" အတုကိုခွါ အစစ်ကိုရှာ "
ခုတလောသတင်းတွေထဲမှာ အတုတွေအကြောင်းကို တော်တော်ကြားနေရတာနဲ့ အတုတွေ အကြောင်းကို ဟိုမရောက် ဒီမရောက် ရေးချင်စိတ်တွေ ပေါ်နေခဲ့ပါတယ်။ အတုဆိုတာကို ကြားဖူးခဲ့တာကြာပါပြီ။ ငယ်ငယ်တုန်းက မေမေဟင်းချက် တာကိုကြည့်ပြီး ဘာတွေလဲမေးကြည့်တော့ အသားတုတွေဖြစ်နေတယ်။ အစားအစာဆိုတာလည်း အတုရှိနေတာပါပဲ။
အဖွားကလည်း အသားတုတွေကို သွားတုတွေနဲ့ ၀ါးနေပြန်ပါတယ်။ စားမကောင်းမှန်းသိပါတယ်။ ဒါပေမယ့် အဖွားမျက်နှာပေါ်မှာ ဘာကြောင့်မှန်းမသိတဲ့ အပြုံးတစ်ခုကို မြင်ခဲ့တယ်။ အပြုံးတုကြီးများ ဖြစ်နေရောလားလို့ ခုနေအခါတွေးကြည့်မိပါတယ်။ ဒီလိုနဲ့ပဲ အတုတွေကြားထဲမှာ ကျွန်တော်ကြီးပြင်းခဲ့တော့ ဆယ်စုနှစ်နှစ်ခု တောင်ကျော်နေခဲ့ပါပြီ။
လူတွေအားလုံး အတုနဲ့အစစ် ဘယ်ဟာကိုကြိုက်လဲမေးရင် အစစ်ကိုပဲကြိုက်တယ် ပြောကြမှာပါ။ မဟုတ်ဘူး။ သူတို့ညာနေကြတာ။ သူတို့တွေ အတုကိုကြိုက်တာများတယ်။ ကျွန်တော်သိတယ်။ အတုရှိမှလည်း အဆင်ပြေမယ်ထင်နေကြတယ်လ။ တစ်ချို့နေရာတွေမှာတော့ အတုတွေ တစ်ကယ်အသုံးဝင်ပါတယ်။ တစ်ချို့နေရာတွေမှာတော့ အတုဆိုတာ မကောင်းတာတွေပါ။
ကွန်ပျုတာမှာ မှတ်ဉာဏ်တုဆိုတာက အလွန်အသုံးဝင်ပါတယ်။ ဒါပေမယ့် အခုတစ်လော ကြားနေရသလို နို့မှုန့်အတုတွေ၊ ဆေးတုတွေ၊ အပြုံးတုတွေဆိုတာကတော့ မကောင်းဘူးဆိုတဲ့ အထဲမှာ သူတို့တွေပါပါတယ်။ မကောင်းတာတွေကိုမှ လုပ်တတ်တဲ့သူတွေကလည်း လူတွေအပေါ်မှာ အကြင်နာတရားမရှိတဲ့ စိတ်ထားအတုပိုင်ရှင်တွေ၊ နှလုံးသားအတုပိုင်ရှင်တွေပဲဖြစ်နေမလားလို့ မရေးမရာ ဆက်တွေးနေလိုက်ပြန်ပါတယ်။
တစ်ခါတုန်းက ရှမ်းအဖိုးကြီးတစ်ယောက် မန္တလေးမြို့ကြီးမှာ ဈေးလာဝယ်ရင်းနဲ့ အုန်းသီးဆိုင် တစ်ဆိုင်ကို ရောက်လာတယ်။ ဒါနဲ့ သူကဆိုင်မှာရှိတဲ့ အရာကိုလက်ညိုးထိုးပြီး ဒါက ဘာကြီးလဲ၊ ဘာလုပ်လို့ရတာကြီးလဲ ဆိုပြီး မေးပါတော့တယ်။ တစ်ကယ်တော့ သူမေးတာက အုန်သီးကြီးပါ။ ဆိုင်ရှင်ကလည်း အုန်းသီးဖြစ်ကြောင်းနဲ့ ဒီလိုအသီးမျိုးဆိုတာက တော်ဝင်နန်းသုံး မင်းမျိုးတွေသာ စားသုံးကြောင်း အစစ်ထည့်ပြောလိုက်သတဲ့။
သူလည်းဘာမသိညာမသိ ဒီအသီးကြီးကိုဝယ်သွားပြီး အိမ်ရောက်တော့ ခွဲစားလိုက်ပါတယ်။ နောက်တစ်ကြိမ် ဈေးကိုသူလာတဲ့အခါမှာတော့ အုန်းသီးဝယ်ခဲ့တဲ့ဆိုင်ကိုသွားပြီး မင်းတို့အသီးကလည်းကွာ မင်းသုံးဆောင်တဲ့ဟာမိုလို့သာ ၀ယ်စားရတယ်။ အရသာကတော့ ဖန်းတွတွပဲ လို့ဆိုလိုက်ပါတယ်။ ဟုတ်တယ်လေ။ သူစားပုံကလည်း သာမာန်အသီးတွေစားသလိုပဲ အစေ့ကိုလွှင့်ပစ်ပြီး အခွံကိုစားလိုက်တာကိုး။ အုန်းသီးမှာက အခွံကိုလွှင့်ပစ်ပြီး အစေ့ကို ခွဲစားရတာ ရှမ်းကြီးမသိလိုက်ဘူး။ ဒါကြောင့် သူဖန်တွတွကြီးလို့ ပြောလိုက်တာပါ။
ခုလည်းဒီလိုပဲ လူတွေအများစုက အနောက်တိုင်းကို အတုခိုးကြပါတယ်တဲ့။ သူတို့လုပ်နေပုံက သူတို့ဘယ်လိုဝတ်တယ်။ သူတို့တီးသလို လိုက်တီးတယ်။ သူတို့ဆိုသလို လိုက်ဆိုတယ်။ ဒီလိုလုပ်ရတာ ခေတ်မီတယ်၊ ခေတ်ဆန်တယ် ထင်နေကြတယ်။ သူတို့ ဘာတွေစားတယ်။ သူတို့ဘယ်လိုနားတယ် ဆိုတာတွေကို လိုက်ပြီး အတုယူနေကြတယ်။
တို့တွေအတုမယူတာ၊ လိုက်မလုပ်တာတွေက သူတို့တတ်တဲ့ပညာတွေ၊ နည်းပညာတွေ၊ သုတေသနလုပ်ပုံတွေ၊ ကြိုးစားပုံတွေ၊ နောက်ဆုံး ယာဉ်စည်းကမ်းလိုက်နာတာ၊ လမ်းဘေး အမှိုက်ချတာကအစ သူတို့တွေဆီက သပ်သပ်ရပ်ရပ်နဲ့ စည်းကမ်းရှိတယ်။ လိုက်ပြီး အတုခိုးသင့်တာတွေကျတော့ ခုနက နုံလိုက်အလိုက်တဲ့ ရှမ်းအဖိုးကြီးလိုပဲ အနှစ်ကို လွှင့်ပစ်ပြီး အကာတွေကို ယူနေကြတော့လည်း တို့တွေ မြင်နေ၊ ကြားနေရသမျှတွေက ဖန်းတွတွတွေ ဖြစ်နေတာ မဆန်းတော့သလိုပဲ။
အစစ်မဟုတ်သေးရင် အတုလိုက်ရင်းနဲ့တူပြီး အစစ်ဖြစ်သွားတယ်။ ကောင်းတာကို အတုလိုက်ရင် ကောင်းတာဖြစ်မယ်။ ဒါကိုနားလည်ရင်မကောင်းတာကို အတုမလိုက်နဲ့။ (ဓမ္မဒူတ အရှင်ဆေကိန္ဒ)
တစ်ခုသော နံနက်ခင်းလေးမှာ ဒုန်းစိုင်းပြေးလာတဲ့ မြင်းတစ်ကောင်နဲ့ မရပ်မနားသွားနေတဲ့ ပက်ကျိတစ်ကောင်တို့ လမ်းမှာ အမှတ်မထင် ဆုံခဲ့ကြပါတယ်။ အပြေးသန်လှတဲ့ မြင်းကမာနကြီး တစ်ခွဲသားနဲ့ ဟေ့ပက်ကျိ၊ ငါလိုအပြေးသန်တဲ့သူပြေးတဲ့ လမ်းမှာ မင်းဘာလာရှုပ်တာလဲပေါ့။
ရန်လိုတဲ့စကားနဲ့ စလိုက်တယ်။ ပက်ကျိကလည်း အားကျမခံ မင်းဘယ်လောက်များ အပြေးသန်နေလို့လဲ။ ငါလိုပက်ကျိနဲ့ရော အပြေးပြိုင်ဝံ့လို့လား လို့ မကြောက်မရွံ့ စိန်ခေါ်လိုက်ပါတယ်။ မြင်းကလည်း ဒီလိုမလောက်လေး မလောက်စားက စိန်ခေါ်ရမလားဆိုပြီး လောင်းကြေးအနေနဲ့ အသက်ချင်းထပ်လိုက်မယ်ပေါ့။ ရှုံးတဲ့သူရဲ့ အသားကို စားကြေးပေါ့။ ဒီလိုနဲ့သူတို့ချိန်းမဲ့နေကို အတိအကျ သတ်မှတ်လိုက်ကြပါတယ်။
ပြိုင်ပွဲမှာစည်းကမ်းအနေနဲ့က တစ်ဦးကတစ်ဦးကို ကျော်နိုင်မှနိုင်တယ်လို့ပြောရမှာပါ။ အဲ့ဒိနောက် သူတို့ပြိုင်ပွဲကို စတင်ပါတော့တယ်။ မြင်ကတစ်ဖာလုံလောက်ပြေးပြီးတိုင်း ပက်ကျိရေလို့ ခေါ်ခေါ်ကြည့်တယ်။ ခေါ်ကြည့်တိုင်းလည်းပက်ကျိက ငါပြေးနေတုန်းဟေ့လို့ ပြန်ပြန်ပြောသတဲ့။ တစ်ကယ်တော့ ပက်ကျိက အပြေးမပြိုင်ခင်ကတည်းက သူ့အပေါင်းဖော်တွေကို သူခေါ်ပြီးတော့ ကြိုတင်မှားထားသတဲ့။
တစ်ဖာလုံရောက်တိုင်း မြင်းကအော်ခေါ်တဲ့အခါ မင်းတို့က ပြေးနေတုန်းပဲလို့ပြော ဆိုတာကို တိုင်ပင်ထားကြတာပါ။ ဒါကို ဘာမှမသိတဲ့ မြင်းခမျာမှာ အော် ပက်ကျိက တော်တော်အပြေးသန်တဲ့ ကောင်ပဲလို့ သူထင်နေခဲ့တယ်လေ။ ဒီလောက်တောင် နုံရ၊ အရ သလားလို့ စိတ်ထဲက အပြစ်တင်နေမိပါတယ်။ တစ်ဖာလုံရောက်တိုင်း အော်ခေါ်လိုက်၊ ပက်ကျိကထူးလိုက်နဲ့ မြင်းကြီးမှာ ပက်ကျိကိုကျော်အောင်ပြေးရင်ပဲ လမ်းခုလပ်မှာ အမောဆို့ပြီး သေပွဲဝင်ခဲ့ရှာပါတယ်။
ဒီပုံပြင်လေးကိုဖတ်ပြီး အတုတွေကို အစစ်ထင်ပြီး ဖက်တွယ်နေမိတဲ့ ကိုယ့်အဖြစ်နဲ့ နှိုင်းယှဉ်နေမိတယ်။ တစ်ကယ်တော့ကျွန်တော်တို့ ခန္ဓာကိုယ်က ကလာပ်စည်းတွေဟာ မရပ်မနားကို ပျက်စီးနေတာပါ။ ဆဲလ်ဟောင်းတွေပျက်နေသလို ဆဲလ်သစ်တွေဟာလည်း ဖြစ်နေတာပါပဲ။ အဲ့ဒီဖြစ်နေပျက်နေတဲ့ အစဉ် (သန္တတိ) ကို တစ်ကယ်ရှိနေ တည်နေတဲ့ အစုအဝေးကို ခန္ဓာကိုယ်လို့ ကျွန်တော်တို့ကထင်တယ်။ ငါပဲ၊ ငါ့ခန္ဓာပဲလို့ထင်တယ်။ ကလာပ်စည်းတွေရဲ့ ဖြစ်ပျက်နှုန်းဟာ မြန်လွန်းတဲ့အတွက် သာမာန်အမြင်နဲ့ မမြင်နိုင်ဘူး။
စောစောက ကလာပ်စည်းဆဲလ်တွေဟာ ခုကလာပ်စည်းဆဲလ်တွေ မဟုတ်တော့ဘူးဆိုတာကို မမြင်နိုင်ခဲ့ဘူး။ ခုနကခန္ဓာကိုယ်ဟာ၊ ခုခန္ဓာကိုယ်မဟုတ်ဘူးဆိုတာကို မသိခဲ့ဘူး။ သူပဲ၊ ငါပဲ၊ ယောက်ျား၊ မိန်းမပဲ စသဖြင့် ထင်နေကြတယ်။ ဟုတ်တယ်။ ခုနကမြင်းလိုပဲ တစ်ဖာလုံရောက်တိုင်း၊ ရောက်တိုင်း သူအော်ခေါ်လိုက်တဲ့အခါ ထူးလိုက်တဲ့ ပက်ကျိဟာ ကျန်ခဲ့တဲ့တစ်ဖာလုံးက ပက်ကျိ မဟုတ်ဘူးဆိုတာကို သူမသိခဲ့ဘူး။ နောင်တစ်ဖာလုံက ပက်ကျိဟာ အယောင်ဆောင်ပက်ကျိ၊ ပက်ကျိအတုဆိုတာကို သူမသိဘူး။
အရင်တုန်းကတော့ ဒါကို ကျွန်တော် အပြစ်တင်ခဲ့မိပါသေးတယ်။ ဒီလောက်တောင် နုံရ၊ အရ သလားပေါ့။ ခုတော့ အပြစ်မတင်ရက်တော့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော် ကိုယ်တိုင်က အ, ရုံမက၊ မိုက်မဲနေတာတွေကြောင့်ပါပဲ။ ငါဟာငါမဟုတ်ပါလား။ ငါဆိုတာ မရှိပါလား ဆိုတာကို ခုအထိ မသိသေးပါဘူး။ ငါ ပြီးရင်း ငါ ရင်းက ငါစွဲတန်းလန်းနဲ့ သံသရာမှာ ပြေးနေရဦးမဲ့ အဖြစ်နဲ့၊ ပြေးရင်နဲ့ အမောဆို့သေရတဲ့ မြင်းရဲ့ အဖြစ်တွေကို ချိန်ထိုးကြည့်နေမိပါတယ်။
လောကမှာ အတုဆိုတာလည်းရှိပါတယ်။ အစစ်ဆိုတာလည်း ရှိပါတယ်။ အတုတွေ၊ အစစ်တွေ ခဏထားလို့ အတုဆိုတာကို အတုမှန်းသိဖို့အရေးကြီးသလို၊ အစစ်ဆိုတာကိုလည်း အစစ်မှန်းသိဖို့ အရေးကြီးပါတယ်။ အတုနဲ့ အစစ်ကို ခွဲခြားတတ်ဖို့ကလည်း အရေးကြီးပါတယ်။ ကိုယ့်စိတ်ကထင်ချင်တာထင်ပြီး အတုကို အစစ်ထင်၊ အစစ်ကို အတုထင်နေတတ်တာကိုလည်း သတိပြုသင့်တယ်။
အားလုံးသောသတ္တ၀ါတွေ ဘေးကင်းရန်ကွာ၍ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေ။
ဆရာကြီးနန္ဒာသိန်းဇံ၏ ဆောင်းပါးများကို မှီငြမ်းပါသည်။ ထေရ၀ါဒ ဗုဒ္ဓဘာသာလူငယ်များ အသင်း ၀ပ်ဆိုက်မှ ကူးယူပါသည်။
သော်ဇင် (စိန်ပန်း)
Sunday, March 8, 2015
" အတုကိုခွါ အစစ်ကိုရှာ "
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment