်။
References :
Credit: Yangon Life
Tuesday, September 29, 2015
"ထောပတ်သီးတစ်လုံးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ"
Labels:
ကျန်းမာရေး,
ဗဟုသုတ
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment