Saturday, April 11, 2015

"ပင်စင်စားများအားလုံး တိုးမြှင့်ပင်စင်လစာကို ဧပြီလမှစ၍ ခံစားခွင့် ပြုမည်"

"ပင်စင်စားများအားလုံး တိုးမြှင့်ပင်စင်လစာကို ဧပြီလမှစ၍ ခံစားခွင့် ပြုမည်"

နိုင်ငံ့ဝန်ထမ်းများအတွက် လစာနှုန်းထားများ တိုးမြှင့်သတ်မှတ် ပေးပြီးနောက် အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာများ တိုးမြှင့်သတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ မြန်မာ့သတင်းစဉ် သတင်းအဖွဲ့မှ ပင်စင်ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဝင်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ။ နိုင်ငံ့ဝန်ထမ်းများ လစာနှုန်းထား တိုးမြှင့်ခွင့်ပြုပြီးဖြစ်ပေမယ့် ပင်စင်စားတွေအတွက် တိုးမြှင့်ပေးမယ့် နှုန်းထားပါရှိခြင်း မရှိတဲ့အတွက် ပင်စင်စားတွေကို ဘယ်လို တိုးမြှင့်ပေးမလဲဆိုတာ သိလိုပါတယ်။

ဖြေ။ ။ ပင်စင်လစာ တိုးမြှင့်ရေးနဲ့ ပတ်သက်ပြီးတော့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဧပြီ (၁ဝ) ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၁ဝ၅၉/ ၂ဝ၁၅ ဖြင့် ပင်စင်စားတွေရဲ့ ပင်စင်လစာကို တိုးမြှင့်သတ်မှတ်ပေးဖို့ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပေးပြီး ဖြစ်ပါတယ်။ အဲဒီအမိန့်ကြော်ငြာစာမှာ ပင်စင်စားတွေကို လက်ရှိပင်စင်လစာအပြင် ထပ်မံတိုးမြှင့်သတ်မှတ်တဲ့ လစာ ကျပ် ၄၅ဝဝဝ အပေါ် မူတည်ပြီး တည်ဆဲ ပင်စင်နည်းဥပဒေနဲ့အညီ တွက်ချက်ပြီး တိုးမြှင့်ပင်စင် လစာအဖြစ် ထပ်မံတိုးမြှင့်ခွင့် ပြုသွားမှာ ဖြစ်ပါတယ်။

မေး။ ။ ပင်စင်စားတွေအနေနဲ့ တိုးမြှင့် ပင်စင်လစာကို ဘယ်လ၊ ဘယ်နေ့ကစပြီး စတင်ခံစားခွင့်ရှိသလဲဆိုတာကို သိရှိလိုပါတယ်။ ဒါ့အပြင် ၂ဝ၁၃ ခုနှစ်၊ ၂ဝ၁၄ ခုနှစ်များမှာ ပင်စင်လစာတိုးမြှင့်ခြင်းနဲ့ ယခု ၂ဝ၁၅ ခုနှစ် တိုးမြှင့်ပင်စင်လစာရဲ့ ကွာခြားမှုကို သိရှိလိုပါတယ်။

ဖြေ။ ။ တိုးမြှင့် ပင်စင်လစာကို ၂ဝ၁၅ ခုနှစ် ဧပြီလကစပြီး ခံစားခွင့်ပြု မှာ ဖြစ်ပါတယ်။ ၂ဝ၁၃ ခုနှစ်၊ ၂ဝ၁၄ ခုနှစ်တွေမှာ ကျပ် ၂ဝဝဝဝ ပေါ်မှာ တိုးမြှင့်ပင်စင်လစာ တွက်ချက်ပေးခဲ့ခြင်းဖြစ်ပြီး ယခု ၂ဝ၁၅ ခုနှစ်မှာ ကျပ် ၄၅ဝဝဝ ပေါ်မှာ တိုးမြှင့်တွက်ချက်ရခြင်းဖြစ်တဲ့အတွက် ပင်စင်စားတွေ အနေနဲ့ ၂ ဒသမ၂၅ ဆ ပိုမို၍ အကျိုးခံစားခွင့် ပေးထားတာကို တွေ့ရှိရပါတယ်။ ဥပမာအားဖြင့် ယခင်ကျပ် ၂ဝဝဝဝ တိုးမြှင့်ပေးစဉ်က လုပ်သက် (၁ဝ) နှစ်အတွက် ကျပ် ၃ဝဝဝ သာ တိုးမြှင့်ခံစားခွင့် ရရှိပြီး ယခု ကျပ် ၄၅ဝဝဝ နှုန်းနဲ့ တွက်ချက်ပါက ကျပ် ၆၇၅ဝ တိုးမြှင့်ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။

မေး။ ။၂ဝ၁၅ ခုနှစ် တိုးမြှင့် ပင်စင်လစာဟာ ပင်စင်စားအားလုံးနဲ့ သက်ဆိုင်ပါသလား။ ဧပြီ ၁ ရက်နေ့ နောက်ပိုင်း ပင်စင်ယူမယ့် ဝန်ထမ်းတွေအတွက် ပင်စင်အကျိုးခံစားခွင့် ဘယ်လိုခွင့်ပြုမလဲဆိုတာကို သိရှိလိုပါတယ်။

ဖြေ။ ။ဧပြီ ၁ ရက်နေ့ မတိုင်မီ လက်ရှိပင်စင်စားအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဧပြီ ၁ ရက်နေ့ နောက်ပိုင်း ပင်စင်ယူမယ့် ဝန်ထမ်းတွေဟာ ဘဏ္ဍာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်၊ ၈၇၂/၂ဝ၁၅ နဲ့ ခွင့်ပြုထားတဲ့ လစာနှုန်းသစ်ကို အခြေခံပြီး ပင်စင်နဲ့ဆုငွေကို တွက်ချက်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

မေး။ ။ မြို့ပြ ပင်စင်စားတွေနဲ့ တပ်မတော် ပင်စင်စားတွေအတွက် တိုးမြှင့်ပင်စင်လစာကို ဘယ်လိုတွက်ချက်မလဲကို သိရှိလိုပါတယ်။

ဖြေ။ ။မြို့ပြဝန်ထမ်းတွေအတွက် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများပါ ပြဋ္ဌာန်းချက်နဲ့အညီ ပင်စင်ဦးစီးဌာနက တွက်ချက်ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။ တပ်မတော် ပင်စင်စားတွေအတွက် တပ်မတော်ဆိုင်ရာ ပင်စင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကာကွယ်ရေးဝန်ကြီးဌာန ငွေစာရင်ရုံးက တွက်ချက်ခွင့်ပြုမှာ ဖြစ်ပါတယ်။

မေး။ ။ ပင်စင်စားတွေအနေနဲ့ တိုးမြှင့် ပင်စင်အတွက် လျှောက်ထားဖို့ လိုပါသလား။ ပင်စင်စားအားလုံး တိုးမြှင့်ပင်စင်ရရှိရေးအတွက် အချိန်ဘယ်လောက် လိုအပ်ပါသလဲ။

ဖြေ။ ။ ပင်စင်စားတွေက လျှောက်ထားဖို့ မလိုပါဘူး။ ပင်စင်ဦးစီးဌာန (ရုံးချုပ်) နဲ့ တိုင်းဒေသကြီး/ ပြည်နယ်ရုံးခွဲတွေက ဥပဒေနဲ့အညီ တွက်ချက်ပြီး တိုးမြှင့်ပေးမှာ ဖြစ်ပါတယ်။ မြန်မာ့စီးပွားရေး ဘဏ်ခွဲများကလည်း ရုံးပိတ်ရက်မှအပ တိုးမြှင့်ပင်စင်ကို နေ့စဉ်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ ပင်စင်စားတွေအားလုံး တိုးမြှင့်ပင်စင် ခံစားခွင့်ရရှိစေရေးအတွက် ပင်စင်ဦးစီးဌာနအနေနဲ့ စီမံချက်ချမှတ်ပြီး အမြန်ဆုံး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။

မေး။ ။ပင်စင်စားတွေကို ဘာများ အသိပေးပြောကြားလိုပါသလဲ။

ဖြေ။ ။ ပင်စင်ဦးစီးဌာနအနေနဲ့ ပင်စင်စားတွေအားလုံး တိုးမြှင့်ပင်စင်လစာရရှိရေး ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။ ပင်စင်စားတွေအနေနဲ့ တိုးမြှင့်ပင်စင်ရရှိရေး အခက်အခဲရှိပါက ပင်စင်ဦးစီးဌာန (ရုံးချုပ်)၊ ဖုန်း- ဝ၆၇-၄၁ဝ၄၁၅၊ ဝ၆၇-၁ဝ၄၄၅ နဲ့အထက်မှာ ဖော်ပြ ထားတဲ့ ပင်စင်ဦးစီးဌာန၊ တိုင်းဒေသ ကြီး/ ပြည်နယ်ရုံးခွဲတွေကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

The Mirror Daily



lutawlupyaw

No comments:

Post a Comment