Tuesday, September 15, 2015

"လူကတ်တွေကို ဘယ်လိုပေါင်းမလဲ"


"လူကတ်တွေကို ဘယ်လိုပေါင်းမလဲ"

ရုံးဝတ်စုံယူနီဖောင်းကို ကော့နေအောင် လှလှပပဝတ်ထားသော ကုမ္ပဏီဝန်ထမ်းပဲဖြစ်ဖြစ်၊ အစိုးရရုံးပေါ်က ခံ့ခံ့ညားညား အရာရှိကြီးကိုပဲဖြစ်ဖြစ်၊ ဟိုတယ်ကြီးက လခကောင်းကောင်း မန်နေဂျာဝန်ထမ်းများပဲဖြစ်ဖြစ် တစေ့တစောင်း လေ့လာအကဲခတ်ကြည့်ပါ။ သူတို့၏ နေ့စဉ်လုပ်ငန်းခွင်ကို စေ့ငုကြည့်ပါ။ သူတို့လုပ်ငန်းခွင်မှာ မည်သည့်နေရာက အခက်ခဲဆုံး စိတ်အပင်ပန်းဆုံးလဲဟု မေးကြည့်ပါ။ သူတို့အားလုံးက နေ့စဉ်လုပ်ကိုင်နေရသော အလုပ်က စိတ်အပင်ပန်းဆုံးပါဟု ပြောကြမည်မဟုတ်။ အလုပ်ထက် လုပ်ငန်းခွင်ထဲက ပုံစံအမျိုးမျိုး၊ စရိုက်အမျိုးမျိုးနှင့် မတစ်ရာသားများကို ပေါင်းသင်းဆက်ဆံရတာ စိတ်ဖိစီးမှု အများဆုံးဟု ဖြေကြပါလိမ့်မည်။

‘‘အလုပ်က ကန်တော်ကြီးနားက ကွန်ဒိုတစ်ခုမှာ မီဒီယာကုမ္ပဏီပေါ့။ ကြော်ငြာကောက်ရတယ်။ လုပ်သက်ကြာလာတော့ လွယ်ပါတယ် သိပ်မခက်ပါဘူး။ ဒါပေမဲ့ ခက်တာက လုပ်ဖော်ကိုင်ဖက်တွေ လူမညီဘူး။ ပြဿနာ တစ်ယောက်တစ်မျိုးနဲ့ သိပ်စိတ်ညစ်ဖို့ကောင်းတယ်’’ ဟု အသက် (၄၂) နှစ်အရွယ် မအေးအေးက ပြောသည်။

တစ်ခါတလေ လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေနှင့် အဆင်မပြေလွန်းသဖြင့် အလုပ်ထွက်ဖို့ စိတ်ကူးမိတာလည်း ခဏခဏဟု သူကဆိုသည်။ သို့သော် လစာကောင်းပြီး အသားကျနေသော အလုပ်တစ်ခုကို မထွက်ချင်၍ တစ်ကြောင်း၊ မိသားစုက မိမိဝင်ငွေကို မှီခိုနေသည်ဖြစ်တာက တစ်ကြောင်း ကြိတ်မှိတ်သည်းခံ လုပ်နေရသည်ဟု မအေးအေးက ရှင်းပြသည်။

အသက် (၂၇) နှစ်ကျော်သာ ရှိသော မစိုးမိုးသူကတော့ မအေးအေးလောက် စိတ်မရှည်ပါ။ ငယ်ရွယ်သူလည်းဖြစ် ပင်ကိုကလည်း ခပ်စွာစွာမို့ သူအလုပ်လုပ်နေသော ဘဏ်မှာ လုပ်ဖော်ကိုင်ဖက် အတော်များများနှင့် ရန်ဖြစ် စကားများထားပြီး ဖြစ်သည်။ သူ့ဘေးမှာ အလုပ်ထိုင်လုပ်နေသော လုပ်ဖော်ကိုင်ဖက်နှင့်လည်း သူ စကားမပြောသလို အခြားဌာနတွေမှာလည်း လုံးဝ မျက်နှာချင်းမဆိုင်သောလူ ၂ ယောက် ၃  ယောက်ခန့် ရှိသည်။

