Monday, April 6, 2015

" ဘုရားရှင်၏ မာတုဂါမများနှင့် ဆက်ဆံရေး "

" ဘုရားရှင်၏ မာတုဂါမများနှင့် ဆက်ဆံရေး "

“ပစ္စည်း မာတု၊ ဤနှစ်ခု၊ ဘိက္ခုသေမင်း၊ ဓားနှစ်စင်း” တဲ့။ ဗုဒ္ဓသာသနာတွင် အဆိုးဝါးဆုံးသော အန္တရာယ်မှာ ရဟန်းတော်များအတွက် မာတုဂါမနှင့် ရွှေ၊ ငွေ၊ လာဘ်လာဘတို့ပင် ဖြစ်ပါသည်။ အမျိုးသမီးများသည် ရဟန်းတော်များကို အမျိုးသားများထက် ပို၍ ကြည်ညိုကြပါသည်။ သဒ္ဒါတရားထက်သန်ကြပါသည်။ သို့သော် အများစုမှာ သဒ္ဒါလွန်ကဲပြီး ပညာအားနည်းကြပါသည်။ ရဟန်းတော်တွေကို ရင်းနှီးသယောင်ပြုပြီး လူလိုသဘောထား ဆက်ဆံတတ်ကြပါသည်။ ရင်းနှီးသယောင်ပြုပြီး “ဘုန်းဘုန်းတို့များ ထယ်လိုက်တာ - ကားပေါ်ရောက်သွား
တာနဲ့ တပည့်တော်တို့တောင် မမြင်တော့ဘူး၊ လာတုန်း ငှက်ပျောသီးလေး ဘာလေး စွန့်အုံးမှပေါ့၊ ဒီပန်းလေး လှလိုက်တာ ခူးသွားမယ်နော်- ဘုန်းဘုန်း” အဲဒီလို ဆက်ဆံတတ်ကြသည်။

မာတုဂါမများအား မိမိတို့ ရဟန်းကျင့်ဝတ်အတွင်းမှ ဆက်ဆံလျှင် သာသနာအတွက်ရော၊ မိမိအတွက်ပါ အလွန်အကျိုးရှိပါသည်။ ရဟန်းတော်များ ရဟန်းကျင့်ဝတ်အတွင်းမှ မဆက်ဆံလျှင် သာသနာတော်လည်း ညှိုးနွမ်းပြီး မိမိကိုယ်တိုင်လည်း ရဟန်းဘ၀မှ ဆုံးရှုံး ပျက်စီးသွားနိုင်ပေသည်။
ညီတော်အရှင်အာနန္ဒာသည် မာတုဂါမနှင့် စပ်လျဉ်း၍ မည်ကဲ့သို့ ကျင့်သုံးရမည်ကို ဘုရားရှင်အား မေးလျှောက်တော်မူခဲ့၏။ ဘုရားရှင်ကလည်း ရဟန်းတော်များ မာတုဂါမနှင့် စပ်လျဉ်း၍ ကျင့်သုံးရမည့် လမ်းစဉ်ကို မိန့်ကြားတော်မူခဲ့ပါသည်၊ ဘုရားချမှတ်ပေးသော လမ်းစဉ်မှာ…
(၁) မာတုဂါမများကို မတွေ့အောင်နေရပါမည်။
(၂) အကယ်၍ တွေ့ခဲ့သော် စကားမပြောဘဲ နေရပါမည်။
(၃) မလွှဲမရှောင်သာ၍ စကားပြောရသော် အမိအရင်းကဲ့သို့ စိတ်ထား၍ ပြောဆိုရပါမည်။ ထိုလမ်းစဉ်အတိုင်း နေမှသာလျှင် မာတုဂါမနဲ့ပတ်သက်ပြီး အပြစ်ကင်းကာ
ရဟန်းဘ၀ချမ်းသာကို ပြည့်ပြည့်၀၀ ခံစားရပါမည်။ ။

{ မြင့်ရွှေ(ပေါင်းတည်) ၏ အပါယ်မကျလိုသူများ ဖတ်ရန်နှင့် သေခါနီးစိတ်ထား မှ 
ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

ဦးသိန်းဝေ



lutawlupyaw

No comments:

Post a Comment