Saturday, April 11, 2015

" သင်္ကြန်ဟူသည် "

" သင်္ကြန်ဟူသည် "
      
သင်္ကြန်ဆိုသောစကားမှာ Samkaranta ဟူသော-သက္ကတပုဒ်-မှ ဆင်းသက်လာခြင်း ဖြစ်သည်။ သံကရန္တမှ သင်္ကရန္တ-သင်္ကြန္တ= သင်္ကြန်ဟူ၍ အဆင့်ဆင့် ပြောင်းလဲလာခြင်းဖြစ်၏။ အဓိပ္ပါယ်မှာ  ပြောင်းရွေ့ခြင်း ဟူ၍ဖြစ်၏။ နှစ်ဟောင်းကာလမှနှစ်သစ်အခါသမယသို့ ပြောင်းရွှေ့ခြင်းဟု လိုတိုရှင်း အဓိပ္ပါယ် မှတ်သားနိုင် ကြပါသည်။ နှစ်ဟောင်းအခါက တနှစ်တာကာလတစ်လျှောက်လုံး ပြုလုပ်ခဲ့သော အညစ်အကြေးတွေကို နောင်နှစ်သစ်မှာ ထပ်မဖြစ်ရလေအောင် အတိတ်ကောင်းတွေယူကာ တစ်ဦးနှင့်တစ်ဦး မေတ္တာစေတနာတို့ဖြင့် ရေစင်ရေအေးကို ပက်ဖြန်းကြတာပဲ ဖြစ်ပါသည်။

ရေဆိုသည်မှာ- (၁) အေးမြခြင်းအေးချမ်းခြင်း (၂) အညစ်အကြေးများကို စင်ကြယ်စေခြင်း ဟူ၍ အစွမ်းသတ္တိ (၂) မျိုး ရှိသည့်အတိုင်း၊ သင်္ကြန်ရက်မြတ် အချိန်အခါမှာ ရေပက်ဖြန်းသူ၊ ရေပက်ခံသူ နှစ်ဦးလုံးမှာ နောင်နှစ်များစွာတိုင် ရေစင်ရေပေါက်များကဲ့သို့ အေးချမ်းသာယာပါစေ၊ ဘေးဥပါဒ်ရန်မှန်သမှ ကင်းစင်ပါစေ၊ ဒေါသ၊ လောဘ၊ မာန စသော အညစ်အကြေးများ ကင်းစင်ကာ လောကအအကျိုး၊ လောကုတ္တရာအကျိုးကို ကောင်းစွာ ဆောင်ရွက်နိုင်စေရန်အတွက် ရှေ့ပညာရှိများက သင်္ကြန်ရေပက်ဖြန်းစေတာ ဖြစ်သည်။

တနည်းပြောရလျှင် သင်္ကြန်ဆိုတာ တဦးနှင့်တဦး မေတ္တာပို့ဆုတောင်းကြတဲ့ တကယ့်သူတော်ကောင်းတို့ကျင့်စဉ် ပွဲတော်မျိုးပါ မေတ္တာပို့ပွဲတော်ဟုဆိုလျှင်လည်း မှားမည်မဟုတ်ပါပေ။ သင်္ကြန်ကာလတွင် မြန်မာတို့သည် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားစခန်းရိပ်သာများ ၀င်ခြင်း၊ ဒုလ္လဘရဟန်း၊ သာမဏေ၊ သီလရှင်ပြုခြင်းများနှင့်၊ လူကြီးသူမမိဘ၊ ဆရာသမားတို့အား ခေါင်းလျှော် ရေချိုး၊ ကိုယ်လက်သန့်စင်ပေးခြင်း၊ ဆွမ်းလောင်းလှုပွဲ စတုဒီသာအလှုပွဲများအပြင်၊ ကျွဲနွား တိရိစ္ဆာန်တို့အား ဇီဝိတဒါနအဖြစ် ဘေးမဲ့ပေးခြင်းများလည်း အချို့သော မြို့ရွာများတွင် ရှေ့အစဉ်အလာမပျက် ကောင်းမှုပြုနေကြသည်မှာလည်း ၀မ်းမြောက်ကြည်နူးစရာ ကောင်းလှ သကဲ့သို့။

ယခုခေတ်လူငယ်အတော်များများသည် သင်္ကြန်ရေလောင်းရခြင်း၏ အနှစ်သာရကို မသိရှိ မလေ့လာကြပဲ ရှေ့ပညာရှိတို့ ချမှတ်ထားသော ကောင်းမြတ်သော ရည်ရွယ်ချက်နှင့် သွေဖီကာ ယဉ်ကျေးမှုနှင့် ဆန့်ကျင်ပြီး၊ အပျော်လွန် အပျော်ကြူးနေသည်မှာ လွန်စွာ ၀မ်းနည်းစရာ ကောင်းလှသည်။ 

မည်သည့်အချိန်မှစတင်ကာ သင်္ကြန်ပွဲတော်ကို ကျင်းပလာခဲ့ကြောင်း မြန်မာရာဇ၀င်များတွင် သေခြာဖော်ပြထားသည်ကို မတွေ့ရသော်လည်း ပုဂံခေတ် နှောင်းပိုင်း၊ နရသီဟပတေ့မင်း (တရုတ်ပြေးမင်း) လက်ထက်ကတည်းက ကျင်းပခဲ့ကြောင်းကို သိရှိရသည်။ ရှေးဟောင်းမြို့ ရာဇ၀င်တော်ကြီးများ၏ မှတ်တမ်းများတွင် ပုဂံခေတ်၌ သင်္ကြန်ပွဲတော်ကို ဧရာဝတီမြစ်အတွင်း၌ တစ်ခမ်းတနား ကျင်းပခဲ့ပြီး။ နှောင်းခေတ်များတွင်မူ နန်းတော်အတွင်း၌ မဏ္ဍပ်ကြီးများ ဆောက်လုပ်၍ ရေကစားခဲ့ကြကြောင်းသိရှိရသည်။ မြန်မာမင်းများ လက်ထက် ခေတ်အဆက်ဆက် သင်္ကြန်ပွဲတော်တွင် ဘုရင်မှအစ ပြည်သူပြည်သားအားလုံး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။ စောင်းငြင်းများတီးမှုတ်ကာ သီချင်းများကို သီဆိုကြသည်။ တစ်ဦးနှင့်တစ်ဦး နံ့သာရေ၊ ပန်းပေါင်းအမွှေးနံ့သာရေ စသော ရေကြည်၊ ရေအေး၊ ရေမွှေးတို့ဖြင့် ရေပက်ဖျန်းမှု ပြုလုပ်ခဲ့ကြသည်။

ထေရ၀ါဒ ဗုဒ္ဓနိုင်ငံတော်များဖြစ်သော၊ ထိုင်း၊ ကမ္ဗောဒီးယား၊ လာအို နိုင်ငံများတွင်လည်း သင်္ကြန်ပွဲတော်ကို ကျင်းပလေ့ရှိကြပါတယ်။ ဓလေ့ထုးံစံတွေ၊ နိုင်ငံတွေ မည်သို့ပင်ကွဲလွဲစေကာမူ ရှေးရှေး သူတော်သူမွန် ပညာရှိတို့၏ ရည်ရွယ်ချက်အနှစ်သာရကတော့ အတူတူပင်ဖြစ်ပါသည်။ ထိုနိုင်ငံတို့တွင်လည်း မြန်မာနိုင်ငံကဲ့သို့ သင်္ကြန်ကာလတွင် ဥပုသ်သီလဆောက်တည်ခြင်း၊ ကျွဲ နွား တိရိစ္ဆာန်တို့အား ဘေးမဲ့လွှတ်ခြင်း၊ လူကြီးသူမတို့အား ခေါင်းလျှော်ပေးခြင်း၊ လက်သည်း၊ခြေသည်း ညှပ်ပေးခြင်း စသော ကောင်းမှုများကို ပျော်ရွှင်စွာ သင်္ကြန်၏အနှစ်သာရ ပြည့်ဝစွာဖြင့် ပြုလုပ်လေ့ရှိသည်။

အခုနောက်ပိုင်းကာလများတွင်မူ မြန်မာနိုင်ငံသည် သင်္ကြန်ပွဲတော်ကို စတင်ပြုလုပ်ခဲ့သည့် ရှေးပညာရှိတို့၏ ရည်ရွယ်ချက်နှင့်ဆန့်ကျင်ကာ သရုပ်ပျက် ဗရုတ်ကျလာကြပေသည်။ သင်္ကြန်ကာလသည့် ၄င်းတို့အတွက် တရားဝင် မကောင်းတာလုပ်ပိုင်ခွင့် ပါမစ်ရထားသည့်နှယ် မြန်မာ့သင်္ကြန်၏ အနှစ်သာရကို ဖျက်ဆီးနေကြပါသည်။ မိဘများကလည်း မိမိသားသမီးများကို သင်္ကြန်ကာလတွင် ဘာမှဆိုဆုံးမခြင်းမရှိပဲ လွှတ်ထားသည်မှာ မြန်မာ့ယဉ်ကျေးမှုနှင့် မျိုးဆက်သစ်တို့ အနာဂါတ်အတွက် များစွာ ရင်လေးဖွယ်ရာပင် ဖြစ်ပါသည်။

ထိုကဲ့သို့အခြေအနေမျိုးကိုများ သင်္ကြန်းပွဲတော် စတင်ပြုလုပ်ခဲ့ကြသည့် သူတော်သူမွန်ပညာရှင်များ ကြားသိမြင်မိပါက သူတို့ကိုယ်သူတို့ အပြစ်တင်၍ ဆုံးတော့မည်မဟုတ်ပေ။ ယဉ်ကျေးလိမ္မာ အသိတရားရှိကြသော သူတော်စိတ်ဓါတ် ကိန်းဝပ်ကြသည့် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးလေးတို့ကို တွေ့ရလို့သာ ဖြေသာသေးပေး၏။

မနှစ်ကသင်္ကြန်ကာလတွင် မိမိကဲ့သို့ သီရိလင်္ကာကို ပညာတော်သင် ကြွရောက်လာသော ကမ္ဗောဒီးယား ရဟန်းတော်တပါးက သူနေထိုင်သောအဆောင်ကို ကမ္ဗောဒီးယား နှစ်သစ်သင်္ကြန်အထိမ်းအမှတ် ဆွမ်းကပ်ပင့်တာမို့ ကြွရောက်ဘုဉ်းပေးရင်း ကမ္ဗောဒီယား သင်္ကြန်အကြောင်း ပြောပြပြီး အင်တာနက်ကနေ ကမ္ဗောဒီးယားတို့၏ သင်္ကြန်ကို တိုက်ရိုက်ပြပါသည်၊ တကယ်ကို ယဉ်ကျေးသိမ်မွေ့လွန်လှပါတယ်၊ ရေပက်ဖြန်းကြတာ ယဉ်းကျေးလိမ္မာ ကျက်သရေရှိလွန်းလှ၏။

ကမ္ဗောဒီးယားသင်္ကြန်ပြပြီး မိမိတို့မြန်မာသင်္ကြန်ကို ပြပေးဖို့တောင်းဆိုတာကြောင့် အင်တာနက်မှတဆင့် မြန်မာသင်္ကြန်ကို ဖွင့်လိုက်လေရာ မိမိအတွက် မျက်နှာမရပဲ မျက်နှာပျက်စရာသာ ကြုံတွေ့ရလေ၏။ ဒကာမအများစုများ အရှက်အကြောက် ဟိရိ၊သြတ္တပ္ပ မရှိကြတော့ပဲ လူပုံအလည်တွင် ဘောင်းဘီအတို အင်္ကျီအပြတ်ဖြင့် မြူဆွယ်ပြီး ကာမမီးမွှေးနေပုံများသာ အများအပြား ပေါ်ထွက်လာ၏။ ကမ္ဗောဒီးယား ရဟန်းတော်က "အရှင်ဘုရားတို့အနေနှင့် ဒီလိုဟာတွေ မထိမ်းနိုင်ရင်တော့ မြန်မာပြည်မှာ သင်္ကြန်ပွဲမကျင်းပသင့်တော့ဘူး" ဟု မှတ်ချက်ပြုစကားကိုလည်း ရှက်ရှက်နဲ့ရယ်ကျဲကျဲသာ လုပ်နေနိုင်ခဲ့၏။ အခုနှစ်တွင်မူ တာဝန်ရှိသူ အစိုးရမှ သရုပ်ပျက်သူများကို ဥပဒေအရ အရေးယူမည်ဟု ကြားသိရလေရာ သာဓုအလီလီ ခေါ်ရပေတော့သည်။

(ယဉ်းကျေးလိမ္မာ၊ သားသမီး၊  ရတနာများ ဖြစ်နိုင်ကြပါစေ)

ဓမ္မ၀ီရ အရှင်တေဇနိယ



lutawlupyaw

No comments:

Post a Comment