မြန်မာလူမျိုးတို့၏ လျှို့ဝှက်သည်းဖိုဆန်လှသည့် မှော်မြို့တော်ကြီး နေပြည်တော်သည် အမေရိကန်နိုင်ငံ နယူးယောက်မြို့ထက် ခြောက်ဆခန့်ကြီးသည်။ လျှပ်စစ်မီး အလင်းရောင်များနှင့် အလွန်ခမ်းနား တောက်ပြောင်သန့်ရှင်းသလို အတော့်ကို လူသူကင်းမဲ့ ခြောက်သွေ့လှပါ၏။ ဘာကြောင့် သည်မြို့တော်ကြီးကို တည်ဆောက်ခဲ့ကြပါသနည်း။
လွန်ခဲ့သောနှစ်အနည်းငယ်က မြန်မာပြည်တစ်လွှား ဖြတ်သန်းသွားသည့် ဘတ်စ်ကားကို ညဘက်စီးလာစဉ် လရောင်ဖြင့်သာ လင်းရသည့် ကျေးလက်မြို့ပြတွေကြားကနေ လျှပ်စစ်မီးရောင် ထိန်ထိန်ညီးကို ဘွားခနဲ တွေ့လိုက်ရသည့်အခါ နိုးတစ်ဝက်ပျော်တစ်ဝက်ကြားကနေ ကျွန်မ အထိတ်တလန့် ဖြစ်သွားခဲ့ရသည်။
ဘတ်စ်ကားက စီးပွားရေးမြို့တော် ရန်ကုန်မြို့ကနေ နာရီပေါင်းများစွာ လမ်းကြမ်းကြမ်းပေါ် မောင်းနှင်လာခဲ့စဉ်မှာ အမှောင်ထုကြီးကိုသာ ဖြတ်သန်း ခဲ့ရပါသည်။ ယခုမူ လမ်းတွေကလည်း ချောမွေ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာပြီး လျှပ်စစ်မီးရောင်တွေဖြင့် တောက်ပထိန်လင်းနေသည်။
ကျွန်မရှေ့မှာတော့ အရောင်များဖြင့် တောက်ပနေသော နေပြည်တော်မြို့က ခေတ်သစ် အိုအေစစ်တစ်ခုအလား။ တကယ်တမ်းမူ သည်နိုင်ငံသည် လျှပ်စစ်မီးကို အချိုးကျသုံးနေရသည့် နိုင်ငံဖြစ်သည်။ လမ်းလျှောက်သူတွေအတွက် အန္တရာယ်များလှသည့် ကျိုးပဲ့ပျက်စီးနေသည့် လမ်းဘေးပလက်ဖောင်းများ။ ဗြိတိသျှခေတ်က ခံ့ညားထည်ဝါခဲ့ပြီး ယခုအခါ အိုမင်းနေသည့် အစိုးရအဆောက်အအုံများ ရှိသောနိုင်ငံလည်း ဖြစ်သည်။
သည်မြို့က မြန်မာတို့၏ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပြည့်နေသော မှော်မြို့တော်ကြီး နေပြည်တော်ဖြစ်သည်။ သည်မြို့တော်ကို အစိုးရက လျှို့ဝှက်စွာ တည်ဆောက်ပြီးစီးခဲ့ပါသည်။ နေရာက ဝေးလံခေါင်ဖျားပြီး လူနေနည်းပါးသော်လည်း ၂၀၀၅ တွင် မြန်မာနိုင်ငံ၏ တရားဝင်မြို့တော်အဖြစ် ကြေညာခဲ့သည်။ နယူးယောက်မြို့ထက် ခြောက်ဆခန့်ကြီးသော နေပြည်တော်သည် ညဘက်မှာတော့ လူသူကင်းမဲ့ ခြောက်သွေ့လွန်းလှပါသည်။ မြို့ကိုဖြတ်သန်းသည့် လျှပ်စစ်မီးရောင်တွေဖြင့် တောက်ပကျယ်ပြန့်သည့် အဝေးပြေးလမ်းမကြီးပေါ်မှာ ကားတစ်စီး၊ လူတစ်ဦးတလေကိုမျှ မတွေ့ရပါ။ အဆောက်အအုံတွေကလည်း ရုပ်ရှင်များတွင် ဇာတ်ဝင်ခန်းများတွင် တွေ့ရသည့် ဈေးကြီးသော ဆက်တင်အဆောက်အအုံများနှင့် တူ၏။ ရောင်စုံရေပန်းများနှင့် ကြီးမားသော အဝိုင်းကြီးကိုလည်း တွေ့ရသည်။ နေ့လယ်ဘက်တွင် နေပြည်တော်က ပိုအသက်ဝင်သည်ဟုလည်း မဆိုနိုင်ပါ။ အစိုးရဝန်ထမ်းများနှင့် နိုင်ငံခြားအတိုင်ပင်ခံများ လုပ်ငန်းအတွက် တွေ့ဆုံလုပ်ကိုင်ကြသည့် ၁၁ လမ်းသွား လမ်းမကြီးများ။ ကော်ဖီဆိုင်များနှင့် နီယွန်မီးများ ထိန်ထိန်ညီးနေသည့် ဟိုတယ်များကလွဲပြီး ဘာမျှမရှိပါ။
၂၀၀၅ တွင် မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အံ့အားသင့်စရာကောင်းသော ကြေညာချက်တစ်ခုကို ပြုလုပ်ခဲ့သည်။ စည်ကားလှသော ရန်ကုန်မြို့တော်မှ မြောက်ဘက်မိုင် ၂၅၀ အကွာ၌တည်ရှိသော နေရာသို့ အစိုးရအဖွဲ့ဝင်များ ပစ္စည်းများသိမ်းပြီး ပြောင်းရွှေ့ကြရန် ဖြစ်သည်။ အစိုးရဝန်ထမ်းများ ထိုနေရာသို့ တတ်နိုင်သမျှအမြန်ဆုံး ပြောင်းရွှေ့သွားကြသည်ကို ဇဝေဇဝါဖြစ်နေသည့် မြန်မာပြည်သူ ပြည်သားများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက စောင့်ကြည့်ခဲ့ကြသည်။
၂၀၀၅ မြန်မာပြည်ဆိုင်ရာ သံတမန် သတင်းအချက်အလက်များကို ပေါက်ကြားစေခဲ့သော ဝီကီလိခ်သတင်းများအရ ‘‘စစ်အစိုးရ၏ ဝေးလံခေါင်သီသော နေပြည်တော်သို့ အလျင်အမြန် ပြောင်းရွှေ့အခြေစိုက်မှု’’ ဟု သံတမန်များက ရေးသားပေးပို့ခဲ့ ကြသည်။ ထို့ပြင် နေပြည်တော်သို့ ပြောင်းရွှေ့မှုသည် အလွန်ထူးခြားလှပြီး အကျိုးအကြောင်းမဆီလျော်ဟု မှတ်ချက်များ ပေးခဲ့ကြသည်။
အစောပိုင်းတွင် ဝန်ထမ်းများ နေပြည်တော်သို့ မပြောင်းရွှေ့ပါက ထောင်ချမည်ဟု စစ်အစိုးရက ခြိမ်းခြောက်ခဲ့သေးသည်။ လျှို့ဝှက်သည်းဖိုဆန်လှသော နေပြည်တော်ကို ဘယ်အချိန်က တည်ဆောက်ရေးလုပ်ငန်းများ စတင်ခဲ့သည်ဆိုသည်ကိုမူ တရားဝင်မှတ်တမ်းများ မရှိပါ။ သံတမန်များ လာရောက်လည်ပတ်ခြင်းကို တားမြစ်ထားခဲ့ပြီး နေပြည်တော်ကို တရားဝင်ဖွင့်လှစ်ပြီး တစ်နှစ်အကြာမှာပင် ဓာတ်ပုံရိုက်မှုဖြင့် သတင်းစာဆရာနှစ်ဦးကို ဖမ်းဆီးခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နေပြည်တော်သို့ ဘာကြောင့် ပြောင်းရွှေ့ရသည်ဆိုသည့် အချက်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းမသိရသေးပါ။ အချို့ကတော့ ရန်ကုန်က ဆူပူအုံကြွမှုများနှင့် လွတ်ကင်းရာသို့ ပြောင်းခဲ့ခြင်းဟု ဆိုကြသည်။ အချို့ကတော့ အစိုးရက ရက်ရက်စက်စက် နှိမ်နှင်းနေသည့် တိုင်းရင်းသားမျိုးနွယ်စုများနှင့် စစ်ဖြစ်ပွားရာ နေရာကနေ ဝေးသည့်နေရာကို ပြောင်းသည်ဟု ဆိုသည်။ အချို့ကတော့ ဗေဒင်ဆရာများ၏ အခါတော်ပေးချက်အရဟု ပြောကြသည်။
နေပြည်တော်မှာ လူဦးရေ တစ်သန်းလောက်နေသည်ဟု မြန်မာအစိုးရက ဆိုသည်။ သို့သော် မတ်လက နေပြည်တော်သို့သွားခဲ့သော ဗြိတိန်ဂါးဒီးယန်း သတင်းစာတွင် လမ်းဘေးပလက်ဖောင်းများကို ဆေးသုတ်နေသော လူတစ်ယောက်သာ လမ်းပေါ်မှာ တွေ့ခဲ့ရသည်ဟု ဆို၏။ သည်နေပြည်တော်ကြီးကို တည်ဆောက်ဖို့ ငွေတွေ အဆမတန်ကုန်ခဲ့သည်။ နေပြည်တော်ကိုတည်ဆောက်ရန် အမေရိကန်ဒေါ်လာ သန်းလေးထောင်ခန့် ကုန်ကျခဲ့မည်ဟု ဂါးဒီးယန်းသတင်းစာက ခန့်မှန်းခဲ့သည်။ စီးပွားရေးအရ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်ခုမှာ အထင်ကြီးစရာ၊ သားနားသော အပန်းဖြေအနားယူဖို့ နေရာတွေပါသည့် နေရာများကို ဆောက်လုပ်ခဲ့ကြသည်။ တိရစ္ဆာန်ရုံ၊ ဂေါက်ကွင်းကြီးများ၊ လူ ၃၃,၀၀၀ ဆံ့ အားကစားရုံနှင့် ရေပန်းဥယျာဉ်တို့ ပါဝင်သည်။
နေပြည်တော်တွင် လျှပ်စစ်မီး နာရီတော်တော်များများ ပေးထားသလို အင်တာနက်ဝိုင်ဖိုင်လည်း မိသည်။ ထို့ပြင် ရွှေတိဂုံစေတီကို ပုံစံတူတည်ထားသည့် ဘုရားလည်းရှိသည်။ သို့သော် ရွှေတိဂုံလိုတော့ ဓာတ်ပုံရိုက်သူ ခရီးသွားများ၊ ဘုရားဖူးများနှင့် စည်ကားမနေပါ။ နေပြည်တော်ကိုဖွင့်လှစ်ပြီး ၂ နှစ် အကြာတွင် Lonely Planet မှ စာရေးဆရာ ရောဘတ်ရိဒ်က နေပြည်တော်တွင် ဈေးဆိုင် ၁၈၅ ဆိုင် နေရာအနက် ငါးဆိုင်သာ ဖွင့်လှစ်သည်ဆိုသည့် အကြောင်း ရေးသားခဲ့သည်။
လူနေအိမ်ရာများမှာလည်း ၁၀ ရာခိုင်နှုန်းလောက်သာ လူနေထိုင်ကြသည်ဟု သူကဆိုသည်။ ကြီးမားသောမြို့တော်ကြီးသည် လူနေစည်ကား တိုးတက်လာရန် အချိန်အတော်ကြာ ယူဦးမည် ဖြစ်သည်။ မြန်မာစစ်ဗိုလ်ချုပ်များသည် သည်လိုလူခေါင်သော မြို့တော်ကြီးကို တည်ထောင်ခဲ့သည်မှာ ဝမရှိဘဲ ဝိလုပ်သည့်သဘောမျိုး ဖြစ်သည်ဟု ရေးသားခဲ့သည်။
