Sunday, April 5, 2015

"Relationship တစ်ခုတွင် ယုံကြည်မှု တည်ဆောက်ခြင်း"

"Relationship တစ်ခုတွင် ယုံကြည်မှု တည်ဆောက်ခြင်း"

ကျွန်မတို့တွေဟာ ခိုင်လုံတဲ့အကြောင်းပြချက် မရှိဘဲနဲ့ ယုံကြည်မှုနဲ့ဆိုင်တဲ့ ပြဿနာလေးတွေ ရင်ဆိုင်နေကြရတယ် မဟုတ်လား။ ဒါတွေက ဘာဖြစ်လို့လဲဆိုတော့ ယုံကြည်မှုမှာ ရှုပ်ထွေးလှတဲ့ ခံစားချက်တွေဖြစ်တဲ့ သစ္စာရှိခြင်း၊ စိတ်ချခြင်း၊ မျှော်လင့်ခြင်းနှင့် မှီခိုအားထားခြင်း စသည်တို့ ပါဝင်နေလို့ပါ။ ရှင်းရှင်းပြောရရင် ယုံကြည်မှုဆိုတာ အလွန်တရာကြီးမားလှတဲ့ ခံစားချက်ပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကြီးပါ။ ဒီရင်းနှီးမြှုပ်နှံမှုကနေ နာကျင်ခံစားရခြင်းတွေနဲ့ ပူဆွေးသောကရောက်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

ယုံကြည်စိတ်ချမှုက မတော်တဆ ဖြစ်လာတာမဟုတ်ပါဘူး။ ယုံကြည်မှုဆိုတာ တည်ဆောက်ပေးရတာဖြစ်ပြီး တန်ဖိုးထားတတ်ဖို့နဲ့ ထိန်းသိမ်းကာကွယ်ထားဖို့ လိုအပ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ Relationship တစ်ခုမှာယုံကြည်မှုတွေ တည်ဆောက်နိုင်မယ့် နည်းလမ်းအချို့ပဲ ဖြစ်ပါတယ်။

၁။ကိုယ့်ရဲ့ မပြည့်စုံတဲ့အချက်တွေကို သူ့သိအောင်ပြပါ။

ကိုယ့်မူလအရောင်ကိုသူသိပါစေ။ ကိုယ့်ရဲ့ မပြည့်စုံတဲ့အချက်တွေ ပြောပြခြင်းကြောင့် မလုံမလဲစိတ်တွေဖြစ်ပေါ်လာပေမယ့်လို့ ဒီလိုနည်းနဲ့ စစ်မှန်တဲ့ကိုယ့်ကို လက်ခံနိုင်ဖို့ သူ့ကို အခွင့်အရေးပေးရမှာ ဖြစ်တယ်။ ဟင်းချက်လက်ရာမကောင်းတဲ့ ကိုယ့်ကို အပြစ်တင်တာမျိုးမလုပ်ရင်၊ မလှပတဲ့ ကိုယ့်ဆံကေသာတွေကြောင့် ကိုယ့်ကို မပစ်ပယ်ဘူးဆိုရင် ကိုယ့်အနေနဲ့ ဒီထက်ပိုကြီးတဲ့ကိစ္စတွေကို ထုတ်ဖော်ဖို့ အဆင်ပြေမယ်လို့ ခံစားလာရပါတယ်။ ဥပမာ ကိုယ့်အိမ်တွင်းရေးကိစ္စတွေ၊ ကိုယ့်ဘဝရည်မှန်းချက်တွေပေါ့။ ကိုယ့်အပေါ်လည်း လုံးဝထောက်ခံပေးလိမ့်မယ်လို့ ယုံကြည်လာပါလိမ့်မယ်။

၂။ဝေဖန်အပြစ်တင်တာတွေ မပြုလုပ်ပါနဲ့။

လက်တွဲဖော်က ကိုယ်ရေးကိုယ်တာကိစ္စတွေ တိုင်ပင်လာတဲ့အခါတိုင်း စာနာနားလည်စွာဖြင့် နားထောင်ပေးပြီး အကြံဥာဏ်တွေပေးပါ။ သူ့အပြုအမူတွေကို အပြစ်တင်ပြီး သူ့ခံစားချက်ကို ပယ်ချလိုက်မယ်ဆိုရင် နောက်တစ်ကြိမ် ကိုယ့်ကို ယုံကြည်စွာပြောဆိုလာဖို့ ပြန်စဉ်းစားပါလိမ့်မယ်။ တကယ်လို့ သူ့ဘက်က ကိုယ့်ကို အပြစ်တင်ဝေဖန်လာရင်လည်း ဒီလိုဝေဖန်တာမျိုးက သူ့အပေါ်ယုံကြည်စွာပြောဆိုဖို့ ခက်ခဲကြောင်းနဲ့ ကိုယ့်ကိုတိုက်ခိုက်နေသလို ခံစားရကြောင်း ပြောပြပါ။

