" ဆရာ့ဘဝ ဆရာ့အလှ "
“တပည့်မရှား၊ တပြားမရှိ၊ ပီတိကိုစား အားရှိ၏”
အဲဒီဆောင်ပုဒ်လေး တကယ်ပဲဗျာ။ ကျွန်တော်ကြည်နူးခဲ့ရတယ်။ ကျွန်တော်ကိုယ်တိုင် ခံစားဖူးတာ။ ရွာကျောင်းမှာ မူလတန်းကလေးတွေကို စာသင်ပေးတော့ ကလေးတွေက ကျွန်တော့်ကို ဆရာလေး ဆရာလေးလို့ ခေါ်တယ်။ ဆရာလေးဆိုလို့ သီလရှင်ကို ပြောတာ မဟုတ်ဘူးနော်:)။ ဆရာတစ်ယောက်ဖြစ်ဖို့အတွက် စေတနာ၊ ၀ါသနာ၊ အနစ်နာ ဆိုတဲ့ နာသုံးနာ လိုအပ်ပါတယ်။
ဆရာဘ၀ဟာ ရုပ်ဝတ္တုပစ္စည်းတွေ မချမ်းသာပေမယ့် စိတ်အဟာရတွေကတော့ တကယ့်ကို ပြည့်စုံကြွယ်ဝလှပါတယ်။ ကိုယ်သင်ကြား ပြသပေးလိုက်သော အနာဂတ်မှာ ထွန်းတောက်လာမည့် ကြယ်လေးတွေကို ပြုစုပျိုးထောင်ပေးနေရတဲ့ ဥယျာဉ်မှူးတစ်ယောက်ဖြစ်ဖို့ တော်ရုံတန်ရုံ စိတ်ဓါတ်မျိုးနဲ့တော့ ဆရာ့ဘ၀ဟာ မလှပပါဘူး။
ဆရာများဟာ ကိုယ့်ရဲ့တပည့်ကို ဆရာစားမချန်ဘဲ သင်ကြားပေးပြီး ကိုယ့်တပည့်ကို ကိုယ်ထက်တော်စေချင် တတ်စေချင် သာစေချင်ပါတယ်။ ငါသင်လိုက်တဲ့ ငါရဲ့တပည့်က စစ်ဗိုလ်ကြီး ဖြစ်နေပြီ၊ ဆရာဝန်ကြီးဖြစ်နေပြီ၊ အင်ဂျင်နီယာကြီးဖြစ်နေပြီ၊ စီးပွားရေးလုပ်ငန်းမှာလည်း ထူးချွန်အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်နေပြီဆို ဆရာရင်ထဲမှာ အတိုင်းမသိ ကြည်နှုးဝမ်းသာပြီး ပီတိဖြစ်ရပါတယ်။ ဥယျာဉ်မှူးတစ်ယောက်ဟာ သူပြုစုပျိုးထောင်ပေးလိုက်တဲ့ ပန်းလေးတွေ ပွင့်လန်းလာရင် ကြည်နူးသလိုပဲ ဆရာ့ရင်ထဲမှာလည်း ခံစားရပါတယ်။
ကျွန်ုပ်တို့ မြန်မာလူမျိုးများက အစဉ်အလာအရ ဆရာကို အနန္တောအနန္တငါးပါးထဲမှာ ထည့်သွင်းထားပြီး အလေးပေးထားကြခြင်း ဖြစ်ပါတယ်။ ဘာ့ကြောင့် အလေးပေးခံသူအဖြစ် မြန်မာလူမျိုးတို့၏ ရင်ထဲမှာ ရှိနေသလဲဆိုရင် မြတ်စွာဘုရားရှင်က ဆရာဖြစ်ဖို့အတွက်လည်း ဆရာကျင့်ဝတ် သို့မဟုတ် ဆရာ့ဂုဏ်ရည် ငါးပါးကို
“အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊
သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊
သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ” လို့ ဟောကြားထားခဲ့ပါတယ်။ တစ်နည်းအားဖြင့် ဆရာဆိုတာ အမြဲတမ်း သင်ယူလေ့လာနေရသော ထာဝရ တပည့်ကျောင်းသားကြီး တစ်ယောက်လည်း ဖြစ်ပါတယ်။
ဆရာတွေထဲမှာပဲ ဆရာတစ်ဆူ ဖြစ်တော်မူသော လေးစားအတုယူဖွယ်ကောင်းသော အရှင်သာရိပုတ္တရာမထေရ်မြတ်သည် မြတ်စွာဘုရားရှင် သာသနာတော်မှာ မြတ်စွာဘုရားရှင် ပြီးလျှင် ပညာအရာမှာ ဉာဏ်ပညာ အကြီးမားဆုံး မထေရ်မြတ်တစ်ပါး ဖြစ်ပါတယ်။ သာမဏေ ငယ်လေးများ၏ ချစ်ခင်မြတ်နိုး အားကိုးထိုက်တဲ့ ဥပဇ္ဈာယ် ဆရာတစ်ဦးလည်း ဖြစ်ပါတယ်။
အရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ သီလ၊ သမာဓိ၊ ပညာ၊ ဂုဏ်သိက္ခာ ကြီးကျယ်မြင့်မားတော် မူသလောက် မိမိကိုယ်ကိုမိမိ နှိမ်ချမှု (နိဝါတမင်္ဂလာ) စိတ်နေသဘောထား ကြီးမြတ်မှုမှာလည်း အင်မတန် ကျယ်ဝန်းနက်ရှိုင်းတော် မူလှပါတယ်။ အထင်ရှားဆုံး သာဓကလေးတစ်ခုအဖြစ် အရှင်သာရိပုတ္တရာမထေရ်ဟာ တစ်နေ့မှာ အမှတ်တမဲ့ သင်္ကန်းဝတ်ရုံတော်မူတဲ့ခါ သင်္ကန်းအစွန်း အနားက မညီမညာ ဖြစ်နေပါတယ်။
အဲဒါကို ရှင်သာမဏေဖြစ်စ ၇-နှစ်အရွယ် ကိုရင်ငယ်ကလေးတစ်ပါး (ရှင်ရာဟုလာ) က မြင်တွေ့သွားရာ "အရှင်ဘုရား သင်္ကန်းကို ညီညီညာညာ ၀တ်ရုံသင့်ပါတယ်ဘုရား" လို့ လက်အုပ်ချီပြီး လျှောက်ထားပါတယ်။ အဲဒီအခါ အရှင်သာရိပုတ္တရာမထေရ်က မိမိသင်္ကန်း မညီမညာတာကို သင့်တော်တဲ့နေရာမှာ ကောင်းမွန်စွာ ပြင်ဝတ်ပြီး ကိုရင်ထံ ပြန်လာကာ "ဒီလောက်ဆို သင့်တော်ပါပြီလား" လို့ ဆရာအရာမှာထားပြီး တလေးတစား တုံ့ပြန်တော်မူခဲ့ပါတယ်။
အဲဒီဖြစ်ရပ်ကလေးကို အခြေခံကာ အရှင်သာရိပုတ္တရာမထေရ်မြတ်က နောင်တစ်ချိန်မှာ ယခုလို ဥဒါန်းကျူးရင့်ကာ "ဒီနေ့မှာပဲ သာမဏေဖြစ်စ ၇-နှစ်အရွယ် ကိုရင်ငယ်ကလေးက ဆိုဆုံးမလာသည်ဖြစ်စေ သူတော်ကောင်းတွေရဲ့ ဆိုဆုံးမမှုမှန်သမျှကို ဦးထိပ်တင်ပြီး ခံယူပါတယ်။ ကိုယ့်အမှားကို ထောက်ပြပြီး ဆုံးမသွန်သင်တတ်သူ ဆရာကို ရွှေအိုးကို လက်ညှိုးထိုးညွှန်ပြပေးသူလို မြတ်နိုးတန်ဖိုးထားပြီး ဆည်းကပ်ပါတယ်" လို့ မိန့်ကြားတော်မူခဲ့ပါတယ်။
ဒါဟာဘာလဲဆိုရင် ကျွန်တော်တို့ ငယ်ငယ်တုန်းက သင်ခဲ့ရသော အသီးအောင်တဲ့ စပါးနှံဟာ အောက်ကိုကိုင်းညွတ်ပြီး မအောင်မြင်တဲ့ စပါးနှံကတော့ အလေအလွင့်တွေပါတော့ အပေါ်ကို ထောင်တတ်နေတဲ့ စပါးနှံဥပမာလေးလိုပဲ ဖြစ်ပါတယ်။ သူတော်ကောင်းတွေရဲ့ နှလုံးသားဟာ အမြဲတမ်းနူးညံ့ပြီး ၀ါးရုံပင်မြင့်မြင့်ကြီးတွေလိုပဲ အထက်ကို ပိုမြင့်မားလာလေ အောက်ကိုပိုပြီးတော့ ကိုင်းညွတ်လာလေပဲ ဖြစ်ပါတယ်။
ဆရာတွေဟာ ဘယ်ကျောင်းသားမဆို အဆင့်အတန်းမရွေး ဆိုးသူကို လိမ္မာလာအောင်၊ လိမ္မာသူကိုထူးချွန်ထက်မြက်လာအောင် အမြဲတမ်း မျက်ခြေမပြတ် အကဲခတ် သင်ကြားပေးနေ သူတွေ ဖြစ်တဲ့အတွက် မိဘတွေပြီးရင် ဒုတိယဘ၀ကို ပဲ့ကိုင်ထိန်းကျောင်းပေးနေတဲ့ သူတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆရာအနေနဲ့ ဒီကျောင်းသားကတော်တယ် ဒီကျောင်းသားက ညံ့တယ်ဆိုပြီး ခွဲခြားဆက်ဆံနေရင်လည်း ညံ့တဲ့ကျောင်းသား တစ်ယောက်အတွက် ထူးချွန်လာချင်သော စိတ်ဓါတ်ပျောက်ပြီး စိတ်ဒဏ်ရာအနာကို ပေးမိသလို ဖြစ်တတ်ပါတယ်။
ပုထုဇဉ် လူသားတွေဖြစ်တဲ့အတွက် ကျွန်တော်ကိုယ်တိုင် မူလတန်းမှာ ကလေးတွေကို သင်တုန်းက အိမ်စာလုပ်ခိုင်းတာ လုပ်မလာရင် စိတ်တိုမိတတ်တယ်။ စိတ်တိုလာရင် ပြောဆိုဆူပူမိပါတယ်။ ဒါဟာ ကိုယ့်အတွက်မဟုတ်ဘဲ။ သူတို့လေးတွေရဲ့ ဘ၀လမ်းခရီး ဖြောင့်ဖြူးဖို့အတွက်ပဲ ဖြစ်ပါတယ်။ စာတော်တဲ့သူတွေလည်း ရှိပါတယ်။ ခုန အိမ်စာမလုပ်တဲ့ကလေးကို ပစ်ထားလိုက်ရင် ကလေးရဲ့ဘ၀ဟာ မြောင်းထဲ ရောက်သွားမှာဘဲ။ သူ့မိသားစု အခက်အခဲကြောင့် လမ်းဆုံးမရောက်ခဲ့ရင်တောင်မှ ကျင်လည်ရသော ပတ်ဝန်းကျင်မှာ အကောင်းဆုံး ဖြတ်သန်းနိုင်အောင်တော့ သင်ကြားပေးရမှာပဲ ဖြစ်ပါတယ်။
ထူးချွန်ထက်မြတ်သော သူတစ်ယောက်ကို မွေးထုတ်ပေးဖို့အတွက် ဆရာတစ်ယောက်တည်း လည်းမရပါဘူး။ မိဘဆရာပူးပေါင်း ကလေးပညာရေးကောင်း ဆိုတဲ့ ဆောင်ပုဒ်လေးလည်း ရှိပါတယ်။ သုံးနာညီတြိဂံလိုပေါ့ဗျာ။ ညီညီညာညာ ဆွဲထားမှ ကြည့်လို့လှမှာပေါ့။
ထို့ကြောင့် ကျောင်းသားတစ်ယောက်ဟာ ဘယ်ကျောင်းမှာတက်တက် ဘယ်ဆရာနဲ့ပဲ သင်ရသင်ရ ကိုယ်ကိုတိုင်က ကြိုးစားချင်တဲ့စိတ် မရှိဘဲနဲ့တော့ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာမှာမဟုတ်ပါဘူး။ အဲဒီလို စိတ်ဓါတ်မျိုးရှိလာတဲ့ ကလေးကို ဆရာသမားများကလည်း စေတနာအပြည့်နှင့် မိဘများကလည်း လိုအပ်တာများကို ဖြည့်ဆည်းပေးနိုင်ရင် အောင်မြင်ထူးချွန်သော အနာဂတ် ပန်းကောင်းလေးများ ပွင့်လန်းလာမှာ ဖြစ်ပါတယ်။
ထို့ကြောင့် တြိဂံလေး အနားညီအောင် ဥယျာဉ်ထဲမှ ပန်းကလေးများ လှပစွာ ပွင့်လန်းလာအောင် ဥယျာဉ်မှူးဖြစ်သော မိဘနဲ့ဆရာ ပူးပေါင်းပြီး ဆရာဘ၀ အလှအပမပျက်အောင် လက်တွဲညီညာ ကြိုးစားကြမည်ဆိုပါရင်ဖြင့် စန္ဒကူးပန်းလေးတွေ၏ ရနံ့ လေထဲသင်းပျံ့သလို ဆရာရနံ့တွေလည်း ကမ္ဘာတခွင် သင်းပျံ့မွေးကြိုင်နေမည်ဖြစ်ပါကြောင်း ပြောကြားရင်း ကျွန်တော်ပိုစ်လေးကို နိဂုံးချုပ် လိုက်ပါတယ်ခင်ဗျာ။
လိုအပ်တဲ့ အမှားလေးများရှိပါက နားလည်ခွင့်လွတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ပွင့်သောပန်းတိုင်း လန်းဆန်းပြီး ထာဝရ သင်းပျံ့ကြပါစေ။
တောသားလေး
lutawlupyaw
No comments:
Post a Comment