" မြက်ရိတ်သမား တစ်ယောက်ရဲ့ အတွေး "
နေ့စဉ်နဲ့ အမျှ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကလည်း စဉ်းစားဆင်ခြင်မိရင် အတွေးတစ်ခု ရနိုင်ပါတယ်။
တစ်နေ့မှာ မြက်ရိတ်သမား တယောာက်က တော်တော်လေး အလျင်လိုနေပါတယ် … ၊ ညနေ နေမစောင်းခင် ခြံဝင်းကို မြက်ရိတ်လို့ ပြီးချင်တယ်။ ဂိုဒေါင်တံခါးကို ဖွင့်ပြီးတော့ မြက်ရိတ်စက်ကို တွန်းထုတ်လာပါတယ်။ ထုံးစံအတိုင်း power ခလုတ်ကိုဖွင့်လိုက်ပြီး ကြိုးကို ဆွဲပြီး စက်နှိုးလိုက်ပါတယ်။ စက်က အဆင်ပြေပြေပဲ နိုးသွားပါတယ်။ သူက ခြံဝင်းထဲမှာ ခေါက်တုန့် ခေါက်ပြန် ခဏလောက် လှည့်ပတ် မြက်ရိတ်နေရင်းနဲ့ စက်က နည်းနည်း ဗွေဖောက်ချင်လာတယ်။
ဘာများဖြစ်တာလဲလို့ သိချင်မိတယ်၊ မြေကြီးမှာများ တစ်ခုခု ဖြစ်တာလား ဘီးကြားမှာ တစ်ခုခုညှိသလို အသံထွက်လာပြီးတော့ နောက်ဆုံးတော့ စက်ရပ် သွားပါတယ်။ သူလည်း ကြိုးစားပမ်းစား တော်တော်လေး စက်ကို ပြန်နိုးပါတယ်၊ ကြိုးဆွဲရလွန်းလို့ လက်တွေတာ ညောင်းလာတယ်၊ စက်ကတော့ နိုးမလာဘူး။ တဖြည်းဖြည်းနဲ့ မောလာတော့ စက်နှိုးဖို့ ကြိုးတစ်ချက် ဆွဲလိုက်တိုင်း ဒေါသတွေ ထွက်လာတယ်။ နောက်ဆုံးတော့ သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီးတော့ “ဘာများဖြစ်တာပါလဲ” လို့ ရေရွက် လိုက်ပါတယ်။ ပြီးတော့မှ သတိထားလိုက်မိတယ် … ၊ မြက်ရိတ်စက်က ဆီပြတ်နေတာလေ၊ တကယ်ဆို သူက အစကတည်းက သတိထားမိသင့်ပါတယ်၊ ဒါပေမယ့် အလျင်လိုနေတော့ မစစ်မိဘူးလေ။
သူက ဆီဖြည့်နေတုန်းမှာ တွေးမိတယ် … နေ့စဉ်နဲ့အမျှ လုပ်ငန်းတာဝန်တွေနဲ့ အလျင်သလို … အလျင်သလိုနဲ့ပဲ … ရှုပ်ထွေးနေကြတဲ့အခါ စိတ်ခွန်အားဖြည့်ဖို့ကိုလည်း မေ့နေတတ်ပါတယ် …
စာစုလေးက “This little incident taught me a valuable lesson.” ဆိုတဲ့ စာကြောင်းလေးနဲ့ အဆုံးသတ်သွားပါတယ်။ ဒီအကြောင်းအရာဟာ သစ်ပင်နေတိုင်းခုတ်နေပြီး … ပုဆိန်သွေးဖို့ မေ့နေတဲ့ ပုံပြင်နည်းနည်း ဆင်တူပါတယ်။ ဒီစာစုမှာတော့ မူရင်းစာရေးသူနဲ့ ကျွန်တော် ယူဆတာ တူသွားပါတယ်။ ဘယ်နေရာမဆို ယူတတ်ရင် ပညာရပါတယ်။ သင်ခန်းစာရပါတယ် … ။ တစ်ခုခုဖြစ်တိုင်းမှာ သင်ခန်းစာ၊ ပညာ တစ်ခုခုရအောင် ယူနိုင်ဖို့ လိုပါတယ်။ ရလိုက်တဲ့ သင်ခန်းစာ၊ ပညာ တစ်ခုခုကို ကိုယ့်အတွက် အကျိုးရှိအောင် ပြန်သုံးလိုက်မယ် ဆိုရင် ပိုမိုအဆင်ပြေလာကြမှာပါ။
သတိမမူ ဂူမမြင်၊ ဆိုတဲ့ စကားလိုပဲ … သတိမထားမိတဲ့အခါ ဂူကြီးတစ်လုံးကိုတောင် မမြင်တတ်တဲ့ အတွက် အရာရာကို သတိနဲ့ လုပ်ကိုင်တတ်မယ် ဆိုရင် တစ်ခုခုတော့ ရမှာပါ။
Credit : အောင်ကိုဦး(UMK)
lutawlupyaw
No comments:
Post a Comment