ဝေရောစန ကျောက်စိမ်း စေတီတော်မြတ်ကြီး
"ကမ္ဘာ့ပထမဦးဆုံး ကျောက်စိမ်းစေတီတော်မြတ်ကြီး၏ ထီတော်တင်လှူပွဲကို မေလအတွင်း ကျင်းပသွားမည်"
မန္တလေး ၊ ၁၂-၄-၂၀၁၅
မန္တလေးမြို့ အမရပူရ မြို့နယ်၊ စစ်ကိုင်း - မြစ်ငယ် လမ်းဘေးတွင် ကမ္ဘာ့ပထမဦးဆုံး ဖြစ်သည့် ဝေရောစန ကျောက်စိမ်း စေတီတော်မြတ်ကြီးကို တည်ထားလျက်ရှိရာ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် နီးပါး ပြီးစီးနေပြီ ဖြစ်သောကြောင့် လာမည့် မေလအတွင်း ထီးတော်တင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
''စေတီတော်ကြီး ပရိဝုဏ်အတွင်းမှာ ကျောက်စိမ်း ဓမ္မာရုံကြီးနဲ့အတူ နဂါးရုံဘုရား၊ ရှင်သီဝလိ ရဟန္တာ မထေရ်မြတ်နဲ့ ရှင်ဥပဂုတ္တ ရဟန္တာမထေရ်မြတ်တို့ရဲ့ ကျောင်းဆောင်တွေကို ထည့်သွင်း တည်ဆောက်ထားပါတယ်။ စေတီတော် မုခ်ဦး လေးမုခ်ကို တိုးချဲ့ပြီးတော့ ကျွန်းတိုင်လုံးတွေ၊ မှန်တွေနဲ့ ဂန္ဓကုဋီတိုက် ပုံစံမျိုး ပုံဖော်ထားပါတယ်။ ညအချိန်မှာ ကြည်ညို သပ္ပာယ်စွာ ဖူးမြော်နိုင်ဖို့အတွက် မီးအလှဆင်ပိုင်းကို စင်ကာပူနိုင်ငံ Kres Light ကုမ္ပဏီကနေ တာဝန်ယူ ဆောင်ရွက် ပေးထားပါတယ်။ ကမ္ဘာ့ ဂင်းနစ်စံချိန်ဝင်ဖို့ ရည်မှန်းထားတဲ့ စေတီတော်ကြီး ဖြစ်လို့ အခုဆိုရင် နိုင်ငံခြားသား ခရီးသွားတွေက လာရောက် လေ့လာလျက်ရှိပါတယ်။ ပြည်တွင်း ဘုရားဖူးတွေ အနေနဲ့ကတော့ တစ်နေ့ကို ဦးရေ ၁ဝဝဝ ကနေ ၁၅ဝဝ ကြားရှိပြီး အခါကြီး ရက်ကြီးတွေဆိုရင် အရေအတွက် ပိုများပါတယ်။ ရင်ပြင်တော်ပေါ်မှာထားတဲ့ အလှူခံပုံးတွေဆီကို ဘုရားဖူး ပြည်သူတွေ ထည့်ဝင် လှူဒါန်းငွေကတော့ တစ်လကို ငွေကျပ် သိန်း ၁၅ဝ လောက် ရှိပါတယ်။ လာရောက်သူတွေ အေးချမ်းစွာ အပန်းဖြေ အနားယူနိုင်ဖို့ မြေနေရာ ၄ ဧကမှာ သစ်ပင် ပန်းမန်တွေကို စိုက်ပျိုးထားပြီး ပန်းဥယျာဉ် အဖြစ် ဖန်တီးပေးထားပါတယ်။ လောလောဆယ် မှာတော့ ရန်ကုန် - မန္တလေး အမြန် လမ်းမကြီးပေါ်ကနေ စေတီတော်ထိကို ကားတွေ အလွယ်တကူ လာရောက်နိုင်ဖို့ လမ်းဖောက်နေပါတယ်'' ဟု စေတီတော်ကြီး ၏ ကျောက်စိမ်း ဒီဇိုင်းများနှင့် ပန်းပုပုံများ ထုဆစ်စီမံပုံဖော် ကပ်လှူသည့် ပညာရှင် ဦးစိုးနိုင် (အေးအေးခိုင် ကျောက်မျက် ကုမ္ပဏီ) က ပြောပြသည်။
အရည်အသွေး ကောင်းမွန်သည့် A အဆင့်ရှိ ကျောက်စိမ်း များဖြင့် ပုံဖော် ပြုလုပ်ထားပြီး ၈ ပေ ၆ လက်မ အမြင့်ရှိသည့် ကျောက်စိမ်း ငှက်ပျောဖူးကြီးကို သင်္ကြန်ကာလ အပြီးတွင် တင်လှူပူဇော်သွားမည်ဖြစ်ရာ လက်ရှိတွင် တည်ထားမှု ကုန်ကျ စရိတ်မှာ ကျောက်စိမ်းတန်ဖိုးများ မပါဝင်ဘဲ ငွေကျပ် သိန်းပေါင်း ငါးသောင်းကျော်ထိ ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ထီးတော်တင် အခမ်းအနား ကျင်းပနိုင်ရေးအတွက် ကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်ရာ ဥက္ကဋ္ဌအဖြစ် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်က တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ စေတီတော် ဓမ္မပူဇာတေးကို ရေနံ့သာ ဦးစိုးလှိုင်က ရေးစပ်သီကုံးပေးမည်ဖြစ်ပြီး နိုင်ငံကျော် အဆိုတော်များက သီဆိုကြမည် ဖြစ်ကြောင်း သိရသည်။ (ဝ၅ဝ)
#Yadanarpondaily
lutawlupyaw
No comments:
Post a Comment