"အိပ်မက်လှလှ မက်ရဲတဲ့ ကောင်မလေး တယောက်အကြောင်း"
မနေ့က. Singapore_Yahoo_Website ကနေ သတင်းတပုဒ် ဖတ်လိုက်ရတယ်။
အသက် (၂၂) နှစ်အရွယ် Grace_Kwan ဆိုတဲ့ ကောင်မလေးဟာ NUS တက္ကသိုလ်မှာ ဗိသုကာ ဘာသာရပ် တတိယနှစ် တက်ရောက်နေရာက ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ကျောင်းထွက်လိုက်တယ် ဆိုတဲ့ သတင်းလေးပါ။
ကောင်မလေးတယောက် တက္ကသိုလ် တက်နေရာက ကျောင်းထွက်ပြီး ကိုယ်ပိုင်လုပ်ငန်း လုပ်တာများ အဆန်းလုပ်လို့။ စင်္ကာပူမှာ သတင်းအနေနဲ့ Website မှာ ဘာလို့ တင်ရတာလဲလို့ သိချင်ကြမှာပါ။
စင်္ကာပူမှာ ဗိသုကာ (Architecture) ဘွဲ့ရဖို့ အင်ဂျင်နီယာ တက္ကသိုလ်မှာ (၅) နှစ် တက်ရတယ်။ အခု ဒီကောင်မလေးဟာ တတိယနှစ်ထဲမှာဆိုတော့ နောက်တနှစ်ခွဲလောက်ဆိုရင် ဘွဲ့ရပါပြီ။ စင်္ကာပူလို အလုပ်ပေါပြီး လုပ်သားရှားတဲ့နိုင်ငံမှာ ဘွဲ့ရပြီး အလုပ်ရဖို့. တလတောင် မစောင့်ရပါဘူး။ ဗိသုကာ ဘွဲ့ရသူတယောက် အလုပ်စဝင်ဝင်ချင်း အခြေခံလစာ (အချိန်ပိုလုပ်ခ allowance တွေမပါပဲ) ဘယ်လောက်ရတယ် ထင်ပါသလဲ။ စင်္ကာပူဒေါ်လာ (၄,၃၀၀) လောက် ရတယ်။ အခုငွေလွှဲနူန်းအရ တလလုပ်ခဟာ မြန်မာကျပ်ငွေ (၃၄) သိန်းပါ။ ဒါကလဲ အလုပ်စဝင်တဲ့ လစာပဲရှိပါသေးတယ်။ နောင်လုပ်သက်နဲ့ ကျွမ်းကျင်မှု ရှိလာရင် ဒီထက်မက လစာတိုးပြီး ရအုံးမှာပါ။ စင်္ကာပူမှာ သေချာတဲ့ လစာကြီးကို စွန့်ပြီး မသေချာမရေရာတဲ့ ကိုယ်ပိုင်လုပ်ငန်း လုပ်တဲ့သူ အင်မတန် ရှားလွန်းလို့ သတင်းတပုဒ်ဖြစ်ခဲ့တာပါ။
ကောင်မလေး Grace ဟာ လွန်ခဲ့တဲ့ ၂ နှစ် လောက်က စပြီး အမျိုးသမီး ပုခုံးသိုင်းအိပ် (Tote_Bag) လေးတွေ စလုပ်တယ်။ တက္ကသိုလ်တက်နေရင်းနဲ့ ကျောင်းက အိမ်ပြန်ရောက်ရင် ကိုယ်ပိုင်ဒီဇိုင်းထွင်ပြီး အိပ်တွေကိုယ်တိုင် ချုပ်လုပ်တယ်။ ချုပ်ပြီးတဲ့ အိပ်တွေကို Carousell_Website မှာ တင်ပြီး စတင်ရောင်းတယ်။ လှပတဲ့သူမရဲ့ အိပ်ဒီဇိုင်းတွေကို ကြိုက်လို့ လူအဝယ် များလာတယ်။ အိပ်တွေကို GSEWS အမှတ်တံဆိပ် တပ်လိုက်တယ်။ နောက်ပိုင်းမှာ အော်ဒါမှာသူ လိုချင်တဲ့ ဒီဇိုင်းပုံစံအတိုင်း ချုပ်ပေးပါတယ်။ တခါတလေ အော်ဒါမှာမဲ့သူဟာ ဘယ်လိုအရွယ်အစား ဘယ်လိုအရောင်အသွေးနဲ့ အိပ်မျိုးလိုချင်တယ် ဆိုတာ ဝေခွဲမရဖြစ်နေရင် သူမရဲ့Wesite ထဲဝင်ပြီး လိုချင်တဲ့ အရွယ်အစား အရောင်တွေ စိတ်ကြိုက်ပုံဖေါ်ပြီး သူမဆီကို မှာလို့ရပါတယ်။ ဝယ်သူ လိုချင်တဲ့ဒီဇိုင်း အတိအကျ ရအောင် လုပ်ပေးနိုင်မှတော့ သူ့အိပ်တွေ မရောင်းရပဲနေပါ့မလား။
သူမဟာ ကိုယ်ခွဲမထားပဲ အော်ဒါလက်ခံတာ၊ ဒီဇိုင်းထွင်တာ၊ အိပ်ချုပ်တာချုပ်ပြီး အိပ်တွေပို့တာ၊ ဝယ်သူတွေရဲ့ငွေလက်ခံတာကအစ တယောက်ထဲ လုပ်တယ်။ သူမပြောတာက- ၂ ယောက် လုပ်ရင် ဒီဇိုင်းအယူအဆ မတူတတ်လို့ပါတဲ့။ သူမရဲ့လုပ်ငန်းကို အချိန်ပေးနေရတော့ သူမရဲ့ ဗိသုကာ သင်တန်းကို မှန်မှန်မတက်နိုင်တော့ပဲ ကျောင်းစာ ထိခိုက်လာတယ်။ ဒီတော့ သူမရဲ့ဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက် တခု ချရတော့မယ်။ လစာကောင်းကောင်း ပုံမှန်ရနေပြီး တသက်တာ သက်တောင့် သက်သာနေနိုင်တဲ့ လခစား ဘဝနဲ့နေသွားမလား။ ဝါသနာပါပြီး ကိုယ်ဖြစ်ချင်တာ လွတ်လွတ်လပ်လပ် လုပ်ပြီး ဖြစ်ချင်တဲ့ အိပ်မက်တခုကို ကြိုးစား အကောင်အထည်ဖေါ်သွားမလားပေါ့။ ကောင်မလေးဟာ အိပ်မက်လှလှကို အကောင်အထည်ဖေါ် ဖို့ရွေးချယ် လိုက်ပါတယ်။ လွန်ခဲ့တဲ့ ၅ လ လောက်က NUS တက္ကသိုလ်က ထွက်လိုက်တယ်။ သူမရဲ့ အိပ်တွေရောင်းချမဲ့ GSEWS နာမည်နဲ့ ကုမ္ပဏီတခု ဖွင့်လိုက်တယ်။ အခု GSEWS ရဲ့ ကုမ္ပဏီ ပိုင်ရှင်နဲ့ CEOပေါ့။
တက္ကသိုလ်က ထွက်ပြီး စအခြေအနေနဲ့ ပတ်သက်လို့ သူမက အခုလိုပြောပြပါတယ်။ "ကျောင်းထွက်လိုက်တော့ ကျမရင်ဆိုင်ရတဲ့ပြဿနာက တယောက်ထဲ လုပ်ရလို့ အလုပ်ပင်ပန်းတဲ့ဒဏ် မဟုတ်ဘူး။ ငွေရေးကြေးရေးပြဿနာလဲ မဟုတ်ပါဘူး။ သာမန်မိန်းခလေးတွေလို တက္ကသိုလ်တက် ဘွဲ့ရပြီးတော့ လစာကောင်းကောင်းနဲ့ သက်သက်သာသာနေရတဲ့ လခစားမလုပ်ချင်တဲ့ ကျမကို ရှေ့တမျိုး နောက်ကွယ်တမျိုး အပြစ်ပြောကြ လှောင်ကြတဲ့ စကားတွေ ကြားနေရပြီး ရင်ထဲမှာ ခံစားနေရတာပါ"။
"ကျမ အိပ်ချုပ်တဲ့ သင်တန်းတို့၊ အိပ်ဒီဇိုင်းဖေါ်တဲ့ သင်တန်းတို့ တခုမှ မတက်ဖူးပါဘူး။ ကျမ ဝါသနာပါတဲ့ အလုပ်ကို လုပ်ချင်တဲ့ ဆန္ဒ ပြင်းပြတာတခုပဲ ရှိခဲ့တာပါ။ နောင်တော့လဲ တက်သင့်တဲ့ သင်တန်းတက်ရ မှာပေါ့လေ"။
ကောင်မလေးက သူ့ကိုမေးမြန်းသူတွေကို message တခုပေးခဲ့ပါတယ်။ ဒါက "ဘာအလုပ်ပဲ လုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်ပါ" တဲ့။ အသက် (၂၂) နှစ် အရွယ်ကောင်မလေး တယောက်ရဲ့ တန်ဖိုးရှိတဲ့ စကားလေးပါပဲ။
လူတိုင်း အိပ်မက် လှလှလေးတွေ မက်ဖူးခဲ့ကြမှာပါ။ ဒါပေမဲ့ အိပ်မက်ကို အကောင်ကထည်ဖေါ်ရဲသူက နဲနဲလေးပဲ ရှိပါတယ်။
C@ https://www.facebook.com/thein.pe.3/posts/10204094402949027
Lutaw Lupyaw
Thanks for Sharing and give enforce!!
ReplyDelete