Wednesday, September 30, 2015

"အမှတ်တရ အဖြစ်အပျက်"


"အမှတ်တရ အဖြစ်အပျက်"

သင်မရိုက်ခဲ့တဲ့ အမှတ်တရ ဓာတ်ပုံတွေအတွက် သင် နောက်ကျရင် အမြဲ ရာနှုန်းပြည့် သတိတရ ရှိနေလိမ့်မယ်…။
( ဝေး ဂ၇က်ဇကီး)

အခုပြောမဲ့ ဇာတ်လမ်းလေးက လီလီနဲ့ ဒေးဗစ်တို့ ၂ ယောက် ဘယ်လို ဆုံဆည်းခဲ့ကြလဲဆိုတာ ဒါမှမဟုတ် သူတို့ အမြဲပြောနေတဲ့ တွေ့ဆုံမှုအကြောင်းအရာလေး တခုပါပဲ... ကျွန်တော့်အနေနဲ့ နှစ်ပေါင်းများစွာတိုင်အောင် အမှန်အတို်င်း မသိခဲ့ရတဲ့ အကြောင်းအရာလေး တစ်ခုပေါ့။

လွန်ခဲ့တဲ့ ၃ နှစ်လောက်က မိသားစုတစ်စု ကျွန်တော်တို့နေတဲ့ ဘရွန့်ဇ်ဆိုတဲ့ နေရာလေးရဲ့ အဆောက်အအုံ တတိယထပ်အခန်းလေးကို ပြောင်းလာကြတယ်...

သားဖြစ်သူက ဒေးဗစ်... ပြီးတော့ သူက ဆေးကျောင်းတက်ဖို့အတွက်လာတာတဲ့၊ သူက စာကြမ်းပိုးလေ... ဒါကြောင့် သူ့အားလပ်ချိန် အများစုကို စာကြည့်တိုက်မှာပဲ ကုန်ဆုံးစေခဲ့တယ်...

အဲဒီရဲ့ စာကြည့်တိုက်မှူးက လှပကြော့ရှင်းပြီး စကားပြောချိုသာတဲ့ လီလီဆိုတဲ့ အမျိုးသမီးပေါ့... ကျွန်တော်တို့ ကလေးတွေ အကုန်လုံး သူမကို သဘောကျကြတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ စာအုပ်တစ်အုပ်လိုချင်လို့ ရှာမတွေ့ရင် သူမလုပ်နေတဲ့ အလုပ်တွေကို ရပ်ပြီး၊ ချိုသာတဲ့ အပြုံးနဲ့ နွေးထွေးစွာ ပြုံးပြပြီး ကျွန်တော်တို့အတွက် စာအုပ်ရှာပေးနေကျလေ... သူမက အလုပ်ကြိုးစားသူတယောက်လို့ ဆိုရမှာပေါ့။

သူမက ကျွန်တော်တို့ရဲ့ အိမ်နီးချင်း မိတ်ဆွေအသစ်။ ဒေးဗစ်ကို  တိတ်တခိုး စွဲလမ်းနေတယ်၊ ဒေးဗစ် စာကြည့်တိုက်ကို လာပြီဆိုရင် လီလီရဲ့ မျက်လုံးတွေ အရောင်လက်လာပြီး သူလိုချင်တဲ့ စာအုပ်တွေကို စာအုပ်စင်တွေကြားမှာ သွားရှာပေးနေကျလေ... ဒါပေမဲ့ သူမက ဒေးဗစ်နဲ့ စကား သိပ်များများပြောလေ့မရှိဘူး၊ သူမက အရှက်အကြောက်ကြီးတယ်လေ၊ ပြီးတော့ အဲဒီခေတ်အချိန်တုန်းက လူစိမ်းတယောက်ကို မသိပဲနဲ့ မိန်းကလေးတယောက်က စကားပြောလေ့ မရှိဘူး။

တစ်ညနေကျတော့... လီလီ စာကြည့်တိုက် ပိတ်တဲ့အချိန်မှာ... သူမရဲ့ လက်ထောက်တယောက်က စားပွဲခုံနားကနေ ပိတ်ထားတဲ့ စာအိပ်တခုကောက်ရတယ်... သူက လီလီကို ပြတယ်၊ မေဂျာစီးတီး ဆေးရုံက ပို့တဲ့စာဖြစ်ကြောင်း သိရတယ်၊

လက်ထောက်က ပြောတယ်...." ကြည့်ရတာ စာက အရေးကြီးတဲ့ ပုံစံပဲ... သနားစရာ  လူတယောက်ကတော့ စိတ်ပူပန်ပြီး လိုက်ရှာနေတော့မှာပဲ၊ သူ့ရဲ့စာအုပ် ဒါမှမဟုတ် အိတ်ကပ်ထဲက ထွက်ကျခဲ့တာနေမှာ "

လီလီ စာလက်ခံသူရဲ့ လိပ်စာကို ကြည့်လိုက်တော့ အံ့သြစရာကောင်းတာက စာပိုင်ရှင်ဟာ သူနေတဲ့တိုက်ရဲ့ ဘေးချင်းကပ်ရပ်က ဖြစ်နေတာ သိသွားတယ်၊ ဒါနဲ့ သူမလဲ စာအိတ်ကို ယူပြီး အဲဒီစာပိုင်ရှင်ရဲ့ အခန်းကို သွားဖို့ ပြင်ဆင်လိုက်တယ်။

သူမ မီးတွေအကုန်လုံးပိတ်လိုက်တယ်... ပြီးတော့ စာကြည့်တိုက်ကို သော့ခတ်၊ အိမ်ကို ရောက်တာနဲ့ အိတ်တွေကို ချ... ပြီးတော့ စာအိတ်ကိုယူပြီး အိမ်ရှေ့က စာတိုက်ပုံးကို ထွက်လာခဲ့တယ်။ ပြီိးတော့ အထဲမှာ ရှာကြည့်လိုက်တော့ ဂေါ်ဒန်ဆိုတဲ့ မျိုးရိုးနာမည်တူတဲ့ စာအိတ်တလုံးကို ထပ်တွေ့ရတယ်... ဒါနဲ့ သူလဲ အဲဒီတိုက်ရဲ့ ခေါင်းလောင်းကို တီးလိုက်တယ်။

"ဘယ်သူလဲ" စကားပြောစက်မှ အမျိုးသမီးအသံတခု ထွက်ပေါ်လာတယ်။

" ကျွန်မ စာကြည့်တိုက်မှူးပါ " လီလီက ပြန်ဖြေတယ်။ " ကျွန်မတို့ စာကြည့်တိုက်မှာ ဒေးဗစ်ဂေါ်ဒန်ဆိုတဲ့ နာမည်နဲ့ စာအိတ်တစ်အိတ် ကောက်ရထားပါတယ်.... ဒီကလူနဲ့များ ပတ်သက်နေမလား၊ ကြည့်ရတာ အရမ်းအရေးကြီးပုံ ရပါတယ်" လို့ လီလီက ပြောလိုက်တယ်။

ခဏကြာတော့ အသံတခု ထွက်လာတယ် "ဟုတ်ပါတယ်၊ ကျွန်မ အခန်းနံပါတ် ဘီ ၃ ကို ယူလာပေးလို့ရမလား၊ ကျွန်မက တပတ်လောက်က ချော်လဲထားလို့ လှေကားအတက်အဆင်း လုပ်လို့ မရလို့ပါ"

ဒါနဲ့ လီလီလဲ အပေါ်ထပ်ကို တက်သွားတော့ သူမကို အသံချိုချိုသာသာနဲ့ အသက်ကြီးကြီး အမျိုးသမီးက ဘီးတပ်ကုလားထိုင်ပေါ်ကနေ နှုတ်ဆက်တယ်...

သူမကပြောတယ် "ကျေးဇူးတင်လိုက်တာ.. အမေက လှေကားတောင် အတက်အဆင်း လုပ်လို့မရဘူး... မြင်တဲ့အတိုင်းပဲ သမီးရေ" လို့ ပြောတယ်။

လီလီက ပြုံးပြတယ်။ "ကျွန်မ သဘောပေါက်ပါတယ်။ ဒီမှာ စာပါ အမေ၊ ဒါနဲ့ ဒေးဗစ်ဂေါ်ဒန်ဆိုတာ အမေရဲ့ ခင်ပွန်းလား" လို့ မေးလိုက်တယ်။

သူမက "အို မဟုတ်ပါဘူး.... သူက အမေ့ သားပါ။ အမေတို့ ဒီစာကို ပျောက်လို့ ရှာနေတာ ကြာပြီလေ" ပြီးတော့ လီလီကို ခြေစွန်းခေါင်းစွန်းကြည့်တယ် ..... "သမီးပြောတာ စာကို စာကြည့်တိုက်မှာတွေ့တယ် ဟုတ်လား" လို့ မေးလိုက်တယ်။

"ဟုတ်ကဲ့ ကျွန်မက အဲဒီမှာ စာကြည့်တိုက်မှူးပါ.... ဒါပေမဲ့ နေတာကတော့ ဟိုဘက်တိုက်မှာပါ။ ဒါကြောင့် စာယူလာပေးနိုင်တာပေါ့"

"သမီးလာ ထိုင်ပြီး လက်ဖက်ရည်လေးဘာလေး သောက်ဦးလေ"

လီလီဝင်ထိုင်လိုက်တယ်။ အဲဒီအမျိုးသမီးက လီလီကိုပြောတယ်၊ "အမေက သားအတွက် စာလာတိုင်း၊ မီးဖိုချောင်ထဲက စားပွဲပေါ်မှာ တင်ထားနေကျ သမီးရဲ့၊ သူရှာရလွယ်အောင်လေ၊  ဒီစာက အရေးကြီးတယ်။ ဒါကြောင့် သူ့စာအုပ်ထဲ အမေ ညှပ်ပေးလိုက်တာလေ... သူက ဆေးရုံက အထူးကုဆရာဝန် မကြာခင် ဖြစ်တော့မှာ" လို့ ဂုဏ်ယူစွာ ပြောလိုက်တယ်။

အဲဒီနောက် တံခါးပွင့်လာပြီး သူ့မရဲ့သား ဒေးဗစ် ၀င်လာတယ်။ လီလီ ဒီလူငယ်ကို စွဲလမ်းခဲ့တာ ကြာပြီလေ။ ခု ရုတ်တရက် မြင်လိုက်ရတော့ ရင်ခုန်သံတွေ ပိုမြန်လာတယ်လို့ သူမ ခံစားလိုက်ရတယ်။  သူ့အမေက သားကို စာနဲ့ပတ်သက်ပြီး ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ်။

ဒေးဗစ်က လီလီကို အံသြတဲ့ ပုံစံနဲ့ကြည့်ပြီး "အော်.... ယူ က စာကြည့်တိုက်ကလား .... ကျေးဇူးတင်ပါတယ်ကွာ။ ကိုယ် ဒီစာကို ရှာတာ နှံ့နေတာပဲ" လို့ ပြောလိုက်တယ်။ ပြီးတော့ သူ့အမေဘက်လှည့်ပြီး ပြောတယ် "တွေ့လားအမေ၊ ကျွန်တော့်ကို ဆေးရုံမှာ ဆေးဝါး အစီအစဉ်အတွက် အလုပ်လုပ်ဖို့ လက်ခံလိုက်ပြီလေ"

ပြီးတော့ လီလီဘက်ကိုလှည့်ပြီး ရှက်ကိုးရှက်ကန်း ပြောတယ်၊ "ကျေးဇူးတင်ပါတယ် မိန်းကလေး။ ဟာ မဟုတ်သေးပါဘူး... ကိုယ် ယူ့ နာမည်ကို မမေးလိုက်မိဘူး .... "

"လီလီပါ " သူမက နွေးထွေးတဲ့ အပြုံးနဲ့ ပြောတယ်။ သူမနှလုံးသားက လှုပ်ခါနေပါတယ် .... သူမရဲ့ ပါးပြင်မှာလဲ ရှက်သွေးရောင် သန်းနေတယ်လို့ ခံစားနေရပါတယ်။

အဲဒီနောက် အမေဖြစ်သူက "ထိုင်ကြလေ" လို့ ၂ ယောက်လုံးကို ပြောလိုက်တယ်။

လီလီက ဒေးဗစ်ကို "ရှင်က ဘယ်ဘာသာကို ရွေးချယ်ဖို့ စိတ်ကူးထားလဲ" လို့ မေးတယ်။ ဒေးဗစ်က " နှလုံးအထူးပြု ဘာသာရပ်" လို့ ပြောတယ် "ဒီစာက ကျွန်တော့်ဘ၀ရဲ့ တဆစ်ချိုးပဲလေ .... ဆေးရုံက စာမလာခင်ကဆို စိတ်ပူလိုက်ရတာ ... ကျွန်တော်က ဒီဆေးရုံမှာ အရမ်း အလုပ်လုပ်ချင်တာလေ"
အဲဒီနောက် ဒေးဗစ်က မထင်မှတ်ပဲ ရုတ်ချည်းဆိုသလို တောင်းဆိုမှုတခု လုပ်လိုက်တယ်၊ အဲဒါက ဘာလဲဆိုတော့ "စနေနေ့ည အတူတူ ရုပ်ရှင်သွားကြည့်ဖို့အတွက် ဖြစ်နိုင်မလား" တဲ့ လေ။

လီလီ အသက်ရှူမှားသွားမတတ် ခံစားလိုက်ရတယ်။ မစ်စ်ဂေါ်ဒန်က "သမီး သဘောတူလိုက်လေ"

လီလီက ရယ်ပြီးပြောတယ် "ကျွန်မလဲ သွားချင်ပါတယ် " တဲ့။

အခုတော့ ဇာတ်လမ်းတစ်ခုလုံး အဆုံးထိ ပြောရရင် .... သူတို့ ၂ ယောက် ၂၅ နှစ်ကြာအောင် လက်တွဲပြီးကျမှ ဒေးဗစ်က ကျွန်တော့်ကို အမှန်အတိုင်း ပြောပြတော့တယ်။ တကယ်တော့ ဒေးဗစ်က အဲဒီတုန်းက နှလုံးအထူးကု ဆရာဝန်ပါ။  ခုတော့ သူဘေးမှာ ကလေးသုံးယောက်နဲ့ သူတို့ရဲ့မိခင် လီလီတို့နဲ့ အတူတူပေါ့။

တကယ်တော့ ဒေးဗစ်က လှပတဲ့ စာကြည့်တိုက်မှူး လီလီကို ကြိတ်ပြီး သဘောကျနေခဲ့တာပါ။ သူက သူ့မိခင်ကို လီလီအကြောင်းပြောပြတယ် .... ပြီးတော့ သူကရှက်တတ်တဲ့သူဆိုတော့ သူမကို ဘယ်လို ချဥ်းကပ်ရမလဲ မသိဘူးလေ .... သူ့အမေက အစီအစဉ်ကိုပြောပြတယ်... အဲဒါကတော့ သူ စာကြည့်တိုက်သွားတိုင်း  ကြမ်းပြင်ပေါ်မှာ သူ့လိပ်စာနဲ့ စာတစောင်စီ ချထားပစ်ခဲ့ဖို့ ပါပဲ .... ဒေးဗစ်မိခင်က ဒီစာကို တနည်းနည်းနဲ့ လီလီကောက်ရပြီး စာပြန်ပေးရင်း စကားလက်ဆုံကျနိုင်ဖို့အတွက် ရည်ရွယ်ခဲ့တာပါ.... ဒါပေမဲ့ ဖြစ်ချင်တော့ သူ စာပစ်ချပြီးတိုင်း လူတယောက်က လှမ်းခေါ်တယ်။ လှည့်ကြည့်တိုင်း လီလီမဟုတ်ခဲ့ဘူးလေ...

အဲဒီနေ့ကတော့ စာကြည့်တိုက်ထဲမှာ လီလီနဲ့ သူမ လက်ထောက် ၂ ယောက်ပဲ ရှိနေတဲ့အချိန်အထိ စောင့်ဆိုင်းနေခဲ့တယ်။ ပြီးတော့ စားပွဲဘေးနားမှာ ချထားခဲ့တယ်။ နောက်ရက်ကျရင် လီလီကိုပြန်လာပြီး စာတစောင်များ တွေ့မိသလားလို့ မေးမယ်ဆိုတဲ့ အကြံနဲ့ပေါ့ .... စီမံကိန်းက ထင်ထားတာထက် ပိုအောင်မြင်ခဲ့တယ်လေ... လီလီကိုယ်တိုင် အိမ်ကို လိုက်လာပြီး စာလာပို့လို့ပေါ့။

ဒေးဗစ်က ဇာတ်လမ်းကို ပြောပြတဲ့အခါ သူ့အမျိုးသမီး လီလီက ဟားတိုက်ရယ်မောတယ်။

"ဒီမှာ ကိုဒေးဗစ်" သူမခဏအသက်ရှူတယ် "ရှင် အဲဒီတုန်းက စာအိတ်ကို သေချာ မပိတ်ခဲ့ဘူး မဟုတ်လား.... ကျွန်မတို့ ဖွင့်ကြည့်ပြီးသွားပြီ... အထဲမှာ စာရွက်လွတ်တခုကလွဲလို့ ဘာမှ မရှိဘူး... ဒါနဲ့ ကျွန်မလဲ သိချင်တာနဲ့ ရှင့်အိမ်ကို လိုက်လာခဲ့တာ... ဒေးဗစ် ရှင်က တကယ် သရုပ်ဆောင်ပီပြင်တာပဲ" လို့ လီလီက သူမခင်ပွန်းကို တောက်ပတဲ့မျက်လုံးနဲ့ ကြည့်ပြီး ပြောလိုက်တယ်...

"ဒါပေမဲ ရှင် .... ကိုဒေးဗစ် ကျွန်မက ရှင့်ကို ချစ်ခဲ့တာလေ" တဲ့၊

ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲ ... ဒီဇာတ်လမ်းထဲမှာ ကောင်လေးနဲ့ ကောင်မလေးက အမှတ်ရစရာ အဖြစ်နဲ့ ကြုံခဲ့ကြတယ်.... အသက်ကြီးလာတဲ့အချိန်မှာတော့ သူတို့ ၂ ယောက် ဘယ်လို ဆုံဆည်းခဲ့လဲဆိုတာ ပြန်ပြောမိကြလို့ရှိရင် ၂ ယောက်လုံး ပျော်ရွင်မှုကို ရကြမှာပဲ။

ယောက်ျားလေးဘက်ကလဲ သူချစ်တဲ့ မိန်းကလေးကို အမှတ်တရ ဖြစ်စေချင်တဲ့စိတ်နဲ့ ပညာသားပါပါ ပိုးခဲ့ပြီး ရအောင်ယူခဲ့တယ်လေ...

မိန်းကလေးဘက်ကကျပြန်တော့ တဘက်က အရှက်အကြောက်ကြီးပြန်...တဘက်ကလဲ မိန်းကလေးဆိုတဲ့ ဂုဏ်ကလဲ ရှိသေးတော့ ကိုယ်ချစ်သူကို ချစ်တဲ့အကြောင်း ဖွင့်ပြောဖို့ မတတ်နိုင်ဘူးလေ.... နောက်ဆုံးတော့ ၂ ယောက်လုံး ချစ်ခြင်းတွေနဲ့ ဆုံဆည်းခဲ့ကြတာပဲ မဟုတ်လား....

ကျွန်တော်တို့လဲ ဒီလို တူညီတဲ့ ချစ်ခြင်းတွေနဲ့အတူ တွေ့ဆုံမှုတွေ ရှိခဲ့ကြရင် ဘယ်လောက်ကောင်းလိုက်မလဲ ... အသက်ကြီးလာတဲ့အခါ အမှတ်တရဖြစ်ခဲ့တာကို  ပြန်သတိရနိုင်တာပေါ့  ....

ဒီဇာတ်လမ်းလေးဟာ ဒေးဗစ်နဲ့ လီလီတို့ရဲ့ အမှတ်တရလေးပေါ့။

သူငယ်ချင်းတို့တွေလဲ အမှတ်တရ အဖြစ်အပျက်လေးများရှိရင် ဝေမျှ ခဲ့ကြဦးနော် ....

ပျော်၇ွင်ပါစေ...

Credit: Zay Yar

No comments:

Post a Comment