‘‘ကိုယ်ကစွာတော့ ကိုယ့်လာထိရင် ပြန်တီးလိုက်တာပဲ။ အဲဒီတော့ လုပ်သက် ၂ နှစ်အတွင်းမှာကို ရန်ဖြစ်ထားတာ လေးယောက်လောက်ရှိတယ်။ သူတို့တွေနဲ့ကလည်း တစ်ရုံးတည်း လုပ်နေရတော့ ရှောင်တိမ်းလို့ကမရ။ တစ်ခါတလေကျရင် ရုံးလာဖို့ တောင်စိတ်မပါဘူး’’

လုပ်ငန်းခွင်ဆိုသည်က လခစား ဝန်ထမ်းဖြစ်သော်လည်း ပြိုင်ဆိုင်မှုများသည့်နေရာ ဖြစ်သည်။ အချင်းချင်းလစာ၊ ရာထူး၊ သူ့ထက်ငါသာအောင် ပြိုင်ဆိုင်ကြ၏။ တိုးတက်နေသော ကုမ္ပဏီမှာလည်း ရာထူးနှင့် အခွင့်အရေးများအတွက် ပြိုင်ဆိုင်ကြသလို အခြေအနေမကောင်းသော ကုမ္ပဏီများမှာလည်း အလုပ်မြဲရေးအတွက် ပြိုင်ဆိုင်ရသည်။ ပြိုင်ဆိုင်ရာမှာ တရားနည်းလမ်းကျတာတွေရှိသကဲ့သို့ အချင်းချင်း ချောက်ချပြဿနာရှာပြီး ပြိုင်ဆိုင်သူတွေလည်း ရှိ၏။ အားနည်းသူကို အားကြီးသူက အနိုင်ကျင့်တာတွေလည်း ရှိ၏။ အချင်းချင်း ကိုယ့်ဘက်သား သူ့ဘက်သား ဘက်လိုက်မှုတွေလည်း ရှိ၏။ ထိုအခါ နေ့စဉ်လုပ်ငန်းခွင်သည် စိတ်ညစ်စရာ နေရာကြီးတစ်ခုလို ဖြစ်လာသည်။

‘‘တစ်ခါတလေမှာ လုပ်ငန်းရှင် သူဌေးက အဲဒီလိုပုံစံဖြစ်အောင်လုပ်ထားတာ။ သူက လူတိုင်းကိုမကြည့်နိုင်တော့ အချင်းချင်း မတည့်အောင် လုပ်ထားတာ။ အဲဒီတော့ သူ့ဘက်ကို လှည့်မလာတော့ဘူးပေါ့။ အဲဒီတော့ ကိုယ်တွေကလည်း အချင်းချင်း စောင့်ကြည့်နေကြတယ်။ တစ်ခုခုမှားရင် သူဌေးကို ပြန်တိုင်တာပဲ’’ ဟု ရန်ကုန်က နာမည်ကြီး ဆေးဝါးကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးကပြောသည်။

အဆိုပါ ဆေးဝါးကုမ္ပဏီသည် လစာကောင်းသော ကုမ္ပဏီကြီး ဖြစ်သော်လည်း ဝန်ထမ်း အဝင်အထွက် ကြမ်းလှ၏။ မည်သည့်ဝန်ထမ်းမှ ကြာကြာ မလုပ်နိုင်ကြ။ ဆေးဝန်ထမ်းလောကတွင် ထိုကုမ္ပဏီဆိုလျှင် အားလုံးက သဘောပေါက်ပြီး ဖြစ်သည်။

များသောအားဖြင့် လုပ်ငန်းခွင်ဆိုသည်မှာ စုပေါင်းအလုပ် ဖြစ်သည်။ ဘာအကြောင်းကြောင့်ဖြစ်စေ ဝန်ထမ်းများ စိတ်ဖိစီးလျှင် မပျော်ရွှင်လျှင် ကုမ္ပဏီလုပ်ငန်း၏ အကျိုးစီးပွား ထိခိုက်မည်သာ ဖြစ်၏။ ဘဏ်လုပ်ငန်း၊ သတင်းစာ၊ ရေဒီယိုကဲ့သို့ မီဒီယာလုပ်ငန်းများတွင် ဝန်ထမ်းအချို့လောက်ပဲ ကွက်ပြီး ထူးချွန်နေ၍မရ။ တစ်ဦးတစ်ယောက်ကောင်းနှင့် မရ။ အောက်ခြေကနေ အထက်အထိ သူ့အဆင့်နှင့်သူ အပေးအယူမျှတမှ လုပ်ငန်းအောင်မြင်သည်။ အကျိုးစီးပွားဖြစ်ထွန်း၏။

ကမ္ဘာကျော် နယူးယောက်တိုင်းမ် သတင်းစာ၏အဆိုအရ သည်ကနေ့ ကမ္ဘာပေါ်တွင် အရောင်းရဆုံး စာအုပ်များသည် လုပ်ငန်းခွင်ဆိုင်ရာ ပေါင်းသင်းဆက်ဆံရေး စာအုပ်များဖြစ်သည်။ အရောင်းရဆုံး စာရေးဆရာများဖြစ်သော ပီတာဆန်၊ ဂရန်နီ၊ မက်ခ်မီလန်တို့၏ လုပ်ငန်းခွင်အတွင်း လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းအချင်းချင်း မည်သို့ အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံရမည်ဆိုသော စာအုပ်များသည် ယခုနှစ်များအတွင်း အုပ်ရေ သန်းချီရောင်းချခဲ့ရ၏။ ထို့ကြောင့် လုပ်ငန်းခွင်ဆိုင်ရာ ပေါင်းသင်းဆက်ဆံရေး ပြဿနာများသည် မြန်မာပြည်က ဝန်ထမ်းများတွင်မဟုတ် တစ်ကမ္ဘာလုံးက လူမျိုးအသီးသီး နေ့စဉ် ကြုံတွေ့နေရသော ပြဿနာများဖြစ်သည်။

ထိုကဲ့သို့ ပေါင်းသင်းဆက်ဆံရေး စာအုပ်များတွင် တိဗက်ဘုန်းကြီး ဒလိုင်းလားမားရေးသော ဗုဒ္ဓဘာသာအခြေခံ ဆက်ဆံပေါင်းသင်းရေး စာအုပ်များကလည်း နာမည်ကြီးသည်။ ဒလိုင်းလားမားသည် မဟာယာန ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး သူ ရေးသာစာအုပ်များက ဗုဒ္ဓဘာသာ တရားတော်များကို အခြေခံထားသည်။ မေတ္တာတရားတော်ကို အထူးပြုထားသည်။ သို့သော် လက်တွေ့ကျလှသည် ဖြစ်ရာ အနောက်တိုင်းသားများကလည်း အတော်များများ လိုက်နာကျင့်သုံးကြ၏။

‘‘ဒလိုင်းလားမား ရေးတဲ့အထဲမှာ မေတ္တာကရုဏာနဲ့ လူတွေကို အနိုင်ယူနည်းဆိုတာကို ကျွန်မ သဘောကျတယ်။ လက်တွေ့လည်း အောင်မြင်တယ်။ သူကပြောတယ် ကိုယ့်ကို လူတစ်ယောက်က ပြင်းပြင်းထန်ထန် တိုက်ခိုက်တယ်ဆိုပါစို့။ အဲဒီလို တိုက်ခိုက်ပြီးရင် သူကလည်း ကိုယ်က ပြန်တုံ့ပြန်မယ်ဆိုတာကို မျှော်လင့်ထားတယ်။ ကိုယ်တုံ့ပြန်ရင် သူကလည်း နောက်တစ်ဆင့် တုံ့ပြန်မယ်လို့ ပြင်ဆင်ပြီးသား။ အဲဒီတော့ ကိုယ်က သူ့အကွက်ကို ဖျက်ရမယ်။ ဘယ်လိုဖျက်ရမလဲဆိုတော့ သူက ကိုယ့်အပေါ် တိုက်ခိုက်တာကို ခွင့်လွှတ်သည်းခံပြီး ဘာမှမဖြစ်သလို နေဖို့ပဲ’’

ထိုနည်းလမ်းသည် လက်တွေ့မှာတော့ ရိုးရှင်းသလို ခက်ခဲလှသည်ဟု မအေးအေးက ပြောသည်။ ကိုယ့်ကို ပြင်းပြင်းထန်ထန် စော်ကားထားသူ တစ်ယောက်ကို ဘာမှမဖြစ်သလို အေးဆေးညင်သာ ခွင့်လွှတ်ပြီး တုံ့ပြန်ရတာ အလွန်ခက်လှပါ၏။ သို့သော်လည်း ပြင်းပြင်းထန်ထန် တုံ့ပြန်သည်ထက် ပိုအောင်မြင်သည်ဟု သူ့အတွေ့အကြုံကို ပြောသည်။

‘‘ကျွန်မကို လုပ်ငန်းခွင်မှာ အပိုင်ပဲဆိုပြီး လာကြမ်းတဲ့သူတစ်ယောက်ကို ကျွန်မက ခါတိုင်းလိုရန်မဖြစ်ဘဲ အေးဆေးနားထောင်ပြီး ဟုတ်ပါတယ် အစ်မရေ ကျွန်မအမှားပါ။ နောက်တစ်ခါ ကျွန်မသတိထားပါမယ်လို့ အေးဆေး တုံ့ပြန်လိုက်တယ်။ သူကတော့ ရန်ဖြစ်ရအောင်လာတာကို ကျွန်မက အေးဆေး တုံ့ပြန်လိုက်တော့ ဘာဆက်လုပ်ရမှန်းမသိ ဖြစ်သွားတယ်။ သူကလည်း လျှော့သွားတယ်။ အဲဒီနည်းက သိပ်ထိရောက်ပါတယ်’’

စင်ကာပူ ကြော်ငြာကုမ္ပဏီတစ်ခုတွင် အောင်မြင်စွာ အလုပ်လုပ်ခဲ့ပြီး ရန်ကုန်မြို့က ဆက်သွယ်ရေးကုမ္ပဏီတစ်ခု၌ မန်နေဂျာရာထူးဖြင့် တာဝန်ယူထမ်းဆောင်နေသော မဖြူခိုင်ကတော့ ဆက်ဆံရေးကောင်းမွန်သူ၊ လူချစ်လူခင် ပေါလှသူဖြစ်သည်။ အလုပ်အမျိုးမျိုး၊ လူအမျိုးမျိုးနှင့် ပေါင်းသင်းဆက်ဆံခဲ့ရသော အတွေ့အကြုံများက သူ့ကို သည်လိုဖြစ်လာအောင် သင်ပေးလိုက်တာဟု မဖြူခိုင်က ပြောလေ့ရှိသည်။ သူ၏နည်းကတော့ လူများကို ကိုယ်လိုချင်သလို ပြောင်းလဲမယူဘဲ သူတို့နှင့် အဆင်ပြေလိုက်လျောအောင် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲယူ ခြင်းဖြစ်သည်။ တစ်ခုခုပြဿနာတက်ပြီဆိုလျှင် မဖြူခိုင်က ကိုယ့်ဘက်ထက် တစ်ဖက်သားဘက်ကနေ တွေးယူခံစားကြည့်သည်ဟု ဆိုသည်။ ထို့အပြင် လူဆိုးဖြစ်ပါစေ အမြဲတမ်းမဆိုးနိုင် အနည်းဆုံး ကောင်းကွက်တစ်ခု ရှိသည်။ ထိုကောင်းကွက်ကို ကိုယ်နှင့်ကျမှ ကျင့်သုံးရအောင် ကိုယ်ကလည်း သူ့အပေါ် ကောင်းရမည်ဟု မဖြူခိုင်က ရှင်းပြသည်။

