Tuesday, June 2, 2015
"ဒါဟာ သတ္တိနည်းခြင်း တစ်မျိုးလား"
"ဒါဟာ သတ္တိနည်းခြင်း တစ်မျိုးလား"
သင်ဟာ သူတပါးကို “နိုး” လို့ ပြောရမှာ ၀န်လေးနေတယ်။ သူများ ကိုယ့်ကို ဘယ်လိုထင်မလဲ၊ သူများမကြိုက်တာတွေများ လုပ်မိနေလား အဲလိုပဲ စဉ်းစားနေမိတယ်။ ကိုယ့်ရဲ့နေ့စဉ်ဘ၀မှာ သူများတွေ စိတ်မဆိုးအောင် ဘယ်လိုနေရမလဲပဲ စဉ်းစားနေတယ်။ အဲလိုသာဆိုရင် သင်ဟာ လူမှုဆက်ဆံရေးမှာ မျှော်လင့်ချက်မဲ့စွာ သတ္တိနည်းသူတစ်ယောက်ဖြစ်နေပါပြီ။ လူမှုဆက်ဆံရေးမှာ သူများတွေနဲ့ ခင်ခင်မင်မင်နေတတ်ဖို့ လိုအပ်ပြီး ဘ၀ရဲ့အောင်မြင်မှု၊ ရှုံးနိမ့်မှုတွေဟာလည်း ပေါင်းသင်း ဆက်ဆံတတ်မှုပေါ်မှာ များသောအားဖြင့် မူတည်နေတတ်ပါတယ်။
ဒါပေမဲ့ ညီညွတ်မျှတတဲ့ လှုမှုဆက်ဆံရေးမှာ ဘောင်အကန့်အသတ်ရှိနေသင့်ပြီး မလွှဲမရှောင်သာ လိုက်လျောမှုတွေ၊ အားမနာပါးမနာ တောင်းဆိုမှုတွေ နည်းနိုင်သမျှ နည်းသင့်ပါတယ်။ မိမိစိတ်က သတ္တိနည်းလွန်းနေရင် သူများငြိုငြင်မှာ သိပ်ကြောက်တဲ့အတွက် ဘ၀ရဲ့တန်ဖိုးတွေ ပျောက်ဆုံးတတ်ပါတယ်။ ဒါကြောင့် မိမိဟာ အဲဒီလို သတ္တိနည်းသူတစ်ယောက် ဖြစ်နေပြီလား ဆန်းစစ်ကြည့်ကြပါစို့နော်။
(၁) “နိုး” လို့ ငြင်းဖို့ ၀န်လေးခြင်း
မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တခါတလေ တစိမ်းတွေကိုတောင် ကိုယ်မကြိုက်တာတစ်ခုခုကို ငြင်းပစ်လိုက်ဖို့ ၀န်လေးနေတတ်ပါသလား။ စိတ်ထဲကနေ အရမ်းကို ငြင်းလိုက်ချင်ပေမဲ့ အားနာပြီး ခေါင်းညိတ်လိုက်မိမယ်။ ဒီလိုမျိုး အကြိမ်ကြိမ်တောင်းဆိုသူတွေကြား အကြိမ်ကြိမ် လိုက်လျောမိမယ်ဆိုရင် သင်ဟာ မိမိကိုယ်ကို သတိမထားမိခင်မှာပဲ သတ္တိနည်းသူတစ်ယောက် ဖြစ်နေပါပြီ။ ကိစ္စသေးသေးကနေ ကိစ္စကြီးကြီးအထိ လိုက်လုပ်ပေးရင်း သူရဲကောင်းလို အားကိုးခံလာရတတ်ပေမဲ့ သင်ကိုယ်တိုင်က မပျော်ရွှင်ပဲ ငြီးငွေ့လာတဲ့အထိ ဖြစ်လာတတ်ပါတယ်။ သူများကို အမှန်တကယ်ကူညီချင်တာမှန်ပေမဲ့ မိမိရဲ့အကျိုးစီးပွား တော်တော်များများကို ဆုံးရှုံးလိုက်ရတတ်ပါတယ်။
(၂) ကိုယ့်အမြင်ကို မပြောရဲသလို ဆုံးဖြတ်ချက်လည်း မချရဲခြင်း
မိသားစုကြား၊ မိတ်ဆွေတွေကြား၊ လုပ်ဖော်ကိုင်ဖက်တွေကြား တစ်ခုခုကို ဆွေးနွေးကြတဲ့အခါ ကိုယ့်အမြင်ကို မတင်ပြရဲတာ၊ ကိုယ်ဘယ်လိုဆုံးဖြတ်ချင်ကြောင်း မပြောပြရဲတာမျိုး ဖြစ်နေပါသလား။ ကိုယ့်ကိစ္စ ဒါမှမဟုတ် ကိုယ်လည်း ပါဝင်ရမယ့်ကိစ္စမျိုးမှာ သူများတွေရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ လိုက်လုပ် နေမိပါသလား။ ဘ၀မှာ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိဖို့ အရေးကြီးကြောင်း သင်လည်း သိမှာပါပဲ။ ဒီလိုသိရက်သားနဲ့ သူများတွေရဲ့သဘောထားကို လက်ခံနေတာဟာ သတ္တိနည်းမှုတစ်ခုပါ။ ဒီလိုဖြစ်လာတာ ကြာလာတာနဲ့အမျှ သင့်ဘ၀အဓိပ္ပာယ်တွေ အကုန် လျော့ပါးမှေးမှိန်လာနိုင်ပြီး “ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်” ဘ၀ကိုစွန့်လွှတ်ပြီး “သူများစိတ်နဲ့ ကိုယ့်ကိုယ်” ဘ၀ကို ရောက်လာတတ်ပါတယ်။
(၃) တစ်စုံတယောက်က ကိုယ့်ကို မနှစ်သက်တဲ့အခါ စိတ်မကောင်းဖြစ်ခြင်း
လူတွေကို သဘောကျကျေနပ်အောင်လုပ်ရင် လူတွေက သဘောကျနှစ်သက်လာမယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ဒါဟာ အတော့်ကိုမှားတဲ့အယူအဆပါပဲ။ သူတို့က သင့်ကို အကူအညီတောင်းချင်တဲ့အခါတိုင်း တထစ်ချကူညီမယ်လို့ မှတ်ယူလာတတ်ပြီးနောက် မကူညီနိုင်တဲ့အခါ စိတ်ဆိုးလာတတ်ပါတယ်။ မိမိက ကြိုးစားလုပ်ပေးတဲ့အခါမျိုးမှာလည်း လိုအပ်ချက်ရှိခဲ့ရင် အပြစ်တင်လည်း ခံရပါသေးတယ်။ သင့်ရဲ့ဖြစ်တည်မှုကို သင်ကိုယ်တိုင်က မထိန်းကွပ်နိုင်တဲ့အတွက် လူတွေက အလိုလိုနေရင်း သင့်ကို သဘောမကျဖြစ်တတ်ပါတယ်။
(၄) မိမိကိုယ်တိုင်လည်း လူတွေကို သဘောမကျဖြစ်လာခြင်း
သင်ဟာ မိမိရဲ့ခံစားချက်တွေ လိုအင်တွေကို မျိုသိပ်ပြီး သူတပါးအလိုကိုလိုက်ရင်း နှစ်ကာလတွေ ကြာလာတဲ့အခါမျိုးမှာ အဲဒီလူတွေနဲ့ မတွေ့ချင်၊ မဆုံချင်ပဲ သူတို့ကို သဘောမကျ ဖြစ်လာတဲ့အပြင် တစ်ခါတလေ မုန်းတောင်မုန်းသွားတတ်ပါတယ်။ ကိုယ့်ရဲ့ အိမ်ထောင်ဖက်၊ လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် သူငယ်ချင်းမိတ်ဆွေ တစ်ဦးဦးအပေါ်မှာ တနုံ့နုံ့ ဒေါသထွက်နေပြီး အကြောင်းရင်းကိုလည်း အသေအချာမပြောပြတတ်တာမျိုး ဖြစ်နေပါသလား။ စိတ်ပညာအရပြောရရင် ဒါဟာ သင့်ကိုယ်သင် လျစ်လျူရှုပစ်ထားမိတဲ့အတွက် သင့်ရဲ့ မသိစိတ်ကနေ ကိုယ့်ကိုယ်ကို အပြစ်တင် စိတ်ဆိုးနေတာ ဖြစ်ပါတယ်။
(၅) ကူညီရိုင်းပင်းမှုကို အတိုင်းအတာတစ်ခုထိ စည်းမသတ်မှတ်ခြင်း
သင်ဟာ အထက်ကပြောတဲ့အချက်တွေနဲ့ ကိုက်ညီနေခဲ့ရင် သင်ဟာ ပေါင်းသင်းဆက်ဆံရေးမှာ စည်းကမ်းတကျ မနေတတ်ဘူးဆိုတာ ဖော်ပြနေပါတယ်။ ကူညီရိုင်းပင်းမှုကို အတိုင်းအတာတစ်ခုထိ စည်းသတ်မှတ်လိုက်ခြင်းဟာ စိတ်ကောင်းစေတနာ နည်းပါးရာ ရောက်တယ်လို့ ယူဆတတ်ကြပါတယ်။ ဒါပေမဲ့ မိမိဟာ ကူညီရိုင်းပင်းတတ်ပေမဲ့ သတ်မှတ်ချက်ကိုကျော်လွန်ရင် လက်မခံကြောင်း အားလုံးသိနိုင်အောင် ပြူမူဆောင်ရွက်သင့်ပါတယ်။ ဒါမှသာ ရေရှည်အဆင်ပြေတဲ့ ဆက်ဆံရေးတစ်ခုကို ထိန်းထားနိုင်မှာဖြစ်ပြီး မိမိအကျိုးစီးပွားကိုလည်း မထိခိုက်စေပဲ သူတပါးရဲ့ ကျေးဇူးတင်တန်ဖိုးထားမှုကိုလည်း ထိုက်ထိုက်တန်တန် ရနိုင်မှာဖြစ်ပါတယ်။
Credit: SeachMyanmar
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment