"အေးဆေးသက်သာစွာ ကိုင်တွယ် ဖြေရှင်းခြင်း သို့မဟုတ် သည်းခံခြင်း"
ကျွန်တော်တို့ နေ့စဉ် ဘ၀မှာ တွေ့ကြုံနေရတဲ့ ဖြစ်စဉ်တွေက အင်မတန်မှ ရှုပ်ထွေး ပွေလီလှပါတယ်။ ဥပမာ။ ။ လင်မယားချင်း မသင့်မြတ်တာ၊ အိမ်နီးချင်းတွေနဲ့ အဆင်မပြေတာ၊ အလုပ်အကိုင် အဆင်မပြေတာ၊ တစ်ဦးနဲ့တစ်ဦး ညှိနှိုင်းလို့မရတာ စတဲ့ အခြေအနေတွေက ကျွန်တော်တို့အတွက်တော့ စိတ်ပင်ပန်းစရာပါ။ ဒီလိုအချိန်မျိုးတွေမှာ ကျွန်တော်တို့က "အေးဆေးသက်သာစွာ ကိုင်တွယ် ဖြေရှင်းခြင်း" ဆိုတဲ့ နည်းလမ်းကို သုံးခြင်းအားဖြင့် မီးတောက်နေတဲ့ ကြယ်တလုံးကို အေးမြစေသလို စိတ်ကို အေးချမ်းသွားစေပါတယ်။ ဒီနည်းလမ်းဟာ လူတွေအတွက် အခက်အခဲတွေကို ကိုင်တွယ် ဖြေရှင်းဖို့အတွက် လက်စွဲထားသင့်တဲ့ နည်းလမ်းဖြစ်ရုံမကပါဘူး။ တချိန်တည်းမှာပဲ မွေးမြူ အားထုတ်သင့်တဲ့ သဘောတရားတခုလဲ ဖြစ်ပါတယ်..
စိတ်ပညာရှင် တစ်ဦးက ထုတ်ဖော် ပြောဆိုဖူးပါတယ်... ဒီလို စိတ်အေးအေးထားပြီး သည်းခံဖြေရှင်းခြင်းအားဖြင့် ကိုယ်ရောစိတ်ပါ ကျန်းမာစေပါတယ်။ ပြီးတော့ ဒေါသထွက်လို့ ဖြစ်လာမဲ့ မလိုလားအပ်တဲ့ အရာတွေကိုလဲ ကြိုတင်ကာကွယ်ပြီးသားလဲ ဖြစ်တယ်လို့ ဆိုပါတယ်။
စိတ်ထဲမှာ ခံစားနေရတဲ့ နေ့စဉ် အခြေအနေတွေက ကျွန်တော်တို့အတွက် ဒေါသကို လက်ယက် ခေါ်ဆောင်နေသလို ဖြစ်နေပါတယ်။ အခြေအနေတွေက အမြဲ ပြောင်းလဲနေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ပြောင်းလဲနေတဲ့ အခြေအနေနဲ့အတူ သင့်ရဲ့စိတ်ကိုပါ လိုက်ပါ ပြောင်းလဲဖို့ မသင့်ပါဘူး။
ကျန်းမာရေးရှု့ထောင့်က ကြည့်ရင်လဲ ဒေါသထွက်လာတာနဲ့ သွေးဖိအားတွေ တိုးလာမယ်၊ နှလုံးခုန်သံတွေ မြန်လာမယ်၊ ဇောချွေးတွေ ပြန်လာမယ်၊ ပြီးတော့ အစာစားချင်စိတ်လည်း မရှိတော့တဲ့အတွက် အစာအိမ်မှာလဲ ရောဂါရစေပါတယ်။ ဒါ့အပြင် ဒီလို အခြေအနေတွေက လူကို ဦးနှောက်ခြောက်အောင်၊ အိပ်မက်ဆိုးတွေမက်အောင်၊ စိတ်ကို အနှောင့်အယှက်ပေးတဲ့ အရာတွေလဲ ဖြစ်ပါတယ်။ ဒီလို စိတ်မှာရတဲ့ ဒဏ်ရာစူးချက်တွေ များလာတဲ့အခါ ကိုယ့်ရဲ့ စွမ်းဆောင်နိုင်မှုပါ လျော့နည်းလာပါတယ်။ တပြိုင်နက်ထဲမှာပါ ဒေါသထွက်လို့ရတဲံ့ သက်ရောက်မှုတွေက တည်ငြိမ်နေတဲ့ စိတ်အခြေအနေကို ပျက်ပြားစေတဲ့အတွက် စိတ်မကျန်းမာနိုင်တော့ပါဘူး။ စိတ်မကျန်းမာတဲ့အတွက် လူလည်း ကျန်းမာရေး ချို့တဲ့လာမှာပါပဲ။
ဒါကြောင့် "အေးဆေးသက်သာစွာ ကိုင်တွယ် ဖြေရှုင်းခြင်း" ဆိုတဲ့ နည်းလမ်းကို လေ့လာ ကျင့်သုံးခြင်းဖြင့် သင်ဟာ အခက်အခဲတွေကို စိတ်အေးချမ်းစွာနဲ့ ဖြေရှင်းနိုင်ပါလိမ့်မယ်။ ရှုပ်ထွေးနေတဲ့ အရာတွေကို စိတ်အေးအေးနဲ့ သေချာစွာ စမ်းစစ်ပြီး အကောင်းဆုံး နည်းလမ်းကို ရွေးချယ်အသုံးပြုခြင်းအားဖြင့် မရှောင်လွဲနိုင်တဲ့ နေ့စဉ် အခက်အခဲ အခြေအနေတွေကို ကျော်လွားနိုင်ပါတယ်။ ပြီးတော့ နေ့စဉ် လူတွေနဲ့ ဆက်ဆံတဲ့နေရမှာလဲ သူတပါးရဲ့ အားနည်းချက်တွေကိုသာ လက်ညှိုးထိုး အပြစ်ပြောနေပြီး မိမိမှာရှိတဲ့ ပျော့ညံ့ချက်တွေကို မေ့ထားတာကလဲ မသင့်လျော်လှပါဘူး။ ကိုယ်ကိုယ်တိုင်မှာလဲ အားနည်းချက် ရှိတယ်ဆိုတာ နားလည်ပြီး စိတ်အေးအေးထား သည်းခံဆက်ဆံ သင့်ပါတယ်။ အချင်းချင်း အပြန်အလှန်နားလည်မှု၊ သည်းခံခြင်း၊ ယုံကြည်မှုရှိခြင်း၊ ရင်းနှီးခင်မင်မှုရှိုခြင်း စတဲ့ အရာတွေနဲ့ တစ်ဦးကိုတစ်ဦး ဆက်ဆံခြင်းဖြင့် သင်ဟာလည်း ပျော်ရွှင်အေးချမ်းနိုင်တဲ့ ခံစားမှုမျိုးကို ရရှိနိုင်မှာပါပဲ။ ဒီလို ပျော်ရွင်မှု၊ စိတ်အေးချမ်းမှုကို တခြား ဘယ်လို အဖိုးတန်တဲ့ အရာတွေနဲ့မှ လဲလို့ မရနိုင်ပါဘူး။ လူလည်းကျန်းမာ၊ စိတ်ဒဏ်ရာတွေကိုလည်း ကုစားသက်သာစေနိုင်တဲ့ အဖိုးမဖြတ်နိုင်တဲ့ ဒီနည်းလမ်းကို ကျင့်သုံးခြင်းဖြင့် လှပကောင်းမွန်တဲ့ ပန်းတိုင်တွေကိုလည်း မလွှဲမသွေ ရောက်ရှိနိုင်ပါတယ်။ ။
Credit: Zay Yar
Monday, September 28, 2015
"အေးဆေးသက်သာစွာ ကိုင်တွယ် ဖြေရှင်းခြင်း သို့မဟုတ် သည်းခံခြင်း"
Labels:
အတွေးအမြင်
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment