"မျောက်အုန်းသီးထောင်ချောက်"
တစ်ခါတစ်လေ ခင်ဗျားတို့တစ်တွေ မနက် အိပ်ယာကနိုးရင် ဘာ့ကြောင့်ရယ်မသိ စိတ်ဖိစီးနေတာမျိုး ဖြစ်ဖူးကြလား။ တစ်စုံတစ်ခုက ခင်ဗျားတို့ကို ဖမ်းစားထားသလို။ ပြည့်ကျပ်နေသလို စတဲ့ ခံစားချက်လေးတွေပေါ့။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော် ခင်ဗျားတို့ကို ပုံပြင်တစ်ခု ပြောပြချင်တယ်။ ပုံပြင်ဆိုတာထက် တကယ်က ရိုးရိုးထောင်ချောက် တစ်ခု အကြောင်းပါ။ ဒါပေမယ့် ဒီအကြောင်းမှာ ခင်ဗျားတို့ ကျွန်တော်တို့ ဖြစ်လေ့ရှိတဲ့ စိတ်ဖိစီးမှုအတွက် အဖြေပါတယ်။
ထောင်ချောက်ကလေး နာမည်က "မျောက်အုန်းသီး" လို့ ခေါ်တယ်။
ဒီထောင်ချောက်လေးတွေကို တောင်ပင်လယ် အစပ်နားဆီက ဘော်နီဆိုတဲ့ ကျွန်းပေါ်မှာ အများအပြား တွေ့ရတယ်။ ဒေသခံ ကျွန်းသား ကျွန်းသူတွေဟာ ဒီမျောက်အုန်းသီး ထောင်ချောက်ကို အသုံးပြုလို့ မျောက်ဖမ်းလေ့ ရှိကြပြီး မိတဲ့ မျောက်တွေကို ကမ္ဘာအနှံ့က တိရိစ္ဆာန်ရုံတွေဆီကို ရောင်းစားကြပါတယ်။ ဒါ့ကြောင့် ထိခိုက်မှုမရှိအောင် ဖမ်းတဲ့နေရာမှာ ဒီထောင်ချောက်လေးက အလွန် အသုံးဝင်လှပါတယ်။
ထောင်ချောက်ကလေး ပြုလုပ်ပုံက လွယ်လွယ်လေး။ အုန်းသီးလေးကို ထိပ်ကနေ မျောက် လက်တစ်ချောင်း ထည့်စာလောက် ဖွင့်လိုက်။ အရည်တွေ သွန်ထုတ်။ ပြီးရင် အထဲမှာ မျှားစာ အနေနဲ့ ဌက်ပျောသီး တစ်လုံးထည့်။ ပြီးတာနဲ့ အုန်းသီးအောက်ကို ချိန်းကြိုးနဲ့ ချိတ်ပြီး ကြိုးကို အပင်ရင်းမှာ ချည်ထား။ ပြီးရင် အုန်းသီးနား တစ်ဝိုက်မှာလဲ ဌက်ပျောသီး သုံး၊ လေးလုံး ချထားလိုက်။ ဒါပဲ။ ကဲ... မလွယ်ဘူးလား။
မျောက်လာပြီဆိုရင်.. မျောက်က အပြင်မှာရှိတဲ့ ဌက်ပျောသီးတွေကိုတွေ့။ တွေ့တော့ လာစား။ စားနေတုန်းမှာ အထဲက ဌက်ပျောသီးကို တွေ့။ ဒီတော့ ဝမ်းသာအားရ လက်နဲ့ နှိုက်လို့ ပြန်ထုတ်တာပေါ့။ ဒါပေမယ့် အဝက မျောက် လက်တစ်ချောင်းဝင်စာပဲ ဆန့်တော့ ဘယ်လိုနည်းနဲ့မှ ဌက်ပျောသီး ကိုင်ထားတဲ့လက်က ပြန်မထွက်လာဘူး။
ဒီတော့ မျောက်အနေနဲ့ ဒီဘေးက လွတ်ချင်ရင် ဌက်ပျောသီးကို လွှတ်ချမှကို ဖြစ်မယ်။ ဒါမှ ရှောရှောရှူရှူ လက်ပြန်ထွက်လာမှာလေ။ သနားစရာ မျောက်ဆိုတာ ဒီလိုမျိုး ဘယ်တော့မှ မတွေးတတ်ဘူး။ ဌက်ပျောသီးကို မလွှတ်တမ်း ဆုပ်ထားလေ့ ရှိတယ်။ ပြီးရင် ရွှေဉာဏ်တော် စူးရောက်တာက အုန်းသီးကို မပြေးလေ့ရှိတယ်။ ဒီအခါမှာလဲ ချိန်းကြိုးနဲ့ အုန်းသီးက ဆွဲထားလေတော့ ဝေးဝေးမရောက်။
