Thursday, March 5, 2015

"စွဲမက်ဖွယ်ကောင်းအောင် ဆွဲဆောင်နိုင်တဲ့ အမျိုးသမီးဖြစ်ချင်ရင်"

"စွဲမက်ဖွယ်ကောင်းအောင် ဆွဲဆောင်နိုင်တဲ့ အမျိုးသမီးဖြစ်ချင်ရင်"

၁။ အကောင်းမြင်တတ်ပြီး အမြဲတမ်း လန်းဆန်းတက်ကြွနေတဲ့ ဟန်ပန်လေးတွေက အလင်းရောင်လေးတွေ ဖြာထွက်နေစေပါတယ်။ ကိုယ့်ကို တောက်ပနေစေပါတယ်။

၂။ ကိုယ့်မှာမပြည့်စုံတဲ့အချက်တွေ၊ ကိုယ်မနှစ်သက်တဲ့ အချက်တွေ ရှိရင် အားလုံးကိုမေ့ပစ်လိုက်။ အဲဒါတွေအစား ကိုယ့်မှာရှိနေတဲ့ ကိုယ်နှစ်သက်တဲ့၊ ကောင်းတဲ့ အချက်လေးတွေကိုပဲစဉ်းစားနေပေါ့။ ဒါဆို ပြုံးပျော်ပြီး ယုံကြည်မှုရှိလာပါလိမ့်မယ်။

၃။ ကိုယ်အကြိုက်ဆုံးရေမွှေးကို ရှာပြီး အမြဲဆွတ်ထားပါ။ လူတစ်ဦးတစ်ယောက်စီမှာ ထူးခြားတဲ့အနံ့လေးတွေ ရှိတတ်ကြတယ်မဟုတ်လား၊ ကိုယ့်ရဲ့ ကိုယ်သင်းနံ့လေးကို ထူးခြားပြီး ချိုမြနေတဲ့အနံ့လေး ဖြစ်နေအောင်ထားပြီး ဆွဲဆောင်နိုင်ပါတယ်။

၎။ လူတိုင်းကိုစိတ်ကျေနပ်အောင် ထားနိုင်ဖို့ မကြိုးစားပါနဲ့။ ဒါက ဖြစ်မှမဖြစ်နိုင်တာ။

၅။ ကိုယ့်ကိုယ်ကိုသာ ယုံကြည်စိတ်ချလိုက်ပြီး အတွင်းကပြောတဲ့စကားသံကို နားထောင်လိုက်ပါ။ ကိုယ်ထင်တာ ကိုလုပ်လိုက်တာက အမြဲမှန်ပါတယ်။

၆။ ဘယ်တော့မှ အချိန်နောက်မကျစေနဲ့။ တခြားလူတွေရဲ့အချိန်တွေကို တန်ဖိုးထားပါ။

၇။ မနက်တိုင်းကိုယ့်မျက်နှာကိုယ် မှန်ထဲမှာကြည့်ပြီး ပြုံးပြပါ။ ဒီလိုလုပ်ခြင်းက တကယ်ကို ခံစားသက်ဝင်မှု အားကောင်းစေပါတယ်။

၈။ ဘယ်တော့မှ မလိမ်ညာပါနဲ့။ အမှန်အတိုင်းပြောဆိုခြင်းက အနေရကျပ်စေတဲ့ အခြေအနေတွေကနေ လွှတ်မြောက်စေပါတယ်။

၉။ တခြားလူတွေအကြောင်း မကောင်းပြောတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ အထူးသဖြင့် သူတို့ မရှိတဲ့အချိန်မှာပေါ့။

၁၀။ ကိုယ်တကယ်ချစ်တဲ့လူကို ချစ်ပါတယ်လို့ မကြာခဏပြောပေးပါ။

၁၁။ လူတစ်ယောက်နဲ့ စကားပြောတဲ့အခါ တစ်ဖက်လူရဲ့ မျက်လုံးထဲကိုတိုက်ရိုက်ကြည့်ပြီး စကားပြောပါ။

၁၂။ လူတွေကို ရိုးရိုးသားသားပဲချီးမွမ်းပြောဆိုပါ။

၁၃။ ဟာသဥာဏ်လေးတွေ ရွှင်တတ်အောင် ကြိုးစားပါ။

၁၄။ သူငယ်ချင်းကောင်း တစ်ယောက်ဖြစ်အောင် နေပါ။ ကိုယ့်ရှေ့မှာ ကိုယ့်သူငယ်ချင်းမကောင်းကြောင်း ပြောတာကိုခွင့်မပြုပါနဲ့။

၁၅။ ကိုယ့်ကိုယ်ကိုချစ်ပါ၊ ကိုယ့်ခန္ဓာကိုယ်ကိုလည်းချစ်ပါ။ ကိုယ်ကောင်းဖို့အတွက် မကြာခဏ တစ်ခုခုလုပ်ပေးပါ။ အနှိပ်ခံတာဖြစ်ဖြစ်၊ မျက်နှာပေါင်းတင်တာဖြစ်ဖြစ်ပေါ့။

၁၆။ လူတိုင်းလူတိုင်းအပေါ် ကြင်နာပြီး ယဉ်ကျေးစွာဆက်ဆံပါ။

၁၇။ ကိုယ်ပိုင်ဖက်ရှင် တစ်ခုထားပါ။ ကိုယ်ကြိုက်နှစ်သက်ပြီး ကိုယ်နဲ့လိုက်ဖက်မယ့် အဝတ်အစားတွေကိုပဲ ဝတ်ဆင်ပါ။

၁၈။ သင်ယူခြင်းကိုဘယ်တော့မှ မရပ်တန့်လိုက်ပါနဲ့။ ကိုယ့်မှာရှိပြီးသား အရည်အချင်းတွေကိုမွေးမြူပြီး အသစ်အသစ်တွေကို သင်ယူဖို့ ကြိုးစားပါ။

၁၉။ အိပ်ပျော်ခါနီးအချိန်မှာ ကောင်းတဲ့အရာတွေကို တွေးပါ။ ဒီလိုလုပ်ခြင်းက မနက်ကျရင် အကောင်းမြင်စိတ်တွေနဲ့ နိုးထလာစေပါတယ်။

၂၀။ ခြေသည်း၊ လက်သည်းလေးတွေ အမြဲဆိုးပါ။ အမျိုးသားတွေက လက်လှလှလေးတွေကို သတိထားမိတတ်ကြတယ်။

၂၁။ အားကစားတစ်ခုခု လိုက်စားပါ။ ကခုန်ခြင်း၊ ယောဂ ဒါမှမဟုတ် လမ်းလျှောက်ခြင်း တစ်ခုခုပေါ့။ ခန္ဓာကိုယ်လေး ကျစ်လစ်နေတော့ ပိုပြီးလှတာပေါ့။

၂၂။ ငြင်းခုံပြီး စကားများတာတွေကို ရှောင်ပါ။ ငြိမ်းချမ်းရေးကို မြတ်နိုးပါ။

၂၃။ နှုတ်ခမ်းဆိုးဆေး Lip-gloss လေးတစ်စက်က ဘယ်လောက်အစွမ်းပြနိုင်တယ် ဆိုတာကို ခန့်မှန်းလို့မရနိုင်ပါဘူး။ အသုံးပြုကြည့်လိုက်ပါ။

၂၄။ တစ်ယောက်တစ်ယောက်ကို ဘယ်တော့မှ အတုခိုးဖို့ မကြိုးစားပါနဲ့။ ကူးယူထားတာထက် မူလအရှိအတိုင်းက အမြဲပိုကောင်းတယ် မဟုတ်လား။

၂၅။ စာများများဖတ်ပါ။ ဗဟုသုတတွေ ကြွယ်ဝနေတဲ့စိတ်ကလေးက ဆွဲဆောင်မှုရှိပါတယ်။

၂၆။ ဘယ်သူ့ကိုမှ မအော်ပါနဲ့။ အော်တယ်ဆိုတာက အမျိုးသမီးတွေ အတွက်မဟုတ်ပါဘူး။

၂၇။ ဆွဲဆောင်မှုရှိပါ၊ ဒါပေမယ့် မရိုင်းပြစေပါနဲ့။ ကိုယ်နှစ်သက်သမျှ အားလုံး ဝတ်ဆင်လို့ရပါတယ်။ စကပ်တို၊ နှုပ်ခမ်းဆိုးဆေးအနီရောင်၊ အင်္ကျီကြယ်သီးဖွင့်ထားတဲ့ ရှပ် အားလုံးဝတ်ဆင်နိုင်ပါတယ်။ ဒါပေမယ့် အာလုံးကိုတော့တပြိုင်နက် မဝတ်ဆင်နဲ့ပေါ့။

၂၈။ မကြာခဏ ပြုံးပါ။ ကိုယ်ဘယ်လောက် ပျော်ရွှင်နေတယ်ဆိုတာ တစ်ကမ္ဘာလုံး သိပါစေ။

၂၉။ ကိုယ့်အကြောင်း နဲနဲပဲပြောပြပါ။ လူတွေ မေးခွန်းတွေထုတ်ပြီး ကိုယ့်အကြောင်း မေးလာတာက ပိုကောင်းပါတယ်။ လျှို့ဝှက်ဆန်းကြယ်မှုလေးက ဆွဲဆောင်မှုတစ်ခုပါပဲ။

၃၀။ ဒေါက်မြင့်ဖိနပ်စီးပြီး ကျက်သရေရှိရှိ လမ်းလျှောက်တတ်အောင် သင်ယူပါ။

၃၁။ သူတပါးလိုအပ်ချက်ကို သိတတ်ပြီး ကိုယ်ကူညီနိုင်ရင် ကူညီလိုက်ပါ။ ဒါက ပျော်ရွှင်မှုကို ယူဆောင်လာပေးနိုင်ပါတယ်။

K.K(ကနောင်)


No comments:

Post a Comment