သည်နှစ်မှာ နေပြည်တော်က သူ၏မြို့သက် ဆယ်နှစ်ပြည့် မွေးနေ့ကို ကျင်းပခဲ့သည်။ နေပြည်တော်ကို လည်ပတ်ကြသော သတင်းစာဆရာများကတော့ အစိုးရုံးများ ပြောင်းလာကတည်းက နေပြည်တော်၏ တိုးတက်မှုများက နည်းပါးလှသည်ဟု ရေးသားခဲ့ကြသည်။
ခရီးသွားများအကြား ရေပန်းစားသည့် TripAdvisor အင်တာနက်စာမျက်နှာ၏ နေပြည်တော်က ဟိုတယ်များအပေါ် သုံးသပ်ချက်များတွင် ‘ခေါင်သောနေရာ၊ ခေါင်သောဟိုတယ်၊ ခမ်းနားစွာ လူသူကင်းမဲ့သည့်နေရာ၊ မင်းဆောက်တိုင်း သူတို့လာမှာလား’ ဆိုသည့် မှတ်ချက်များကို တွေ့ရသည်။ နေပြည်တော်ကို တည်ဆောက်ခြင်းဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့အရင်က အာဏာရှင်များ၏ ထုံးစံအတိုင်း သူ့အမွေအနှစ် သမိုင်းကြောင်းကို ချန်ခဲ့ချင်တာလည်း ဖြစ်နိုင်သည်။ အိုင်ဗရီကို့စ်နိုင်ငံ အာဏာရှင်သမ္မတ ဖီလစ်က ကြီးမားသော စိန့်ပီတာ ဘုရားကျောင်းကြီးကို ပုံစံတူ ဆောက်ခဲ့သလို။ ကွန်ဂိုက သမ္မတမိုဘုတူက ဒေါ်လာသန်း ၅၀၀ အကုန်ခံပြီး ဇိမ်ခံနန်းတော် ဆောက်ခဲ့ကြသလို ပုံစံမျိုးဖြစ်သည်။
သို့ရာတွင် သည်ထည်ဝါလှသော အဆောင်အယောင် အခမ်းအနားတွေက မြန်မာစစ်အစိုးရ၏ ကျရှုံးမှုများကို ဖုံးဖိမပေးနိုင်ခဲ့ချေ။ စစ်ဗိုလ်ချုပ်တွေအတွက်လည်း ဘာမှမလုပ်ပေးနိုင်ခဲ့ပါ။ ၂၀၁၁ မှာ တိုင်းပြည်၏ အနှစ်ငါးဆယ်ကြာ စစ်အုပ်ချုပ်ရေးအဆုံးသတ်ပြီး ဒီမိုကရေစီစနစ်ကို ကူးပြောင်းခဲ့ရသည်။
ယခုအခါ နေပြည်တော်က ခမ်းနားသော အဆောက်အအုံကြီးတွေမှာ အုပ်ချုပ်သူတွေက ပြုပြင်ပြောင်းလဲရေးများကို ကြိုးပမ်းလုပ်ဆောင်နေပါသည်။ သို့သော်လည်း မြန်မာပြည်သူပြည်သားအားလုံးဆီသို့ ရောက်ရှိနိုင်ဖို့ အပြည့်အဝ ပြုပြင်ပြောင်းလဲရေးများ လုပ်ရန် လိုပါသေးသည်ဟု အကဲခတ်စောင့်ကြည့်နေသူများ ကဆိုသည်။
(ဆောင်းပါးရှင် Nina Strochli ရေးသားသည့် They Built A Capital and No One Came: Inside Burma's Ghost City ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)
7Day Daily

No comments:
Post a Comment