"လေထုညစ်ညမ်းမှုကို လျှော့ချနိုင်မည့် i-Road သုံးဘီးယာဉ်"
ယဉ်ကျောပိတ်ဆို့မှုနှင့် လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ရန်အတွက် ကမ္ဘာလုံး အတိုင်းအတာဖြင့် စီးပွားထုတ် လုပ်နိုင်ရန် ရည်ရွယ်ပြုလုပ်သည့် စမ်းသပ်ချက်တခုကြောင့် ဧပြီလ ၁၀ ရက်နေ့မှ စ၍ တိုကျိုမြို့သူမြို့သားများအနေဖြင့် မြို့တွင်းတွင် မော်တော်ကားပုံစံ သုံးဘီးတပ် လျှပ်စစ် စွမ်းအင်သုံး ဆိုင်ကယ်များဖြင့် လျှင်မြန်စွာသွားလာနိုင်ခွင့် ရရှိကြတော့မည်ဖြစ်သည်။
ကမ္ဘာ့ထိပ်တန်း မော်တော်ကား ကုမ္ပဏီကြီး တခုဖြစ်သော Toyota က ဂျပန်နိုင်ငံမှ ကားငှားရမ်းသောဝန်ဆောင်မှုကုမ္ပဏီ တခုဖြစ်သည့် Park24 Co Ltd ပူးပေါင်း၍ i-Road ယာဉ်များကို ၆လ ငှားရမ်းအသုံးပြုခွင့် ပေးသွားမည်ဖြစ်သည်။ ဂျာမနီ နိုင်ငံမှ Daimler AG ၏ car2go ၀န်ဆောင်မှုကဲ့သို့ ဖြစ်သည်။
အရွယ်အစားသေးငယ်သည့် ယဉ်တစီးဖြစ်သော လျှပ်စစ် စွမ်းအင်သုံး i-Road ၏ ရှေ့ဘီး ၂ခုသည် တဘီးချင်းစီ အလိုက် လွတ်လပ်စွာ အထက်အောက် လှုပ်ရှားနိုင်ပြီး မော်တော်ဆိုင်ကယ်ကို ကားကဲ့သို့ တည်ညိမ်မှု ရရှိအောင် ပြုလုပ်ထားခြင်းဖြစ်သည်။ အရေ အတွက် မည်မျှထုတ်လုပ်မည်ကို Toyota က ယခုအချိန်အထိ ဆုံးဖြတ်ရသေးခြင်း မရှိသေးပေ။
“ကျနော်တို့ရဲ့ အယူအဆက မြို့တော်တွင်းမှာ ပျော်ရွှင်သက်သာစွာ သွားလာမောင်းနှင်နိုင်တဲ့ တစုံတခု လုပ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။” ဟု i-Road ၏ အင်ဂျင်နီယာချုပ် Akihiro Yanaka သတင်းဌာနသို့ ပြောသည်။
မော်တော်ကားလုပ်ငန်း ကဏ္ဍအတွင်းတွင် "smart mobility" ဟု သိကြသော စမတ်ကျကျ သွားလာနိုင်ရေးအတွက် တည်ထွင်ဖန်တီးမှုသည် မြို့ပြလူနေမှုတိုးတက်လာပြီး လေထုညစ်ညမ်းမှု ပိုဆိုးရွားလာကာ ယဉ်ကျောပိတ်ဆိုမှုများ ကြုံတွေ့နေရသည့် အချိန်တွင် မော်တော်ကား ထုတ်လုပ်သူများအတွင်း စစ်မျက်နှာသစ်တခု ဖြစ်လာသည်။
ဂျာမနီနိုင်ငံမှ Daimler က ဥရောနိုင်ငံ ၃၀ ကျော်နှင့် မြောက်အမေရိကမြို့ကြီးများတွင် အဖွဲ့ဝင် ၁ သန်းကျော်ရှိနေသော car2go ၀န်ဆောင်မှုဖြင့် ရှေ့ကပြေးနေသည်။ car2go ၀န်ဆောင်မှုတွင် Mobile Application တခုကို အသုံးပြု၍ လေထုညစ်ညမ်းမှု လုံးဝ မဖြစ်စေသော Smart Fortwo ကားငယ်များ မှာယူနိုင်သည်။ ယဉ်မောင်းများသည် ကားကို အသုံးပြု သည့် မိနစ်အလိုက် ငွေပေးချေရပြီး ရပ်ထားခဲ့နိုင်သည့် နေရာများလည်း မြို့တွင်းမှာအများအပြားရှိသည်။
Ford Motor ကုမ္ပဏီကလည်း Ford Smart Mobility ကို စတင်တော့မည် ဖြစ်ကြောင်း ဇန်န၀ါရီလ အတွင်းတွင် ကြေညာခဲ့သည်။ လန်ဒန်မြို့တွင် ကားငှားဝန်ဆောင်မှုလုပ်ငန်း တခုအပါအ၀င် စမ်းသပ်မှုအမျိုးမျိုး ဆောင်ရွက်သွားမည် ဖြစ်သည်။
Toyota သည်လည်း ကားငှားရမ်းသည့် လုပ်ငန်းအတွေ့အကြုံများ ရှိခဲ့သည်။ သို့သော်လည်း တိုကျိုမြို့သည် သူတို့ ကားငှားပေးမည့် ပထမဆုံး အဓိက မြို့ကြီးတခုဖြစ်သည်။ i-Road မှ တိုကျိုမြို့အတွက် အကျိုးအမြတ် အများဆုံးရရှိမည် ဟုလည်း Toyota ကပြောသည်။
“အချက်အလက်တွေအရ မြို့ကြီးတွေက ကားတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ကားပေါ်မှာ လူ ၁ ယောက်ပဲပါတယ်။ သွားတဲ့ခရီး အများစုကလည်း ၁၀ ကီလိုမီတာ လောက်တောင်မရှိပါဘူး။ ဒါကြောင့် သယ်ယူပို့ဆောင်ရေးအတွက်က ကားတစီး ဖြစ်နေဖို့ မလိုပါဘူး။” ဟု Toyota ၏ Smart Community ဌာနမှ အဖွဲ့မန်နေဂျာ Toshiya Hayata ကပြောသည်။
ပြုလုပ်တော့မည့် စမ်းသပ်ချက်အရ ငှားရမ်းမည့် သူများသည် Ginza ခရိုင်တွင် i-Road တစီးကို ၁၅ မိနစ်အတွက် ၄၁၂ ယန်း ( အမေရိကန်ဒေါ်လာ ၃ ဒေါ်လာခန့်) ဖြင့် ငှားရမ်းနိုင်ပြီး အသုံးပြုပြီးပါက မြို့အတွင်းတွင် သတ်မှတ်ပေးထားသည့် ရပ်နားရမည့် နေရာ ၅ ခုမှ အဆင်ပြေသည့် နေရာတွင် ထားခဲ့နိုင်မည် ဖြစ်သည်။
စမ်းသပ်ခြင်းမှ စီးပွားလုပ်ငန်းပုံစံသို့ ကူးပြောင်းရေး အတွက်မူ i-Road များနှင့် ကားငှားရမ်းခြင်းကွန်ရက် တခု လုပ်ကိုင်ရန်အတွက် ကုန်ကျစရိတ်များကို တွက်ချက်ကြည့်ရမည်ဟု Toyota ကပြောသည်။
“ဒါပေမယ့် Daimler မှာ Smart Fortwo ထက်သေးတာ မရှိပါဘူး။ တကယ်လို့ ကျနော်တို့က အလုပ်ဖြစ်အောင် လုပ်နိုင်ရင် i-Road က အားသာချက်တခု ရနိုင်ပါတယ်။”
Reuters
lutawlupyaw
No comments:
Post a Comment