ဒီလို အုန်းသီးကို မလိုက် ဟိုပြေးလိုက် ဒီပြေးလိုက် လုပ်နေရင်းနဲ့ မျောက်ဟာ မောလာတယ်။ ဒီတော့မှ မျောက်ဖမ်းသမားတွေက ပုန်းနေရာက ထွက်ပြီး အလွယ်တကူ မျောက်ကို ဖမ်းတော့တာပဲ။ ဒီ ထောင်ချောက်လေးနဲ့ မျောက်ဖမ်းပုံကို သိလိုက်ရတဲ့အခါမှာ တွေးမိတာလေး တစ်ခု ရှိတယ်ဗျ။
"လူတွေရော မျောက်အုန်းသီးလို ထောင်ချောက် မိနေသလား ဆိုတာ။"
လူသားတွေကတော့ မျောက်တွေလို တကယ်ကြီးကို အုန်းသီးထဲ လက်ထည့်လေ့တော့ မရှိကြပါဘူး။ သို့သော် လူကြီးတွေရော လူငယ်တွေရော ကျွန်တော်တို့တတွေ မျောက်အုန်းသီးကဲ့သို့သော ပတ်ဝန်းကျင်မှာ ပိတ်မိနေတတ်တယ်။
ပိုင်ဆိုင်မှု၊ အလုပ်အကိုင်၊ လူမှုဆက်ဆံရေး စတဲ့ အခြေအနေတွေကို မလွတ်တမ်း ဆုပ်ကိုင်ထားကြတာ မျောက်ကိုင်ထားတဲ့ အုန်းသီးလိုပဲ။
သဘောက ဘာလဲဆိုတော့ ပုံပြင်လေးကို ပြန်ကြည့်မယ် ဆိုရင် "မျောက်က အုန်းသီးကို ကိုင်ထားတယ်" ဆိုရာမှာ အုန်းသီးဟာ သူ့အတွက် သုခလား ဒုက္ခလား။ လေးလေးပင်ပင်နဲ့ ဗျာ။ ဒါကြီးမနည်း ရွှေ့ပြီးသွားနေရတာ။ ဒုက္ခပေါ့။
ဒါပေမယ့် ဒါကြီးကို မလွှတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အထဲက သုခ "ဌက်ပျောသီး" ကြောင့်။ သူ ဒီ ဌက်ပျောသီးကို စားချင်တာ။ ဒီဌက်ပျောသီးကို စားချင်စိတ်နဲ့ အုန်းသီးကို သယ်ထားရတာ။
ဒါ့ကြောင့် ကျွန်တော်တို့ လူနေမှု ရှုထောင့်ကနေ ပြန်ကြည့်မယ် ဆိုရင်... ပိုင်ဆိုင်မှုတွေဖြစ်တဲ့ ဥပမာ.. တီဗွီ ဆိုပါစို့။ ဒါကြီးကို ဝယ်ထားတယ်ဗျာ။ ဘာလို့ ဝယ်သလဲဆိုတော့... အထဲက သုခကြောင့် ဒီ ဒုက္ခကြီးကို ဝယ်ထားတာ။
ဒီလိုပဲ ကိုယ်မကြိုက်ပဲ လုပ်နေရတဲ့ အလုပ်တို့၊ မနေချင်ပဲ ရောက်နေရတဲ့ အရပ်တို့၊ မရှိချင်ပဲ ကြည့်နေရတဲ့ ပစ္စည်းတို့ စသဖြင့် စေ့စေ့တွေး ရေးရေးပေါ် ဆိုသလို တဖြည်းဖြည်းနဲ့ ဒီ မျောက်အုန်းသီးလေးတွေ ကိုယ့်ဆီမှာ အရမ်း များနေတာကို တွေ့လာရလိမ့်မယ်။ ဒီလို မျောက်အုန်းသီးလေးတွေ ကိုယ့်ဆီမှာ ရှိနေမှန်း သိတယ်ဆိုရင်ကို ကျွန်တော် ဒီပို့စ်လေး ရေးရတာ တန်သွားပါပြီ။
"မျောက်အုန်းသီးလေးကို လွှတ်လိုက်ပါ" လို့တော့ ကျွန်တော် မတိုက်တွန်းလိုပါဘူး။ လူတိုင်းလူတိုင်း ဒီ မျောက်အုန်းသီးလေးထဲကို တမင် လက်ထည့်ထားတာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိတယ်လေ။
ဒီတော့ ထည့်ထားပါ။ ရပါသေးတယ်။
ဒါပေမယ့် ပုံပြင်ထဲကမျောက်လို လူတွေ လာခေါ်တဲ့အခါမှာ ဌက်ပျောသီး လွှတ်မချလို့ အုန်းသီးဖက်ရက်လေး အမိခံရတဲ့ အဖြစ်တော့ မဖြစ်စေကြပါနဲ့။ လွှတ်သင့်ချိန်မှာ လွှတ်ပြေးနိုင်ကြပါစေ။
Credit: မှတ်စုကြမ်း
Friday, September 18, 2015
"မျောက်အုန်းသီးထောင်ချောက်"
Labels:
လူမှုဘဝ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment