Tuesday, September 15, 2015

"သိပ္ပံနည်းအရ သာမန်လူတွေထဲမှာ ဘယ်လိုလူတွေက ပိုထက်မြက်သလဲ?"


"သိပ္ပံနည်းအရ သာမန်လူတွေထဲမှာ ဘယ်လိုလူတွေက ပိုထက်မြက်သလဲ?"

လေ့လာကြည့်ရအောင်
ဘာတွေကများ လူတွေကို ထူးချွန် ထက်မြက်စေတာလဲ။ ဒီအကြောင်းကို သိပ္ပံပညာရှင်တွေက လေ့လာနေတာ ကြာပါပြီ။ အခုအခါမှာတော့ သင့်ရဲ့ဉာဏ်ရည် ထက်မြက်မှုအပေါ် လွှမ်းမိုးမှုရှိတဲ့ အချက်တွေကို ဖော်ထုတ်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် သာမန်ထက်ပိုပြီး ထက်မြက်သူတို့ရဲ့ အကြောင်းရင်း (၈) ခုကို ဖော်ပြလိုက်ပါတယ်။ ဒီအချက်တွေနဲ့ ကိုက်ညီမယ်ဆိုရင် သင်လည်း သာမန်လူတွေထက် ထူးချွန်ထက်မြက်သူတစ်ဦး ဖြစ်ပါတယ်။

၁။ ဆေးလိပ်မသောက်ခြင်း
အသက် (၁၈) နှစ်ကနေ (၂၁) နှစ်အတွင်း လူငယ် (၂၀၀၀၀) ကျော်ကို လေ့လာခဲ့တဲ့ ရလဒ်တွေအရ ဆေးလိပ်သောက်သူတွေဟာ ပျမ်းမျှ ဉာဏ်ရည်ညွှန်းကိန်း (IQ) (၉၄) သာရှိပြီး ဆေးလိပ်မသောက်သူတွေက (၁၀၁) ရှိတယ်လို့ ဆိုပါတယ်။ ညီအစ်ကိုမောင်နှမတွေထဲမှာလည်း ဆေးလိပ်မသောက်သူတွေက သောက်သူတွေထက် ပိုတော်ပြီး ထူးချွန်တာကို တွေ့ရပါတယ်။

၂။ ဂီတသင်တန်းတက်ခြင်း
တေးဂီတဟာ ကလေးတွေရဲ့ဉာဏ်ရည်ကို ဖွံ့ဖြိုးစေတာကို လေ့လာမှုတွေက အတည်ပြုပြီး ဖြစ်ပါတယ်။ အသက် (၄) နှစ်ကနေ (၆) နှစ် ကလေးတွေကို ဂီတသင်ခန်းစာ (၁) လ သင်ပေးရုံနဲ့ စကားပိုပြောတတ်လာပါတယ်။ နောက်ထပ် လေ့လာမှုတစ်ခုကလည်း အောင်မြင်မှုတွေရရှိတဲ့ ကလေးတိုင်းဟာ တေးဂီတသင်တန်းတစ်ခုခု တက်ရောက်ဖူးခဲ့တယ်လို့ ဆိုပါတယ်။

၃။ အကြီးဆုံးကလေးဖြစ်ခြင်း
မွေးချင်းတွေထဲမှာ အကြီးဆုံးကလေးတွေက ပိုတော်လေ့ရှိပါတယ်။ လေ့လာမှုတွေအရ အကြီးဆုံးကလေးတွေဟာ အခြားမွေးချင်းတွေထက် IQ အနည်းငယ်တော့ ပိုကောင်းတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်ပဲ အရင်ဆုံးမွေးတဲ့ အစ်ကိုကြီး အစ်မကြီးတွေက ညီတွေမောင်နှမတွေထက် ပိုပြီး အောင်မြင်လေ့ရှိကြတာ ဖြစ်ပါတယ်။

၎။ ခန္ဓာကိုယ်အချိုးအစား ကျစ်လစ်ခြင်း
အရွယ်ရောက်ပြီးသူ (၂၂၀၀) ကို အချိန် (၅) နှစ်ကြာ ဉာဏ်ရည် စစ်ဆေးလေ့လာမှုတစ်ခုအရ ခါးဆိုက်ဒ်ကြီးပြီး ခန္ဓာကိုယ်ဝဖြိုးလေလေ ဦးနှောက်က သိမှတ်ဆင်ခြင်နိုင်စွမ်း နည်းလေလေဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ခန္ဓာကိုယ်က ကျန်းမာတဲ့စိတ်ကိုပါ ရရှိစေနိုင်ပြီး ဉာဏ်ရည် ထက်မြက်စေနိုင်ပါတယ်။

၅။ ကြောင်မွေးထားခြင်း
ခွေးချစ်တတ်သူတွေက ကြောင်ချစ်တတ်သူတွေထက် ကုန်ကျစရိတ်များပြီး စတိုင်ကျပေမယ့် ကြောင်ချစ်တတ်သူတွေက ဉာဏ်ရည်စမ်းသပ်မှုတွေမှာ အမှတ် ပိုကောင်းကြပါတယ်။ အကြောင်းရင်းကတော့ ကြောင်မွေးထားတဲ့သူတွေက ခွေးမွေးထားတဲ့သူတွေလို ခွေးအတွက် အလုပ်မရှုပ်ပဲ အိမ်မှာ စာပိုဖတ်နိုင်လို့ပဲ ဖြစ်ပါတယ်။

၆။ မိခင်နို့ရည်သောက်သုံးရခြင်း
မိခင်နို့ရည်သောက်သုံးရတဲ့ ကလေးတွေမှာ FADS2 ဆိုတဲ့ မျိုးဗီဇရှိမယ်ဆိုရင် သာမန်ထက် ဉာဏ် ပိုကောင်းတယ်လို့ လေ့လာတွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒီမျိုးဗီဇက မိခင်နို့ရည်မှာပါဝင်တဲ့ အာဟာရဓာတ်ကို ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အသုံးပြုတတ်တာကြောင့် ဖြစ်ပါတယ်။ ဒီမျိုးဗီဇပါဝင်မှုကို ဖယ်လိုက်မယ်ဆိုရင်တော့ မိခင်နို့ရည် တိုက်ကျွေးခြင်းနဲ့ ဉာဏ်ရည်အကြားက ဆက်စပ်မှုကို လေ့လာရဦးမှာ ဖြစ်ပါတယ်။

၇။ ဘယ်သန်ဖြစ်ခြင်း
ဘယ်သန်တွေဟာ ထူးခြားတဲ့အတွေးတွေ ကွန့်မြူးနိုင်တဲ့ တီထွင်ဆန်းသစ်မှု အားကောင်းသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ နည်းလမ်းအမျိုးမျိုးကို ခွဲဖြာစဉ်းစားနိုင်စွမ်း ရှိတဲ့အတွက် အရာဝတ္ထုနှစ်ခုကို ပေါင်းပြီး တတိယတစ်ခုဖြစ်အောင် လုပ်နိုင်သူတွေဖြစ်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။

(၈) အရပ်ရှည်ခြင်း
ဘယ်သန်တွေလိုပါပဲ။ အရပ်မြင့်တာဟာလည်း ထက်မြက်သူတွေရဲ့ လက္ခဏာတစ်ခုအဖြစ် အငြင်းပွားစရာ သတ်မှတ်ချက်တစ်ခု ဖြစ်နေပါတယ်။ ကလေးတွေကို လေ့လာခဲ့တဲ့ လေ့လာမှုတစ်ခုမှာတော့ အရပ်ရှည်တဲ့ ကလေးတွေက ဉာဏ်ရည်စစ်ဆေးမှုတွေမှာ ရမှတ်ပိုကောင်းလေ့ရှိတယ်လို့ ဆိုပါတယ်။

Credit: Gentleman Magazine

No comments:

Post a Comment