Tuesday, June 30, 2015

"ရေပေါ်ရွေ့လျား ကရဝိက်ဟိုတယ် ပထမဆုံးအကြိမ် ခရီးစဉ် စတင်ပြေးဆွဲ"

"ရေပေါ်ရွေ့လျား ကရဝိက်ဟိုတယ် ပထမဆုံးအကြိမ် ခရီးစဉ် စတင်ပြေးဆွဲ"

ဧရာဝတီမြစ်အတွင်း မန္တလေး- မင်းကွန်း- စစ်ကိုင်း အသွားအပြန်ရှုခင်းကြည့် အပန်းဖြေခရီးစဉ်များအဖြစ် ရွေ့လျားပြေးဆွဲပေးမည့် ရေပေါ်ကရဝိက် ဟိုတယ်သည် တည်ဆောက်မှုလုပ်ငန်း အားလုံးပြီးစီးပြီဖြစ်သဖြင့် ဧည့်သည် ၂ဝဝ အား တင်ဆောင်ကာ ဇွန် ၂၈ ရက် ညနေ ၄ နာရီက ပထမဆုံးအကြိမ် စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။

''၂ဝ၁၃ခုနှစ်၊ မတ် ၃ ရက်က စတင်တည်ဆောက်ခဲ့တာပါ။ မြန်မာနိုင်ငံမှာကျင်းပတဲ့ ဆီးဂိမ်းပွဲတော်အမီ ပြေးဆွဲဖို့ စီစဉ်ခဲ့ပေမယ့် မပြီးစီးခဲ့လို့ နောက်ထပ်အချိန်ယူပြီး တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ သုံးထပ် ရေပေါ်ရွေ့လျား သင်္ဘောကြီးပါ။ ကျွမ်းကျင် အင်ဂျင်နီယာများနဲ့ ရေပေါ်မှာ အန္တရာယ်မရှိ ပြေးဆွဲနိုင်အောင် ပေါ့ပါးတဲ့ပစ္စည်းများ အသုံးပြု တည်ဆောက်ထားပါတယ်။ ဇူလိုင်လကစပြီး အပတ်စဉ် ဗုဒ္ဓဟူး၊ စနေ၊ တနင်္ဂနွေနေ့များမှာ ပြေးဆွဲပေးပါ့မယ်'' ဟု ကရဝိက်ဟိုတယ် ဒါရိုက်တာ ဦးမျိုးနိုင်ဦးက ပြောသည်။

ရေပေါ်ရွေ့လျား ကရဝိက်ဟိုတယ်မှာ အလျား ပေ ၂၅ဝ၊ အနံ ၄၃ ပေရှိပြီး အထပ် သုံးထပ်ပါဝင်သည်။ ပထမ အထပ်တွင် အခန်း ၁၂ ခန်းပါဝင်ရာ Superior Room ခုနစ်ခန်း၊ Ayarwaddy Deluxe Room နှစ်ခန်း၊ Karaweik Suite Room သုံးခန်းတို့ကို ရေ၊ မီး၊ သန့်ရှင်းရေးအခန်းများ စုံလင်စွာဖြင့် ဖွဲ့စည်းထားသည်။ ကျန်အထပ်များတွင် စားသောက်ခန်း၊ ဧည့်ကြိုခန်းနှင့် ဧည့်သည်များ ဧရာဝတီမြစ် ရှုခင်းအလှကြည့်ရှုနိုင်ရန်ပါ ထည့်သွင်း ဆောက်လုပ်ထားသည်။ စီးနင်းလိုက်ပါသူများအနေဖြင့် တရုတ်အစားအစာ၊ ဘီယာနှင့် အအေးမျိုးစုံ၊ အလွယ်တကူ စားသောက်နိုင်သော အဆာပြေအစားအစာများပါ အချိန်မရွေး ရရှိနိုင်ရန် ဖွင့်လှစ်ထားပြီး သင်္ဘောပေါ်တွင် ဝိုင်ဖိုင် အသုံးပြုနိုင်ရန်ပါ စီစဉ်ပေးထားသည်။

''မင်္ဂလာဆောင်များကို သုံးနာရီ ကျပ်ခြောက်သိန်းနဲ့ ဆိပ်ကမ်းနေရာမှာပဲ အစားအသောက်မပါ လက်ခံ ဆောင်ရွက်ပေးပါတယ်။ မြစ်အတွင်း သင်္ဘောစီးရင်း မင်္ဂလာဆောင် lမယ်ဆိုရင်လဲ စီစဉ်ပေးပါမယ်။ သင်္ဘောကြီး ခရီးစဉ်မရှိတဲ့ ရက်တွေမှာ အဆာပြေအစားအစာနဲ့ အချိုရည်၊ ဘီယာများ လာရောက်သုံးဆောင်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေလဲ တည်းခိုနိုင်ပါပြီ။ ညပိုင်းမှာလဲ စင်တင်တေးဂီတ၊ မြန်မာ့ရုပ်သေး၊ မြန်မာ ခြင်းအလှခတ်များနဲ့ပါ ဖျော်ဖြေသွားမှာပါ'' ဟု ကရဝိက်ဟိုတယ် အမှုဆောင်ဒါရိုက်တာ ဦးထွန်းထွန်းက ပြောသည်။

မြစ်အတွင်း ပြေးဆွဲမှုခရီးစဉ်တွင် လူတစ်ဦးလျှင် ကျပ် ၇ဝဝဝ သတ်မှတ်ထားရာ သင်္ဘောပေါ်တွင် အဆာပြေအစားအစာနှင့် အချိုရည် အခမဲ့ ဧည့်ခံမည်ဖြစ်ပြီး ခရီးစဉ် တစ်ခုလုံးအတွက် လူဦးရေ ၂ဝဝ သာ လက်ခံမည်ဖြစ်သည်။

ခရီးစဉ်တစ်ကြောင်းလျှင် အချိန် နှစ်နာရီ ကြာမည်ဖြစ်ရာ စက်တင်ဘာလမှ ဧပြီလအထိ ညနေ ၄ နာရီမှ ၆ နာရီထိ လည်းကောင်း၊ မေလမှ အောက်တိုဘာလအထိ ညနေ ၃ နာရီမှ ၅ နာရီ အထိလည်းကောင်း၊ ဧရာဝတီမြစ်အတွင်း၌ အသွားအပြန် ရှုခင်းကြည့် အပန်းဖြေခရီးစဉ်များ ပြေးဆွဲမည်ဖြစ်သည်။

DW - DemocracyToday


No comments:

Post a Comment