Wednesday, March 4, 2015

" အစာအဆိပ်ဖြစ်ခြင်းနှင့် ကာကွယ်ခြင်း "

" အစာအဆိပ်ဖြစ်ခြင်းနှင့် ကာကွယ်ခြင်း "

အစာအဆိပ်ဖြစ်ခြင်းဆိုသည်မှာ စားလိုက်သော အစားအစာသည် ၀မ်းဗိုက်အတွင်းသို့ ရောက်ရှိသွားပြီးနောက် တစ်နာရီမှ ၃၆ နာရီ အတွင်း ဗိုက်နာခြင်း၊ ၀မ်းသွားခြင်း၊ အော့အန်ခြင်း၊ ၀မ်းသွားလိုက် အော့အန်
လိုက်ဖြစ်ခြင်း (အထက်လှန်အောက်လျှောဖြစ်ခြင်း) ကိုအစာအဆိပ်ဖြစ်သည်ဟု ခေါ်ဆိုပါသည်။

အစာအဆိပ်ဖြစ်ရခြင်း အကြောင်းရင်းမှာ အန္တရာယ်ရှိနေသည့် မသန့်ရှင်းသော အစားအစာကို စားသုံးမိခြင်းကြောင့် ဖြစ်ပါသည်။ အဆိုပါ အစားအစာများ အန္တရာယ်ရှိနေရခြင်းမှာ-

(က) Chemicals ခေါ် ဓာတုဗေဒပစ္စည်းများ ပါဝင်သွားခြင်း၊ မသန့်ရှင်းသော အစားအစာကို စားသုံးမိခြင်းကြောင့် ပြောင်းလဲမှုဖြစ်ပေါ်သွားခြင်း၊ အထူးသဖြင့် ပြင်ဆင်ကိုင်တွယ် ချက်ပြုတ်ချိန်အတွင်း ဖြစ်ပေါ်ခဲ့ခြင်း တို့ကြောင့် ဖြစ်သည်။

(ခ) Germs ခေါ် အန္တရာယ်ရှိ ပိုးမွှားများသည် လူများ။ တိရစ္ဆာန်များမှတစ်ဆင့် အစားအစာများအတွင်းသို့ ၀င်ရောက်ခြင်း၊ အချို့သောပိုးမွှားများ၏ ခန္ဓာကိုယ်အတွင်းမှ Toxins ခေါ် Poison အဆိပ်ဖြစ်စေသည့် ဓာတ်များသည် အစားအစာအတွင်းတွင် တိုးတက်ဖြစ်ထွန်းလာကြခြင်း တို့ကြောင့် အစာအဆိပ်ဖြစ်ရသည့် အခြေအနေသို့ ရောက်ရှိသွားကြပါတော့သည်။ အဓိကအားဖြင့် အစာအဆိပ် အများဆုံးဖြစ်ပွားစေသည်မှာ အန္တရာယ်ရှိသော ပိုးမွှားများကြောင့်ပင် ဖြစ်ပါသည်။

ဤသို့ကာကွယ်ပါ

၁။ တစ်ကိုယ်ရေသန့်ရှင်းမှု အဆင့်မြင့်မားကောင်းမွန်ခြင်း

၂။ ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် ကျန်းမာရေးကို ဂရုစိုက်ခြင်း

၃။ ကောင်းမွန်ပြေပြစ်သော လုပ်ငန်းခွင်များဖြစ်စေခြင်း

၎။ လုပ်ငန်းသုံးပစ္စည်းများ မပျက်မစီးဘဲ သန့်ရှင်းတောက်ပြောင်မှုရှိခြင်း

၅။ လုံလောက်သော သန့်ရှင်းရေးသုံး ဆပ်ပြာရည်၊ သန့်ရှင်းရေးသုံး ပစ္စည်းကိရိယာများ ထားရှိသုံးစွဲခြင်း

၆။ အစားအစာများကို ရှိရမည့် အပူအအေး ဒီဂရီအတိုင်း ထားသို သိမ်းဆည်းခြင်း

၇။ မှန်ကန်တိကျသော ပြန်နွှေးချက်ပြုတ်သည့် စနစ်ရှိခြင်း

၈။ ချက်ပြီးအစားအစာများ ပြန်သိမ်းလျှင် လျင်မြန်စွာ အေးစေပြီးမှ ရေခဲသေတ္တာအတွင်းသို့ ထည့်သွင်းခြင်း

၉။ ပိုးမွှားတိရစ္ဆာန်များ၏ ဘေးမှ ကင်းဝေးအောင် ထိန်းသိမ်းထားရှိခြင်း

၁၀။သန့်ရှင်းမှုအဆင့်အတန်းမြင့်သော ဆေးကြောရေး လုပ်ငန်းများ ဖြစ်စေခြင်း

၁၁။ အစားအစာကိုင်တွယ်သူ (Food Handler) များသည် အစာအဆိပ်ဖြစ်ခြင်းများအကြောင်း ကောင်းစွာ နားလည်သိရှိ သဘောပေါက်ထားခြင်း

၁၂။ သိရှိ၊ နားလည်၊ သဘောပေါက်ရုံတင်မက လက်တွေ့ကျင့်သုံးလိုက်နာ၍ အစာအဆိပ်မဖြစ်စေရန် ကာကွယ်လုပ်ကိုင်ကြခြင်း

(မှတ်ချက်။ ဆရာဦးဝင်းထိန် (ဟိုတယ်/ခရီး) ရေးသားသော အစားအသောက် သန့်ရှင်းရေးနှင့် ရောဂါပိုးမွှားကင်းစင်ရေး လက်စွဲစာအုပ်မှ ကောက်နှုတ်
ဖော်ပြပါသည်။)


No comments:

Post a Comment