Sunday, September 27, 2015

"တောင်ကြီးမြို့ရှိ ယာဉ်ထိန်းရဲများ ကျဉ်စက်တုတ် စတင်အသုံးပြု"


"တောင်ကြီးမြို့ရှိ ယာဉ်ထိန်းရဲများ ကျဉ်စက်တုတ် စတင်အသုံးပြု"

တောင်ကြီးမြို့ရှိ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များအား စက်တင်ဘာ ၂၇ ရက်တွင် လက်ကိုင် ကျဉ်စက်တုတ်များ စတင်အသုံးပြုကိုင်ဆောင်ခွင့် ပေးခဲ့ကြောင်း အမှတ် (၁၅) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။

‘‘အဓိကကတော့ တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးအတွက် အထက်က ထုတ်ပေးတာပါ’’ ဟု အမှတ် (၁၅) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ခံအရာရှိ ဒုရဲမှူး ထွန်းထွန်းအောင်က ပြောသည်။

စက်တင်ဘာ ၂၇ ရက်မှစတင်၍ တောင်ကြီးမြို့တွင် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင် ၃၀ ဦးကို လက်ကိုင် ကျဉ်စက်တုတ်များ စတင်ကိုင်ဆောင်ခွင့်ပေးထားပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် မြောက်ပိုင်းတို့တွင်လည်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ၄၀ ဦးအား အသုံးပြုခွင့် ပေးမည်ဖြစ်ကြောင်း အမှတ် (၁၅) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။

စက်တင်ဘာ ၂၄ ရက်က မန္တလေးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးကို ဓားဖြင့်ထိုးခံရ၍ သေဆုံးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များအား လက်ကိုင်ကျဉ်စက်တုတ်များ စတင် အသုံးပြုခွင့်ပေးခဲ့ခြင်း ဖြစ်ပြီး မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရန်နှင့် ခုခံနိုင်ရန် ထုတ်ပေးထားခြင်းဖြစ်သည်ဟု တောင်ကြီးမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

‘‘ကျွန်တော်တို့ ယာဉ်ထိန်းရဲတွေမှာ အားနည်းချက်က တစ်ဖက်က ခုခံတဲ့အခါ ဘာမှမရှိတဲ့အတွက် ယာဉ်ထိန်းရဲရဲ့ ဂုဏ်သိက္ခာပိုင်းရော၊ တပ်ဖွဲ့ဝင်တွေ အနေနဲ့ပါ နစ်နာမှုတွေရှိပါတယ်’’ ဟု တောင်ကြီးမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေစဉ် တစ်စုံတစ်ရာ နှောင့်ယှက်မှုများ ကြုံတွေ့လာပါက ကာကွယ်ခုခံနိုင်ရေးနှင့် ယာဉ်ထိန်းရဲများ လုံခြုံရေးအတွက် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့တို့ရှိ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင် တစ်ထောင်ကျော်အား စက်တင်ဘာ ၂၅ ရက်၌ လက်ကိုင် ကျဉ်စက်တုတ်များ စတင်အသုံးပြုခွင့် ပေးခဲ့သည်။

ဂျွန်ချစ်ငြိမ်း

Credit: 7day daily

No comments:

Post a Comment