အင်္ဂလန်နိုင်ငံက ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်သူ ကော်နီမေးလ်ကမူ လုပ်ငန်းခွင် ဆက်ဆံပေါင်းသင်းရခက်သူများနှင့် အဆင်ပြေစွာ ပေါင်းသင်းဖို့အတွက် ဂါးဒီးယန်းသတင်းစာမှာ အောက်ပါနည်းတွေကို အကြံပေးထားသည်။

(၁) အားလုံးသည် လူသားများဆိုသည်ကို သတိရပါ။

တစ်ခါတလေမှာ လုပ်ဖော်ကိုင်ဖက်များ၏ အပြုအမူကို ဆိုးဆိုးဝါးဝါး တုံ့ပြန်ဖို့ထက် သူတို့ အဆင်ပြေအောင် ကိုယ်ဘာလုပ်ပေးရမလဲ မေးလိုက်ပါ။ ကိုယ်က သူတို့ကို ခြိမ်းခြောက်မှာမဟုတ်ဘဲ အားပေး ကူညီမည့်သူဟုသာ မြင်ပါစေ။

(၂) အခြားသူများနှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံပါ။

တစ်ခါတလေလည်း တချို့က သူများဘာလိုချင်သည် ဘာဖြစ်ချင်သည်ကို မသိသူများလည်း ရှိသည်။ ထိုအခါ ရှက်ကြောက်မနေဘဲ ကိုယ်လိုချင်တာ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးပါ။

(၃) ဆိုးဆိုးဝါးဝါး ပြောဆိုတတ်သူကို ရှောင်ပါ။

ကိုယ့်ကို နှုတ်ဖြင့်လည်းကောင်း၊ ကိုယ်အမူအရာဖြင့်လည်းကောင်း ကြမ်းကြမ်းတမ်းတမ်း ပြောလာသည်ဆိုပါက မည်သူပင်ဖြစ်ပါစေ ရှောင်ထွက်သွားပါ။ သူတို့စိတ်ပြေမှ ပြန်လာပြီး ပြောဆိုဆက်သွယ် လုပ်ကိုင်ပါ။

(၄) သူတို့၏ ကိုယ်ရေးကိုယ်တာနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို သိထားပါ။

တစ်ခါတလေမှာ အကြောင်းမဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က ကိုယ့်ကို တိုက်ခိုက်နေပါက ကိုယ့်ပြဿနာကြောင့်မဟုတ်ဘဲ အိမ်တွင်းရေး၊ ကျန်းမာရေးကဲ့သို့ ပြဿနာများကြောင့် သူ၏ ပေါက်ကွဲမှုတွေကို ကိုယ်နှင့် လာဖောက်ခွဲထုတ်နေသည်ကို သဘောပေါက် နားလည်ပါ။ သည်လိုမျိုးဆိုပါက တာဝန်ရှိသူ လူကြီးကို သိရှိအောင် အသိပေး တိုင်ပင်ဆောင်ရွက်ပါ။

နောက်ဆုံး ဘယ်နည်း သုံးသုံး မထိရောက်ပါက စိတ်ညစ်စရာကောင်းသော လုပ်ငန်းခွင်ကို အမြန်စွန့်ပြီး ပျော်ရွှင်ကောင်းမွန်သော လုပ်ငန်းခွင်သို့ အလုပ်ပြောင်းရန် ဖြစ်သည်။ သို့သော် သတိထားရမည်မှာ လုပ်ငန်းခွင်တိုင်း၊ နေရာတိုင်းတွင် ပေါင်းသင်းဆက်ဆံရခက်သော လူများက ရှိနေမည်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သည်အရာက လူသားတို့၏ သဘာဝသာဖြစ်၏။ ထို့ကြောင့် သူလိုလူတွေနှင့် လွတ်အောင် ရှောင်ပြေးမည့်အစား မည်သည့်လူမျိုးနှင့်မဆို ပေါင်းသင်းတတ်အောင် လေ့ကျင့်ထားသည်က အကောင်းဆုံးနည်း ဖြစ်သည်ဟု ဆက်ဆံရေးပညာရှင်များက အကြံပြုထားသည်။

ထားထားမြင့်

Credit: 7day daily

No comments:

Post a Comment