Monday, September 7, 2015

"ညောင်တုန်းရှိ နေအိမ်တစ်အိမ်၌ ကျိုက်ထီးရိုးပုံစံငယ် စေတီ ထူးခြားသည်ဟုဆိုကာ ဖူးမြော်သူ များနေ"


"ညောင်တုန်းရှိ နေအိမ်တစ်အိမ်၌ ကျိုက်ထီးရိုးပုံစံငယ် စေတီ ထူးခြားသည်ဟုဆိုကာ ဖူးမြော်သူ များနေ"

ညောင်တုန်းမြို့နယ် ဆားမလောက် ကျေးရွာရှိ အိမ်တစ်အိမ်တွင် ပူဇော်ထားသည့် ကျိုက်ထီးရိုးစေတီ ပုံစံငယ်သည် အောက်ခင်းနှင့် တစ်လက်မခွဲခန့် လွတ်၍ မှန်အမိုးနှင့် ထိပြီး ထူးခြားသည်ဟုဆိုကာ နေ့စဉ် လာရောက်ဖူးမြော်သူများ ရှိနေကြောင်း သတင်းရရှိသည်။

စေတီမှာ ဉာဏ်တော် ငါးလက်မခန့်နှင့် လုံးပတ် ခုနစ်လက်မခွဲခန့် ရှိပြီး စေတီတော် မှန်ကျောင်းဆောင်ရှေ့ မျက်နှာစာ၊ လက်ဝဲလက်ယာ သုံးဘက်လွှတ်၍ နောက်ဘက်၌ အနည်းငယ် ကပ်နေကာ ငှက်မြတ်နားမှာ အပေါ်အမိုးနှင့်ထိသဖြင့် ကျိုးပဲ့နေသည်။ ထိုစေတီငယ်လေးကို မှန်ကိုကော်ဖြင့်ကပ်၍ ပြုလုပ်ထားသော မှန်ကျောင်းဆောင်အတွင်း ထားကာ ပူဇော်ထားခြင်း ဖြစ်သည်။

ထိုနေအိမ်တွင် သြဂုတ်လ ၁၈ ရက် ညနေ ၆ နာရီခွဲ၌ အိမ်ပိုင်ရှင် ဦးပေါ်ဆန်းက နေအိမ်ဘုရားစင်ရှေ့တွင် ဘုရားဝတ်ပြုရန် အမွှေးတိုင်ထွန်းမည်ပြုစဉ် ထိုသို့ အမှတ်မထင် ဖူးမြင်လိုက်ရသည်ဟု ဆိုသည်။ မိမိသည် ဟိန္ဒူဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသူဖြစ်သည်ဟု ၎င်းကပြောသည်။

ထို့နောက် အိမ်နီးချင်းအချို့နှင့် ကျေးရွာနေသူများ သိရှိသွားပြီး လာရောက်ဖူးမြော်ကြခြင်းဖြစ်သည်။ ဧရာဝတီတိုင်းအတွင်းရှိ ညောင်တုန်း၊ ပုသိမ်၊ မအူပင်၊ ဓနုဖြူ၊ ပန်းတနော်၊ မော်ကျွန်း၊ ၀ါးခယ်မနှင့် မကွေး၊ ပြည်၊ ထန်းတပင်၊ ရန်ကုန်ရှိ ကမာရွတ်၊ တောင် ဒဂုံ၊ သာကေတ၊ လှိုင်သာယာ၊ ရွှေပြည်သာ စသော မြို့နယ်များနှင့် အနီးဝန်းကျင်ရွာများကလည်း လာရောက်ဖူးမြော်ခဲ့ကြသည်။

အဆိုပါ ထူးခြားဖြစ်စဉ်ဖြစ်နေသော ကျိုက်ထီးရိုးစေတီ ပုံစံငယ်ကို လွန်ခဲ့သော ၁၈ နှစ် ခန့်က ကျိုက်ထီးရိုးစေတီ၊ ဘုရားဖူးခရီးစဉ်တွင် အိမ်၌ကိုးကွယ်ရန် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၆ ရက်တွင် ထိုအိမ်သို့ အနီးဝန်းကျင်မှ ဘုရားဖူးများ လာရောက်ဖူးမြော်နေကြသည်မှာ ၁၈ ရက် ပြည့်ပြီဖြစ်ပြီး လာရောက်ဖူးမြော်သူ ထောင်ချီရှိနေပြီ ဖြစ်သည်။ လာရောက်သူများက လှူဒါန်းထားငွေ ကျပ်သိန်း ၄၀ ခန့် ရရှိနေပြီး ဆက်လက်၍လည်း လာရောက်သူ အနည်းငယ်ရှိနေသေးသည်။ အလှူငွေများကို ကျေးရွာမှ ၁၅ ဦး ကော်မတီဖွဲ့၍ လက်ခံနေပြီး အလှူငွေများလာပါက စေတီတော် တစ်ဆူတည်ရန် ရည်ရွယ်ထားကြောင်း သတင်းရရှိသည်။

‘‘ဘုရားစင်ရှေ့ ၀ါးလုံးတားထားတယ်။ အနီးကပ်ကြည့်ခွင့်မရှိဘူး။ ဓာတ်ပုံတော့ ရိုက်လို့ရတယ်။ ဘုရားစင်နားကပ်ပြီး ဓာတ်ပုံရိုက်ခွင့် မပေးတာတော့ သဘောမကျဘူး’’ ဟု သွားရောက်ဖူးမြော် လေ့လာခဲ့သူ အမျိုးသားတစ်ဦး ကပြောသည်။

စေတီလုံးပတ်မှာ သစ်သားဖြစ်နိုင်ပြီး အောက်အထိုင်အခွံမှာ ကော်ဖြစ်နိုင်ကာ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်မှ တာဝန်ရှိသူများက လာရောက်စစ်ဆေးသွားကြောင်း အိမ်ရှင် ဦးပေါ်ဆန်း ကပြောသည်။သို့သော် ထိုသို့လာ ရောက်စစ်ဆေးသွားသော်လည်း ဖြစ်စဉ်အပေါ် အဖြေမထုတ်နိုင်ခဲ့ဟု ဆိုသည်။

ညောင်တုန်းတောရ ဗောဓိကျောင်းဆရာတော်က မည်သူ့မှ ကိုင်ခွင့်မပေးခိုင်းထားဘဲ ၀ါတွင်း၌ နေအိမ်တွင် ပူဇော်ရန် ညွှန်ပြထားကြောင်း အိမ်ရှင် ဦးပေါ်ဆန်းက ပြောသည်။

ဘုရားအား နေ့စဉ်ဆွမ်းကပ်ရာတွင် သက်တော်ထင်ရှား ဘုရားအား ရည်မှန်းကာ ပန်းကန်ကြီးကြီးဖြင့်ထည့်ပြီး သောက်ရေ၊ လက်သုတ်ပ၀ါ တို့ဖြင့် ကျကျနန ကပ်လှူကြောင်း၊ သုံးနာရီကြာသည့်တရားခွေကို နေ့စဉ် ဖွင့်သည်မှာ ၂ နှစ် ရှိပြီဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ထူးခြားခြင်းဖြစ်နိုင်ကြောင်း အိမ်ရှင် ဦးပေါ်ဆန်းက ဆိုသည်။

‘‘ဘုရားကတော့ ပရိနိဗ္ဗာန် စံပြီးပြီမို့ တန်ခိုးမပြတော့ပါဘူး။ တကယ်ထူးခြားတာဆိုရင်တော့ အစောင့်အရှောက် နတ်တွေက လုပ်ဆောင်တာ ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ဖြစ်နေတာက တကယ်စုံစမ်းလို့ အဖြစ်မှန်ပေါ်ခဲ့တာတွေက လူတွေဖန်တီးပြ လုပ်ကြတာ များပါတယ်’’ ဟု ကျောက်တန်းမြို့ ဓမ္မသိဂ င်္ီပရိယတ္တိစာသင်တိုက်ဆရာတော် အရှင်သူရဓမ္မက ဖြစ်စဉ်အပေါ် သုံးသပ်မိန့်ကြား သည်။

ဦးပေါ်ဆန်းနှင့် ဒေါ်နီလာတို့

နေအိမ်၏ ဘုရားစင်ကို ရွှေသင်္ကန်းကပ်ရန် ပြုလုပ်ပေးနေကြောင်း၊ ကျိုက်ထီးရိုးစေတီ ပုံစံငယ်ကိုမူ ရွှေသင်္ကန်းကပ်ရန်  မရှိသေးကြောင်း နတ်စင်တစ်ရာ ဆရာတော်ကျောင်းတွင် ဘုရားဆင်းတုတော်များ ရွှေသင်္ကန်း ကပ်ပေးနေသူတစ်ဦးက စက်တင်ဘာ ၄ ရက် နေ့လယ်တွင် ထိုနေအိမ်၌ တွေ့ဆုံစဉ် ပြောသည်။

‘‘မှန်သား မှန်သားချင်းကို ကော်နဲ့ ကပ်ထားတာ။ ဒီမှန်ကို ခွာပြီဆိုတာနဲ့ အကုန်ကွဲမယ်။ ခွာတာနဲ့ မှန်ကွဲမယ်။ မှန်ကွဲတာနဲ့ စေတီပျက်စီးသွားမယ်’’ ဟု အိမ်ရှင် ဦးပေါ်ဆန်းက စေတီတော် ထည့်သွင်းထားသော မှန်ကျောင်းဆောင်နှင့် ပတ်သက်၍ ပြောသည်။

မှန်ကျောင်းဆောင်အတွင်းရှိ ကျိုက်ထီးရိုးစေတီတော် ပုံစံငယ်မှာ လေထဲတွင် လွတ်နေသည်ဟု ဆိုသော်လည်း စေတီတော်၏ အောက်ခံအပြားသည် မှန်ကျောင်းဆောင်နှင့် ညှပ်နေ၍ လွတ်နေသည်မျိုးဖြစ်နိုင်ကြောင်း မြင်တွေ့ခဲ့သူတစ်ဦးက မှတ်ချက်ပေးသည်။ သို့သော် ဦးပေါ်ဆန်းက စေတီပုံစံငယ် အောက်ခံပြားနှင့် မှန်ကျောင်းဆောင်မှာ ဓာတ်မီးဖြင့်ထိုးကြည့်ပါက အနည်းငယ်လွတ်နေသည်ဟု ဆိုသည်။

ဇေနွေထွန်း

Credit: 7day daily
ကျိုက်ထီးရိုးပုံစံငယ် စေတီကို လာရောက်ဖူးမြော်နေသူများအား စက်တင်ဘာ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ဇေနွေထွန်း)

No comments:

Post a Comment