Wednesday, April 1, 2015

" 'S'သုံးလုံးအတွက် အကောင်းဆုံး အစားအစာလေးများ"

" 'S'သုံးလုံးအတွက် အကောင်းဆုံး အစားအစာလေးများ"

(က) Study-စာရေးစာဖတ် လေ့လာဆည်းပူးခြင်း
(ခ) Sleep-အိပ်စက်အနားယူခြင်း
(ဂ) Stress-စိတ်ဖိစီးခြင်း စတဲ့ “S” သုံးလုံးအတွက် အကောင်းဆုံး အစားအစာလေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်-

(က) ကော်ဖီက ဦးနှောက်ကို လန်းဆန်းစေသလို ပင်လယ်ငါး အမျိုးမျိုးက မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်မြင့်မားစေပါတယ်။ ကြက်ဥ အနှစ်တွေကလည်း ဦးနှောက်ကို ခွန်အားဖြစ်စေတာကြောင့် ၎င်းအစားအစာသုံးမျိုးက Study-စာရေးစာဖတ် လေ့လာ ဆည်းပူးခြင်းအတွက် အကောင်းဆုံး အစားအစာ များဖြစ်ကြပါတယ်။

(ခ) အိပ်ရာမဝင်ခင် အနည်းဆုံး နှစ်နာရီခန့်အလိုမှာ သစ်အယ်သီးအဆံ လက်တစ်ဆုပ်စာ စားပေးခြင်းက ကောင်းစွာ အိပ်ပျော်စေတဲ့အပြင် သက်ရှည်ကျန်းမာစေပါတယ်။ အကယ်၍ သစ်အယ်သီး အလွယ်တကူမရပါက မြေပဲဆန် (သို့) ဗာဒံစေ့ကို စားပေးခြင်းဖြင့် တူညီသော အကျိုးကို ရရှိနိုင်ပါတယ်။ ‘နံနက် သင်္ဘော ညငှက်ပျော’ ဆိုတဲ့အတိုင်း ညအိပ်ရာဝင်ခါနီး ဖီးကြမ်းငှက်ပျောသီးမှည့် တစ်လုံး စားခြင်းက ကောင်းစွာ အထောက်အကူ ဖြစ်စေရုံသာမက နံနက်အိပ်ရာထမှာ ဝမ်းပျော့ပျော့သွားစေပါတယ်။ နာတာရှည် အိပ်မပျော်တတ် သူများအဖို့ ချိုချိုချဉ်ချဉ်အရသာရှိသော ဘယ်ရီသီး ရဲရဲလေးတွေ စားပေးသင့်ပါတယ်။ အကယ်၍ ဘယ်ရီသီး အလွယ်တကူမရရှိပါက အိပ်ရာဝင်ခါနီးမှာ အနီရောင် ပန်းသီးတစ်လုံးကို အခွံပါဝါးစား၍ ၎င်းပန်းသီး သုံးလုံးခန့်ကို အိပ်ရာ (ခုတင်) အနီးမှာထားပေးခြင်းဖြင့် ထိုပန်းသီးရနံ့က အိပ်စက်ခြင်းကို အထောက်အပံ့ ဖြစ်စေပါတယ်။ သို့ပါ၍ Sleep-အိပ်စက် အနားယူခြင်းအတွက် ၎င်းအစားအစာသုံးမျိုးကို အိမ်တွင်းသမားတော်အဖြစ် အားကိုးထိုက်ပါတယ်။

(ဂ) အမည်းရောင် ချောကလက်ကို စားသုံးခြင်းဖြင့် အားအင်ချိနဲ့ကုန်ခမ်းခြင်းတွေကို ထိထိရောက်ရောက် ပျောက်ကင်း သက်သာစေ၍ ခန္ဓာကိုယ်ထဲရှိ ဟိုမုန်းပမာဏကို မျှတစေခြင်း၊ လိင်စိတ် ဆန္ဒနိုးကြွခြင်း၊ စိတ်ဖိစီးမှုကိုလျော့နဲစေခြင်း၊ စိတ်ကို လန်းဆန်းတက်ကြွလာစေခြင်း စသဖြင့်ကောင်းကျိုးပြုတဲ့အပြင် အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက်ဇရာ အကြိုရောဂါဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ စိတ်ဖိစီးမှုဆိုင်ရာ ပြဿနာများအတွက် ထောပတ်သီး၏ အာနိသင်ကလည်း အမည်းရောင် ချောကလက်ကဲ့သို့ အာနိသင် ထပ်တူပဲဖြစ်ပါတယ်။ ကြက်သွန်ဖြူက သွေးသား စင်ကြယ်စေကာ စိတ်ကြည်လင်လန်းဆန်းမှုကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် Stress-စိတ်ဖိစီးခြင်းအတွက် အကောင်းဆုံးဓာတ် စာများအဖြစ် ၎င်းအစားအစာသုံးမျိုးကို မှီဝဲပေးပါ။

ကြေးမုံသတင်းစာ
မတ်လ (၁၅) ရက်၊ ၂၀၁၅ ခုနှစ်



lutawlupyaw

No comments:

Post a Comment