Monday, September 14, 2015

"တံတားကအစောင့်"


"တံတားကအစောင့်"

တံတားတွေမှာ အစောင့်တွေရှိတာ ကြားဖူးတယ်ဟုတ်။ ဒါက တခြားမဟုတ်ဘူး နေစရာနေရာ အပိုင်ပေးပြီး အစောင့်လုပ်ခိုင်းထားတဲ့ သရဲတစ်မျိုးပါပဲ။ တစ္ဆေနဲ့သရဲ ကွာခြားချက်ကို သိကြပါသလား?။ ကျမထင်တာကတော့ တစ္ဆေကတော့ လူဘဝကနေ ကူးပြောင်းပြီး လူ့ဘဝကအမှတ်တရတွေ မမေ့သေးတဲ့ လူစိတ်မပျောက်သေးတဲ့ ပရလောကသားပေါ့။ သရဲကတော့ အရိုင်းစိတ်ဝင်နေပြီး လူတွေကို ဒုက္ခပေးချင်တဲ့ ပရလောကသားလို့ထင်ပါတယ်။ ကျမအမြင်ပြောတာပါ။ ကျမပြောပြချင်တာက တံတားစောင့်ဆိုတာ သရဲပါပဲ။

ကျမတို့အရင်က မြိတ်မှာ အိုးလုပ်ပြင်ဆိုတဲ့နေရာတစ်ခု ရှိပါတယ်။ တံတားတွေ ကိုယ်ပိုင်ဆောက်ကြတယ်။ လှေတွေကမ်းကပ်ဖို့ လုပ်ထားတဲ့ရပ်ကွက်ပေါ့။ ဒီနေရာမှာဆို စက်လှေနဲ့ပတ်သက်တဲ့ ဆိုင်တွေ လူတွေပဲ အတွေ့ရများပါတယ်။ ကျမတို့ကုမ္ပဏီပိုင် တံတားတစ်စင်း ရှိခဲ့ဖူးပါတယ် ရှိခဲ့ဖူးတယ်ဆိုတာက အခု မပိုင်ဆိုင်တော့လို့ ရှိခဲ့ဖူးတယ်လို့ သုံးနှုန်းခြင်းဖြစ်ပါတယ်။ ၂၀၀၅ ဒီဇင်ဘာမှာ မြိတ်မြို့မှာ မီးအကြီးအကျယ်လောင်ပြီး မြိတ်မြို့တစ်ဝက် ပြာပုံကိုဖြစ်ကရော။ ကျမတို့တံတားလည်း ပါရော။ တရားကျစရာကိုဖြစ်လို့။ အင်း… ပြောချင်တာက ပိုင်ဆိုင်ခဲ့တဲ့အချိန်တုန်းက တံတားစောင့် အကြောင်းပေါ့။

ဒီလိုပါ ကျမတို့က ငါးဖမ်းစက်လှေတွေလည်း လုပ်ပါတယ်။ ဒီတော့ ပင်လယ်ပြင်ကလာပြီဆို တံတားမှာ လူကိုစည်လို့။ ငါးဈေးဒိုင်အကြီးတစ်ခုလိုပေါ့။ ဖမ်းလာသမျှတွေကို အမျိုးအစားခွဲတယ်။ ဆိုဒ်ခွဲတယ်။ Class ခွဲတယ်။ ကီလိုချိန်တယ်။ ဈေးဖြတ်တယ်။ ရောင်းတယ်။ ဒီလိုမျိုးအချိန်ဆို လူတွေအစုံ အကုန်တွေ့ရတတ်တယ်။ ကျမတို့ ဒီလိုသာလုပ်နေရင်း ခြောက်လမြောက်လောက်မှာ ကျမအမေမောင်ပေါ့။ သူက ငါးဖမ်းစက်လှေမှာ လိုက်တာပေါ့။ အဖေကလည်း သူ့ယောက်ဖတွေ အကုန် သူ့အလုပ်ထဲထည့်တာ။ ငါးဖမ်းစင်လှေဝင်လာပြီဆို သူတို့မိန်းမတွေက ပင်လယ်ပြင်ကလာတဲ့ ယောကျာ်းကို လာကြိုကြတာပေါ့။ ဒါနဲ့ အလုပ်တွေပြီးတော့ ဦးလေးကလည်း သူ့မိန်းမကို ဆိုင်ကယ်ပေါ်တင် ပြန်မယ်ပေါ့။ ဒါနဲ့ သူ့မိန်းမကိုဆိုင်ကယ်ပေါ်တင်တော့ အရမ်းပိန်းပါးလွန်းတဲ့ သူ့မိန်းမဟာ အရင်ကနဲ့ကိုမတူအောင် သူတက်လိုက်တာနဲ့ ဆိုင်ကယ်က အိကျသွားရော။ ဒါနဲ့ သူလည်း သိပ်သတိမထားမိပါဘူး။ ဆိုင်ကယ်ကလေးကိုစီး အချစ်ကလေးကိုတင်ပေါ့။ လာရင်းနဲ့ သူက စကားတွေပြောလာတာ။ ဟိုက အင်း အင်း အင်းနဲ့ပဲ ပါလာတာ။ မြို့သစ်တံတားအကျော်လောက်မှာ ကုန်းကျော်တံတားလေးတစ်ခု ရှိတယ်။ ကုန်းလေးအကျော်ရောက်ရော ဒုန်းကနဲ အသံကြားတယ်။ ဒါပေမယ့် သူက ဘာမှန်းမသိဘူး။ နောက်တော်တော်လှမ်းလှမ်းရောက်တော့ အနောက်လှည့်ကြည့်တော့ သူ့မိန်းမမရှိတော့ဘူး။ သူလည်း ဟာကနဲ ဖြစ်သွားရော။ ဆိုင်ကယ် အနောက်ပြန်ကွေ့တော့ ကုန်းကျော်တံတားအနား လမ်းဘေးလေးမှာ ခွေခွေကလေး သူ့မိန်းမကိုတွေ့ရော။ သူ ပြာသွားတာပေါ့။ သူပြန်ပြောပြတာက အဲ့တုန်းက သူ့ဆိုင်ကယ်က သူ့မိန်းမကျသွားချိန်မှာတောင် မပေါ့သွားဘူးတဲ့။ နောက်တော့ အသံအရမ်းတိတ်သွားလို့ လှည့်ုကြည့်မှ မရှိမှန်းသိတာ။ ဦးလေးလည်း လဲကျနေတဲ့ သူ့မိန်းမကို တွဲပြီး ဆိုင်ကယ်ပေါ်တင်တဲ့အချိန်မှာ ဇာတ်လမ်းစတာပဲ။ အဒေါ်ဟာ တဟီးဟီးနဲ့ စညည်းနေတော့ နာလို့ပဲထင်နေတာ။ နောက်တော့ ခေါင်းက ကိုင်းတိုင်းတိုင်းနဲ့။ ဦးလေးကတော့ ဘာဖြစ်မှန်းမသိတာ။

အိမ်ကိုခေါ်လာတော့ အခန်းထဲတန်းဝင်သွားတာ။ ယောကျာ်းကိုရော သမီးလေးကိုပါ အကပ်မခံဘူး။ ဦးလေးလည်း ထူးဆန်းတယ်ပဲ စိတ်ထဲထင်နေတာ။ သူထင်တာက ဆိုင်ကယ်ပေါ်ကကျသွားလို့ သူ့ကို စိတ်ကောက်တယ်ပဲထင်နေတာ။ ဒါနဲ့ သူက ဘာမှမပြောတော့ဘူး။ ဘုရားစင်ရှေ့မှာ သမီးလေးနဲ့ အိပ်နေတာ။ ညကျတော့ နောက်ဖေးကနေ အသံကြားတော့ ထကြည့်တာ။ အားလားလား သူ့မိန်းမ လှေပေါ်ကယူလာတဲ့ ငါးတွေ အစိမ်းတိုင်းကြီး စားနေတာ။ ငါးကွန်းရှပ် (ဘိတ်အခေါ် ဘီးဇင်းပေါ့)။ ခေါင်းကနေစားတာ။ အရိုးပါဝါးလို့။ သူလည်းကြောင်သွားပြီး သူ့မိန်းမကို ကြည့်တော့လည်း ငါးခေါင်းကြီး ကျွတ်ကျွတ်ဝါးလို့။ သူက ထအော်တာပေါ့။ မင်းဘာဖြစ်တာလဲ၊ ဘာလုပ်တာလဲ၊ ဘာလို့စားတာလဲလို့ မေးတော့ သူ ဗိုက်ဆာလို့တဲ့။ ပြန်ဖြေတာက ယောကျာ်းသံကြီး။ ပြီးတော့ ပြောလိုက်သေးတယ်။ နင်တို့တံတားမှာ ငါစောင့်တာကြာပြီ ငါ့ကိုအစာလည်းမကျွေးဘူး ငါဆာတယ်တဲ့။ ဒီတော့မှ ဦးလေးက တစ်ခုခုတော့မှားနေပြီဆိုတော့ မိန်းမကို ပါးချရော။ တကယ်တော့ လန့်လွန်းလို့လုပ်လိုက်တာ။ ကျမပြောဖူးတယ်လေ။ မြိတ်မှာ ညဆို တိတ်ဆိတ်ရောလို့။ ဒီတော့ ဒီလိုညနက်ကြီး ဒီလိုမြင်ရတော့ သွေးပျက်တာပေါ့။ နောက် သူက သရဲကြောက်တတ်တယ်။ ဒီတော့ လုပ်မိလုပ်ရာ လုပ်တော့ ဟိုက သူ့ကို မျက်လုံးပြူးကြီးနဲ့ကြည့်တာ။ ပြီးတော့ မင်းငါ့အကြောင်းကောင်းကောင်းသိမယ်လို့ ထလိုက်တာ။ ပထတော့ ဦးလေးက ထွက်ပြေးမလို့။ နောက်ပိုင်း ဦးလေးကပြောတယ် ဒီအချိန်မှာ သူသတိရလိုက်တာက သူ့သမီးလေး အိပ်နေတာဆိုတော့ အိမ်အပေါ်ထပ် တက်ပြေးတော့ ဟိုက လိုက်လာတယ်။ လှေခါးထစ်တွေက ဆယ့်ငါးဆင့်လောက်ရှိတာ။ တစ်ခါ တစ်ခါ ခုန်တက်တာ သုံးဆစ်တစ်ခါလောက်ခုန်ပြီး လိုက်တာတဲ့။ ဦးလေးလည်း ပြေးပြီး ဘုရားစင်ရှေ့က သမီးလေးကို ပွေ့ထားလိုက်တယ်။ လှေခါးအပေါ်ဆုံးအဆစ်ရောက်တော့ ဟိုက လိုက်မလာဘူးတဲ့။ လှေကားမှာထိုင်ပြီး သူ့ကို မျက်လုံးနီကြီးနဲ့ ကြည့် တောက်ခေါက်နေတာ။ ဦးလေးတို့အိမ်က ဒီလို အောက်ထပ်မှာ ရေချိုးခန်း၊ မီးဖိုချောင်၊ အိမ်ခန်း အကုန်လုပ်ထားပြီး အိမ်ပေါ်မှာ ဘုရားစင်တစ်ခုပဲထားတာ။ သူ့မိန်းမကိုက ဘုရားတရား သိပ်မလုပ်ဘူး။ ဝတ်ကျေတမ်းကြေပဲ။ ဦးလေးလည်း ပင်လယ်မှာချည်းဆိုတော့ ဒါတွေ သိပ်ဂရုမစိုက်ဘူး။ ဘုရားစင်မှာ ပန်းခြောက်တွေတောင် ဖုန်ကပ်လို့။ အဲ့လိုနေတာ။ ဒါပေမယ့် အဲ့ညတုန်းက ဦးလေး ကောင်းကောင်းသိသွားတာက သူ ဒီလို ဘုရားတရားမလုပ်ဖြစ်တာတောင် ဘုရားဆင်းတုတော်လေးက သူ့အသက်ကို ကယ်သွားတာ။ တကယ်လုပ်ရင်ဆိုတဲ့ အတွေးလေးဝင်ပြီး ခုများလုပ်လိုက်တဲ့ဘုရားတရား။ တကယ်အဟုတ်နော်။ ကြုံဖူးမှသိတာ။ ဒါနဲ့ဆက်ပြောမယ် သူတို့အိမ်အပေါ်ထပ်မှာ ဝရံတာလေး ထုတ်ထားတာ။ တကယ်လို့များ လိုက်လာရင် သူခုန်ချမယ်ပေါ့။ သူက သမီးလေးကိုပွေ့ထားတာ။ ဟိုက မလိုက်လာတော့ သူလည်း ဘုရားစင်ရှေ့က မခွာတော့ဘူး။ တစ်ညလုံးပဲ သူ့မှာ မျက်တောင်တောင်မခတ်ရဲဘူး။ ဟိုက တောက်ခေါက်လိုက်၊ အံကြိတ်လိုက်၊ လှေကားကို ခြေနဲ့ တဒုန်းဒုန်းဆောင့်တာနော်။ အိမ်ကခါရမ်းနေရော။ ဒီပိန်သေးသေးလေးက လုပ်တာနော်။ သူ့ကိုလည်း ကုတ်ချိုးမယ်ဘာမယ်နဲ့ ကြိမ်းတာ။ မနက်လေးနာရီလောက်ကြတော့ သူ့ကို တောက်ခေါတ်ပြီး အိမ်အောက်ဆင်းသွားတယ်။ အိမ်ခန်းထဲဝင်ရော သူလည်းဘာပြောကောင်းမလဲ ပတ်ဝန်းကျင်ကိုခေါ် အကူညီတောင်းတာပေါ့။ အိမ်နီးနားချင်းတွေလာတော့ သူ အိမ်အောက်မဆင်းရဲတော့ ဟိုက တံခါးကန်ဖျက်ပြီးလာတာ။ လူအုပ်နဲ့ဆိုတော့ သူ့မိန်းမကငြိမ်လို့။ သူပြောပြတော့ ဟိုက ဘာမှမသိသလိုအထာနဲ့ မျက်လုံးလေး ကလယ်ကလယ် (ရွှေမှုန်ရတီမဟုတ်)။ ဒါနဲ့ လူတွေကလည်း ဘာဖြစ်မှန်းမသိ။ ဒါနဲ့ သူတို့ရပ်ကွက်က ဆရာခေါ်လာတော့ ပွဲတွေဘာတွေပေးတာပေါ့။ ဟိုက အဲ့တော့မှထလာပြီး မီးထွန်းထားတဲ့ ဖယောင်းတိုင်ရော အမွှေးတိုင်ပါ ဝါးစားပါလေရော။ လာကြည့်တဲ့မိန်းမတွေက အိမ်ပေါ်ကဆင်းပြေးရော။ ဖြစ်ချင်တော့ ဦးလေးကပွဲပေးမယ်ဆိုတော့ ငါးကင်ထည့်ရမယ်တဲ့။ ကင်တုန်း ဟိုက ရောက်ချလာတော့ ကြောက်ပြီး ငါးကင်တံကိုလွှတ်ချလိုက်တယ်။ အဲ့ဒီမှာ မီးဖိုထဲက ငါးကင်ကို လက်နဲ့နှိုက်လိုက်တယ်။ ပြီးတော့ မီးခဲတွေပါစားရော။ ဒါမှပိုဆိုးရော။ ဆရာပါအိမ်ပေါ်က ဆင်းပြေးတော့ ကျန်တဲ့သူတွေလည်း အခြေအနေမဟန်တော့ အကုန်ပြေး။ ဦးလေးလည်း ဘယ်နေမလဲ ပြေးတာပေါ့။

ဒါနဲ့ အမေ့ဆီရောက်လာတော့ အမေက သူ လိုက်ကြည့်မယ်ဆိုပြီးသွားတာ။ အမေက ပရိတ်ကြီး ၁၁ သုတ် အလွှတ်ရတာဆိုတော့ ပရိတ်ရွတ်ပြီး လိုက်သွာတယ်။ အိမ်ဝရောက်တော့ ဒူးတစ်ချောင်းထောင်ပြီး ထိုင်နေတာ။ အမေ့ကိုမြင်ရော ဆဲတာမှအစုံ။ နင့်ကိုမမြင်ချင်ဘူးဆိုပဲ။ အမေကလည်း အိမ်နားမရောက်တရောက်အထိ တိုးသွားပြီး နတ်တွေဘာတွေပင့် ပရိတ်ကို အသံထွက်ရွတ်တာ။ ဒါနဲ့ ဟိုက ထငိုရော မရွတ်ပါနဲ့တော့ သူ့ကို သနားပါဆိုပြီး ကြမ်းပြင်ပေါ်လဲချပြီးငိုတာ။ အဲ့အချိန်မှာ ရပ်ကွက်ထဲကလူတစ်ယောက်က ဘုန်းကြီးပြေးခေါ်တာပဲ။ ဘုန်းကြီးလိုက်လာတော့ ဘုန်းကြီးက ခပ်တည်တည်ပဲ။ ဘုရားစင်ကိုမေးပြီး အိမ်အပေါ်တန်းတက်သွာတယ်။ နေရာလုပ်ခိုင်းပြီး အဒေါ်ကိုခေါ်လာခိုင်တာ။ ဟိုက မလိုက်ဘူးပဲငြင်းနေတော့ ယောကျာ်းကြီးသုံးယောက် မနည်းပွေ့ခေါ်ရတယ်။ ဘုရားစင်ရှေ့ရောက်တော့ ဘုန်းကြီးကမေးတာပေါ့။ ဘယ်ကလာလဲ။ ဘယ်လိုဝင်ပူးကပ်တာလဲပေါ့ဆိုတော့ ဟိုက ပြောပြတာက သူက တံတားမှာစောင့်တာတဲ့။ တံတားထိပ်ကတိုင်မှာ သူနေတယ်။ အစက သူက ဘုန်းကြီးကျောင်းမှာနေတယ်။ ကျောင်းက အသစ်ပြန်ဆောက်တော့ ဒီတိုင်ကပါလာတာ။ တံတားရောက်တော့ တံတားမှာစောင့်ပေးတယ်။ သူ ခြောက်လလောက်စောင့်နေတာ။ လှေတွေ ဒီလောက် ဝင်လာလို့ ငါးတွေအများကြီးရတာတောင် သူ့ကို အစာမကျွေးဘူးပေါ့။ တစ်နေ့ ဒီမိန်းမက တံတားထိပ်မှာ ငါးကြော်တယ်တဲ့ သူကလည်း စားချင်လို့ နှိုက်စားတာပေါ့။ သူနှိုက်လို့ အောက်ကျသွားတာကို ပြန်ကောက်သွားတော့ အဲ့ဒီကတည်းက မကျေနပ်တာပေါ့။

လှေဝင်လာတဲ့နေ့က အဲ့မိန်းမနောက် သူလိုက်လာတာ ကုန်းကျော်တံတားလေးရောက်တော့ သူတွန်းချပြီး ဝင်ပူးကပ်လိုက်တာပေါ့။ အကုန်ပြောပြပြီးငိုတော့ ဘုန်းကြီးက ဒီလိုဆိုရင် မင်း ငါးစားရရင် ထွက်မလားဆိုတော့ ခေါင်းညိတ်ပြတယ်။ ဒါနဲ့ သူ့ကို ဘယ်လိုစားချင်လဲမေးတော့ ငါး အစိမ်းကြီးပဲတောင်းတာ ငါး အကောင်ကြီး ခြောက်ကောင်လောက်စားပြီးတော့ အဒေါ် မေ့လဲသွားတယ်။ ဘုန်းကြီးကသိတယ် ထွက်သွားပြီဆိုတာ။ ပရိတ်ရေတွေဘာတွေတိုက်တော့ သတိရလာတယ်။ ဒါပေမယ့် ဘာမှကိုမမှတ်မိတာ။ နောက်နေ့တော့ တံတားမှာ ပရိတ်ချည်တွေ လိုက်ချည်တယ်။ ပရိတ်ရွတ်တယ်။ ကမ္မဝါဖတ်တော့ ဒီလိုမျိုးတွေ ထပ်မကြုံရတော့တာ အမှန်ပါ...

ပြီးပါပြီ

Credit: asangyi

No comments:

Post a Comment