၃။ကိုယ်ပြောတဲ့စကားကိုတည်ပါ။

အလုပ်နဲ့ အပြောတစ်ထပ်တည်းကျအောင် လုပ်ပါ။ ဘယ်လိုလူအုပ်ကြားထဲရောက်နေပါစေ ကိုယ်ပြောခဲ့တဲ့အတိုင်း တိတိကျကျ ရှိနေပေးပါ။u ဒီလိုနည်းနဲ့ ကိုယ်ဟာ သူ့အတွက် ယုံကြည်စိတ်ချဖို့ ထိုက်တန်တဲ့လူတစ်ယောက်ဆိုတာ သူသိအောင် ပြသနိုင်ပါလိမ့်မယ်။

၎။သူ့ကိုအမှန်တရားပဲပြောပြပါ။

လျှို့ဝှက်ချက်တွေဆိုတာ သံသယနဲ့ မယုံကြည်စိတ်တွေကို ဖန်တီးပေးပါတယ်။ ကိုယ်က relationship ကို ကန့်သတ်ထားတယ်လို့ လက်တွဲဖော်ကို ပြောပြနေသလိုပါပဲ။ သေးငယ်လှတဲ့ လိမ်ညာမှုတွေက စိတ်ပိုင်းဆိုင်ရာ၏ ခြကောင်လေးတွေနဲ့တူပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ မသိသာလှတဲ့ ခြကောင်လေး၏ စားသုံးမှုတွေဟာ နောက်ဆုံး relationship တစ်ခုလုံးရဲ့ အခြေခံအုတ်မြစ်ကို ယိမ်းယိုင်သွားစေနိုင်ပါတယ်။

၅။ယုံကြည်အားထားပါ။

ယုံကြည်အားထားခြင်းက ယုံကြည်စိတ်ချနိုင်ခြင်းနဲ့ နီးကပ်စွာဆက်နွယ်နေပါတယ်။ ဒါကြောင့် ကိုယ်လုပ်ပေးမယ်လို့ပြောထားတဲ့ ကိစ္စတိုင်းကို ကြိုးစားလုပ်ပေးပါ။ relationship တစ်ခုမှာ တစ်ယောက်ယောက်ကို ယုံကြည်အားကိုးလို့ မရဘူးလို့ သတ်မှတ်ထားရင် ဒီ relationship က ကြီပွားလာမှာမဟုတ်ပါဘူး။

၆။သူ့အပေါ်ထားတဲ့ ယုံကြည်မှုကိုဖော်ပြပေးပါ။

တစ်စုံတစ်ယောက်က ကျွန်မတို့ကိုယုံကြည်ရင်၊ ပြီးတော့ ကျွန်မတို့အပေါ်မှာထားတဲ့ အဲဒီယုံကြည်မှုကိုလည်း ဖော်ပြပေးတယ်ဆိုရင် ဒါတွေက ကျွန်မတို့ကို မှန်ကန်တဲ့အရာတွေ ပြုလုပ်လိုစိတ် ဖြစ်ပေါ်စေပါတယ်။ ကျွန်မတို့က ယုံကြည်စိတ်ချဖို့ ထိုက်တန်တယ်လို့ သူတို့ခံစားရတဲ့အတွက် သူတို့က ကျွန်မတို့အပေါ် အားထားပါတယ်။ ကိုယ်လည်း လက်တွဲဖော်အပေါ် ယုံကြည်စိတ်ချမှုကိုဖော်ပြပေးရင် သူတို့က တန်ဖိုးထားမှာသေချာပါတယ်။

ယုံကြည်မှုဆိုတာပျော်ရွှင်ကျန်းမာတဲ့ relationship တစ်ခုအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမယ့် တချို့အပြုအမူတွေကြောင့် ဒီယုံကြည်မှုကို မထိခိုက်နိုင်အောင် အမြဲတမ်းစုဆောင်းပြီး တန်ဖိုးထားနေရမှာပါ။ ကိုယ့်လက်တွဲဖော် ယုံကြည်မှုကို ကူညီပေးနိုင်ရန်၊ သံသယတွေအားလုံးကို ဖယ်ရှားပေးနိုင်ရန် အရာရာကို အတူလက်တွဲလုပ်ဆောင်ကြပါ။ တစ်ယောက်အတွက် တစ်ယောက်လုပ်ပေးကြပါ။ ဘယ်လိုသံသယမျိုးကိုဖြစ်ဖြစ် အတူလက်တွဲပြီး ပယ်ဖျက်ကြပါ။ ယုံကြည်မှုတွေက မွေးမြူပြီးရင်းနှီးမှုတွေ ကြီးထွားလာစေပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ရဲ့ relationship ကြီးကလည်း ကျန်းမာလာမှာဖြစ်ပါတယ်။

ဂန္ဓဝင် မဂ္ဂ္ဒဇင်း



lutawlupyaw

No comments:

Post a Comment