Sunday, April 5, 2015

"သင်္ဘောနစ်မြုပ်မှုတွင် ကယ်တင်ပေးခဲ့သော ရေလုပ်သားငါးဦးအား အစိုးရနှင့် အလှူရှင်များက ဂုဏ်ပြုငွေပေးအပ်ပြီး ရာသက်ပန် ရေယာဉ် အခမဲ့စီးခွင့်ပြု"

"သင်္ဘောနစ်မြုပ်မှုတွင် ကယ်တင်ပေးခဲ့သော ရေလုပ်သားငါးဦးအား အစိုးရနှင့် အလှူရှင်များက ဂုဏ်ပြုငွေပေးအပ်ပြီး ရာသက်ပန် ရေယာဉ် အခမဲ့စီးခွင့်ပြု"

အောင်တံခွန် သင်္ဘော နစ်မြုပ်မှုတွင် ခရီးသည်ပေါင်း ၁၆၉ ဦးကို ကယ်တင်ပေးခဲ့သည့် ရေလုပ်သား ငါးဦးအား ပို့ဆောင်ရေး ၀န်ကြီးဌာနက မြန်မာတစ်နိုင်ငံလုံး ရာသက်ပန် ရေယာဉ် အခမဲ့စီးနင်းခွင့် ပေးလိုက်ကြောင်း သတင်းရရှိသည်။

ခရီးသည်များကို အဓိက ကယ်ဆယ်ခဲ့သူ ရေလုပ်သား ငါးဦးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများတွင် ကူညီခဲ့သူ ကိုးဦးအား အစိုးရအဖွဲ့နှင့် အရပ်ဘက် အဖွဲ့အစည်းများက ကျောက်ဖြူ မြို့၌ ဧပြီ ၄ ရက်တွင် ဂုဏ်ပြုပွဲ ပြုလုပ်ပေးခဲ့သည်။

အဆိုပါ ဂုဏ်ပြုပွဲတွင် ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးဟန်စိန်က ရေလုပ်သား ငါးဦးအား မြန်မာတစ်နိုင်ငံလုံး ရာသက်ပန် ရေယာဉ်အခမဲ့ စီးခွင့် ပေးလိုက်ခြင်း ဖြစ်ကြောင်း
ကျောက်ဖြူ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ကျော်ထွဋ်က ပြောကြားသည်။

ရေလုပ်သား ငါးဦးအား အစိုးရအဖွဲ့က ဂုဏ်ပြုငွေ ကျပ် ဆယ်သိန်းစီနှင့် ကျန်ကိုးဦးအား ကျပ်ငါးသိန်းစီ ပေးခဲ့ပြီး ကျောက်ဖြူမြို့နယ် ဓူဝံကြယ်အသင်းကလည်း ပြည်ပနှင့် ဒေသတွင်း အလှူရှင်များ၏ ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

‘‘သတင်းကြားကြားချင်း သူတို့အသက်ကို အဓိကမထားဘဲ ကယ်ကြတယ်လို့ သိရလို့ လေးစားလို့ လှူတာပါ’’ ဟု ရန်ကုန်မြို့မှနေ၍ ကျပ်ငါးသိန်းလှူခဲ့သည့် အလှူရှင်တစ်ဦးက ပြောသည်။

ခရီးသည်များကို အဓိက ကယ်တင်ခဲ့သူ ရေလုပ်သား ငါးဦးမှာ မြေပုံမြို့နယ် အုန်းချောင်းရွာ ဇာတိဖြစ်ပြီး ပင်လယ်ပြင်တွင် စက်လှေနှစ်စီးဖြင့် ငါးဖမ်းနေစဉ် သင်္ဘောမှောက်သည့် ဖြစ်ရပ်နှင့် ရင်ဆိုင်ခဲ့ရကာ ခရီးသည် ၁၆၉ ဦးကို ကယ်တင်နိုင်ခဲ့သည်။ ၎င်းတို့အား နိုင်ငံတော်သမ္မတ၏ စွမ်းဆောင်ရည်ဆု အတွက်လည်း အစိုးရအဖွဲ့က အဆိုတင်သွင်းထားသည်။

By - အောင်သစ်လွင်
7Day News Journal



lutawlupyaw

No comments:

Post a Comment