"ရုပ်လှချင်ရင်"
ရိပ်သာမှာ တံမြက်စည်းလှည်းနေရင်း အတွေးတစ်ခုကြောင့် ဘာသာ ပြုံးလိုက်မိပါတယ်။ မိမိရဲ့အပြုံးကို အနားကဖြတ်သွားတဲ့ သူငယ်ချင်းက မြင်ဖြစ်အောင် မြင်သွားတော့ “ဘာပြုံးတာလဲ” တဲ့။ မိမိကလည်း “ဘာမှ မဟုတ်ပါဘူးလို.” ပြုံးပြီး ပြန်ပြောလိုက်ရပါတယ်။ ဒီတော့ သူငယ်ချင်း ဖြစ်သူက “စာရေးဆရာရယ်လို့ မပြောရဘူး၊ တော်တော် စိတ်ကူးယဉ်” လို့ ပြောပြီး ရှေ့ဆက် လျှောက်သွားပါတယ်။ တကယ်တော့ မိမိပြုံးရခြင်းရဲ့ အကြောင်းမှာ အဖြေက သီးသန့် ရှိပြီးသားပါ။ သူငယ်ချင်းကို ပြောမပြဖြစ်ခဲ့ပေမဲ့ ချစ်တဲ့ စာဖတ် ပရိသတ်ကိုတော့ တကူးတကကို ပြောပြချင်ပါတယ်။
တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ ရုပ်အလွန်လှတဲ့သူ နှစ်ဦး ရှိခဲ့ဖူးပါတယ်။ တစ်ဦးက အရှင်ဘယ လို့ အမည်ရတဲ့ ရဟန်းငယ် ဖြစ်ပြီး တစ်ဦးကတော့ အမတ်ကြီးရဲ့ သားပါ။ သူတို့နှစ်ဦး ဘယ်လောက်ထိ ရုပ်လှကြလဲဆိုရင် တစ်ခြားတစ်ခြား ပုဂ္ဂိုလ်တွေ ကုသိုလ်ကောင်းမှု့ပြုပြီး ဆုတောင်းကြရင်တောင် ရဟန်းငယ်နဲ့ အမတ်ကြီးရဲ့သားလို ရုပ်လှရပါလို၏ လို့ ဆုတောင်းကြတဲ့ အထိပါပဲ။
ဒီနေရာမှာ ပုထုဇဉ်တို့ပီပီ ရဟန်းငယ်နဲ့ အကျွမ်းဝင်တဲ့ သူတွေရှိသလို အမတ်ကြီးရဲ့သားနဲ့ အကျွမ်းဝင်တဲ့ သူတွေလည်း ရှိကြပါတယ်။ ပုဂ္ဂိုလ်မင်တော့ တရားခင် ဆိုတဲ့အတိုင်း ရဟန်းငယ်နဲ့ ကျွမ်းဝင်သူတွေက ရဟန်းငယ်ရဲ့ ရုပ်လှမှု့ကို အားကျသလို သီဟိုဠ်ကျွန်းမှာ သူတို့ရဟန်းငယ်သာ အလှဆုံးလို့ မှတ်ယူထား ကြပါတယ်။ ဟိုဘက်က အမတ်ကြီးရဲ့သားနဲ့ အကျွမ်းဝင်သူတွေကလည်း အမတ်ကြီးသားရဲ့ ရုပ်လှမှု့ကို အားကျသလို သီဟိုဠ်ကျွန်းမှာ သူတို့အမတ်ကြီးရဲ့သားသာ အလှဆုံးလို့ မှတ်ယူထားကြပါတယ်။
ဒီလိုနဲ့တစ်နေ့ ကိစ္စတစ်ခုနဲ့ နှစ်ဘက် ဆုံဖြစ်ကြပါတယ်။ စကားစပ်မိစပ်ရာ ပြောကြရင်း စကားလမ်းကြောင်းက ဘယ်ကို ဦးတည်သွားကြသလဲဆိုတော့ ရဟန်းငယ်နဲ့ ကျွမ်းဝင်သူတွေက သီဟိုဠ်ကျွန်းမှာ ရဟန်းငယ်သာ အလှဆုံးလို့ ပြောလိုက်မိပါသတဲ့။ ဒီတော့ ဟိုဘက်က အမတ်ကြီးရဲ့သားနဲ့ အကျွမ်းဝင်သူတွေကလည်း သီဟိုဠ်ကျွန်းမှာ သူတို့ အမတ်ကြီးရဲ့သားသာ အလှဆုံးလို့ ပြန်ပြောလိုက်ပါသတဲ့။
နောက်ဆုံးတော့ စကားက ဒီမှာတင် ရပ်မသွားတော့ဘဲ ရဟန်းငယ်က ပိုလှတယ်။ အမတ်ကြီးသားက ပိုလှတယ်ဆိုပြီး နှစ်ဘက် အငြင်းအခုံ ဖြစ်ကြပါရောတဲ့။ ဒီနေရာမှာတင် အမတ်ကြီးရဲ့သား အဖွဲ့ထဲက တစ်ယာက်က “သတ္တိရှိရင် သင်တို့ ရဟန်းငယ်နဲ့ ငါတို့ အမတ်ကြီးရဲ့သား ဘယ်သူ ပိုလှတယ်ဆိုတာ အလှပြိုင်ကြမလား” လို့ ထစိန်ခေါ်လိုက်ပါသတဲ့။ ရဟန်းငယ်ရဲ့အဖွဲ့ကလည်း ဘယ် အညံ့ခံမလဲ “စိန်လိုက်လေ” ဆိုပြီး ပြန်စိမ်ခေါ်လိုက်ပါသတဲ့။ ပြိုင်ပွဲ နေရာကိုတော့ သူတို့ သီဟိုဠ်ကျွန်းရဲ့ အထင်ကရ တစ်နေရာဖြစ်တဲ့ မဟာစေတီကို သတ်မှတ်လိုက်ကြပါတယ်။ မိမိတို့ ရန်ကုန်မှာရှိတဲ့ ရွှေတံဂုံစေတီလို နေရာမျိုးမှာပေါ့။ ရဟန်းငယ်နဲ့ အမတ်ကြီးရဲ့သား ရုပ်အလှ ပြိုင်ကြမယ်ဆိုတဲ့ သီတင်းဟာ သီဟိုဠ် တစ်ကျွန်းလုံး ပြန့်သွားပါတယ်။ ဒီအလှပြိုင်ပွဲမှာ သက်ဆိုင်ရာ လူကြီးတွေ မသိအောင် လောင်းကြေးထပ်တဲ့ ၀ါသနာ အိုးတွေလဲ ပါချင်ပါမှာပါ။
ရဟန်းငယ်နဲ့ အမတ်ကြီးသားတို့ အလှပြိုင်ပွဲမှာ အမတ်ကြီးသားဘက်က သူတွေက သူတို့လူကို အကောင်းဆုံး အ၀တ်အစားတွေ ၀တ်ပေးပြီး ပြိုင်စေခဲ့သလို အလှပြိုင်ပွဲသတင်း ကြားထားတဲ့ ရဟန်းငယ်ရဲ့ မယ်တော်ကြီးကလည်း သူ့သား ရဟန်းငယ်ဆီ အကောင်းဆုံး သင်္ကန်းကို သွားကပ်ပြီး “သားတော် မနက်ဖြန် ဦးခေါင်းကို ပြောင်အောင် ရိပ်ပြီးတော့ ဒီသင်္ကန်းဝတ်ပြီး ပြိုင်ပါ” လို့ ပြောပါသတဲ။
ရဟန်းငယ်နဲ့ အမတ်ကြီးရဲ့သားတို့ အလှပြိုင်ပွဲမှာ ဘယ်သူနိုင်သွားတယ်ဆိုတာ မပြောခင် သူတို့ဘာကြောင့် ရုပ်လှခဲ့ကြတယ်ဆိုတဲ့ အကြောင်းကို ကြားဖြတ်အနေနဲ့ အရင် ပြောချင်ပါတယ်။
လွန်ခဲ့တဲ့ ဘ၀တစ်ခုမှာ ကျောင်းထိုင် မထေရ်ကြီး တစ်ပါးရယ်၊ ဝေယျာဝစ္စ လုပ်ပေးနေတဲ့ ကပ္ပိယကြီး တစ်ယောက်ရယ် ရှိခဲ့ဖူးပါတယ်။ သူတို့နှစ်ဦး နေ့စဉ်ပြုတဲ့ ကုသိုလ်တစ်ခုကတော့ ကျောင်းဝင်းထဲက စေတီတစ်ဆူမှာ မထေရ်ကြီးက တံမြက်လှည်းပြီး ကပ္ပိယကြီးက အမှိုက်ကျုံး ပစ်ပေးပါတယ်။ မထေရ်ကြီးက ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနဲ့ တံမြက်လှည်းခဲ့သလို ကပ္ပိယကြီးကလည်း မထေရ်ကြီးနည်းတူ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ စေတနာပါပါနဲ့ အမှိုက်ကျုံး ပစ်ပေးခဲ့ပါတယ်။
အဲဒီကုသိုလ်ကြောင့်ပဲ သူတို့နှစ်ဦးထဲက တံမြက်လှည်းခဲ့တဲ့ မထေရ်က ရုပ်အလွန်လှတဲ့ ရဟန်းငယ်ဖြစ်ပြီး အမှိုက်ကျုံးပစ်ပေးခဲ့တဲ့ ကပ္ပိယကြီးက ရုပ်အလွန်လှတဲ့ (အမတ်ကြီးရဲ့သား) သူငယ် ဖြစ်လာခဲ့ရတာပါတဲ့။
အတိတ်ဇတ်ကြောင်း သိသွားပြီဆိုတော့ ရဟန်းငယ်နဲ့ အမတ်ကြီးရဲ့သားတို့ အလှပြိုင်ပွဲမှာ ဘယ်သူနိုင်သွားတယ်ဆိုတာ ချစ်တဲ့ စာဖတ် ပရိသတ်တွေ ခန့်မှန်းလို့ ရသွားရောပေါ့။
စာဖတ်သူ ဖြေကြည့်ပေး ပါဦး ဘယ်သူ အနိုင်ရသွားတယ် ဆိုတာ ။
“………………………………………………………………..”
ဟုတ်ပါတယ်။
အတိတ်ဘ၀က တံမြက်လှည်းတဲ့သူ ရဟန်းငယ်က အနိုင်ရသွားပါတယ်။ ဒီဝတ္တုလေးနဲ့အတူ ချစ်တဲ့ စာဖတ်သူတွေအတွက် ဓမ္မလက်ဆောင်လေးလည်း ပူးတွဲ ထည့်ပေးလိုက်ပါရစေဦး။ ရှေးဆရာတွေ စီကုံးထားတဲ့ တံမြက်လှည်းရကျိုး လင်္ကာလေးပါ၊ ကျက်ထားလိုက်ပါဦး။
သူများစိတ်ကြည်၊ ကိုယ်စိတ်ကြည်နှင့်၊ တစ်လီနတ်ချစ်၊ ရောင်လှစ်ဆင်းလှ၊ သေကာလမှာ၊ ရောက်ရနတ်ပြည်၊ ဤငါးထွေသည်၊ မှတ်လေ တမြက်လှည်းခြင်း အကျိုးတည်း။
*****************************************
တံမြက်လှည်းပြီးလို့ ပုံထားခဲ့တဲ့အမှိုက်တွေကို ကျုံးပစ်ရင်း “ရဟန်းငယ်က တံမြက်လှည်းခဲ့လို့ ရုပ်လှတာတဲ့၊ အမတ်ကြီးရဲ့သားက အမှိုက်ကျုံးပစ်ပေးခဲ့လို့ ရုပ်လှတာတဲ့၊ အင်း….. ငါက နှစ်မျိုးလုံး လုပ်တာဆိုတော့ တန်ပြန် သက်ရောက်မှု သဘောအရဆိုရင် ငါက နှစ်ထပ်ကွမ်း အလှပေါ့” ဆိုတဲ့ အတွေးနဲ့အတူ ဒုတိယအကြိမ် ထပ်ပြုံးဖြစ်လိုက်ပါသေးတယ်။ ဒုတိယ အပြုံးရဲ့ မရှေးမနှောင်းမှာဘဲ တတိယ အပြုံးကို ဆက်ပြုံးဖြစ်လိုက်ပြန်ပါတယ်။
အကြောင်းက …… နှစ်ဘက်လုံးရဲ့အလှကို ပိုင်ဆိုင်ထားသူ ဖြစ်လေတော့ မိမိ တစ်ယောက်တည်းများ အလှပြိုင်ပွဲ ကျင်းပနေမိမှဖြင့်…..။
၁။ ပရိဝါ အဋ္ဌ ကထာ - စာမျက်နှာ (၁၇၅)
သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါသည်....
Credit: kokyawzinhein
Wednesday, September 23, 2015
"ရုပ်လှချင်ရင်"
Labels:
အတွေးအမြင်
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment