" မြန်မာပြည်သူများအတွက် မကုန်ဆုံးနိုင်သော သင်ခန်းစာ"
Global Growth ကုမ္ပဏီ၏ ရုံးခန်း
ယုံကြည်ရသော လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတစ်ဦး၏ စည်းရုံးမှုဖြင့် မမြဇင် (အမည်လွှဲ) တစ်ယောက် ရန်ကုန်မြို့ ဆာကူရာတာဝါတွင် ရုံးခန်း အခိုင်အမာဖွင့်ထားသည့် Global Growth စတော့ရှယ်ယာ ကုမ္ပဏီ၌ ငွေကြေး သိန်း ၁၀၀ ဖိုး ရှယ်ယာထည့်ဝင်ခဲ့သည်။ ရှယ်ယာတစ်စုလျှင် အနည်းဆုံး ကျပ်သိန်းငါးဆယ် ထည့်ဝင်ရပြီး အကျိုးအမြတ်ကို ၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ လစဉ် ထုတ်ယူခွင့်ပေးသော မက်လုံးကြောင့် ရှယ်ယာဝင်လိုက်ခြင်း ဖြစ်သည်။
အတိုးလည်း ပုံမှန်ရခဲ့သည်။ အရင်းကျပ်သိန်းတစ်ရာကိုလည်း အချိန်မရွေး ပြန်ထုတ်ယူခွင့်ပေးထားသည်။ လုပ်ငန်းသဘာဝအရ ၎င်းအနေဖြင့် အခြားသူများကို ရှယ်ယာဝင်အဖြစ် ငွေကြေးရင်းနှီးမြှုပ်နှံလာအောင် စည်းရုံးပေးပါက လစဉ် အမြတ်ခွဲတမ်း ထပ်၍ရသောကြောင့် မိတ်ဆွေသုံးဦးကို ငွေကျပ်သိန်းငါးဆယ်စီ ရှယ်ယာဝင်ခိုင်းခဲ့သည့်အပြင် မိဘများကိုပါ ရင်းနှီး မြှုပ်နှံစေခဲ့သည်။ အမြတ် ပုံမှန် ရနေသောကြောင့် မူလငွေပင် ငွေရင်း ကျပ်သိန်းတစ်ရာကိုပင် လုံးဝမထုတ်တော့ဘဲ ကုမ္ပဏီတွင် ကာလရှည် ရင်းနှီးမြှုပ်နှံထားမည်ဟု ဆုံးဖြတ်ထားသည်။
လွန်ခဲ့သော ငါးလခန့်က Global Growth ကုမ္ပဏီတွင် ရှယ်ယာထည့်ဝင်စ အခြေအနေကို မမြဇင်က ပြန်ပြောပြနေခြင်း ဖြစ်သည်။ ယခုမူ ကုမ္ပဏီပိုင်ရှင် တရုတ်နိုင်ငံသားနှစ်ဦးက ပြည်ပသို့ တိမ်းရှောင်သွားပြီးနောက် ရှယ်ယာ ထည့်ဝင်ထားသည့် မိမိပိုင်ငွေ ကျပ် သိန်း ၁၀၀ ပြန်ရရန် အာမခံချက် မရှိတော့သလို မိဘနှင့် မိတ်ဆွေများကြားတွင်လည်း မျက်နှာပျက် နေရလေပြီ။
‘‘ကျွန်မပိုက်ဆံတွေ ဆုံးသွားပြီလား။ ဘယ်သူက တာဝန်ယူရှင်းပေးမှာလဲ မသိဘူး။ ဒါပေမဲ့ အခု ကျွန်မတို့ ဘယ်သူ့ အဖေခေါ်ရမှန်းမသိဖြစ်နေပြီ’’ ဟု မမြဇင်က ဆိုပါ သည်။ အဆိုပါကုမ္ပဏီတွင် အစုရှယ်ယာဝင်မိသောကြောင့် ငွေကြေး ပြဿနာတက်သွားသူများတွင် မမြဇင်တစ်ဦးတည်း မဟုတ်ပါ။ ရန်ကုန်နှင့် မန္တလေးမြို့မှ ရှယ်ယာရှင် သုံးရာခန့် ပါဝင်ပါသည်။
Global Growth ကုမ္ပဏီက ရန်ကုန်မြို့၏ အချက်အချာနေရာ ဖြစ်သည့် ဆာကူရာတာဝါတွင် ရုံးဖွင့်ကာ ကမ္ဘာကျော် စတော့ရှယ်ယာလုပ်ငန်းဖြစ်သော Standard Bullion ၏ လုပ်ငန်းခွဲတစ်ခုဟုဆိုကာ ယုံကြည်လောက်သော အထောက်အထားများဖြင့် ရှယ်ယာဝင်များ ဖိတ်ခေါ်ကာ လိမ်လည်သွားခြင်းဖြစ်သည်။ မန္တလေးမြို့တွင်လည်း အချက်အချာနေရာ ဖြစ်သည့် ဒိုင်းမွန်းပလာဇာ၌ ရုံးခွဲဖွင့်၍ ၂ နှစ်ခန့်ကြာအောင် လုပ်ငန်း လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသားနှစ်ဦးက Global Growth ကုမ္ပဏီကို မြန်မာနိုင်ငံတွင် ၂၀၁၃ ၌ ကုမ္ပဏီမှတ်ပုံတင်ခဲ့ပြီး ဗဟိုဘဏ်မှ နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့်လိုင်စင် (Money Changer) ကို ရယူခဲ့သည်။ သို့သော် အမှန်တကယ် လုပ်ကိုင်နေသည်ကတော့ ငွေလဲလှယ်ရေးလုပ်ငန်းမဟုတ်ဘဲ ပြည်တွင်းတွင် တရားမ၀င်လုပ်ငန်းဖြစ်သည့် စတော့ရှယ်ယာ လုပ်ငန်းဟုဆိုကာ လိမ်လည်သွားခြင်း ဖြစ်သည်။
ကုမ္ပဏီစတင်ကတည်းက နိုင်ငံတကာတွင် နာမည်ကြီးသော စတော့ရှယ်ယာလုပ်ငန်းဖြစ်သည့် Standard Bullion နှင့် ချိတ်ဆက်ထားသည်ဟု ဆိုကာ အာမခံချက်ရှိသော လုပ်ငန်းတစ်ခုအနေဖြင့် ရှယ်ယာရှင်များအား ဖိတ်ခေါ်ခဲ့သည်။ ရှယ်ယာတစ်စုလျှင် အနည်းဆုံး ငွေကြေး သိန်းငါးဆယ် ထည့်ဝင်ရပြီး အကျိုးအမြတ်ကို ၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ လစဉ်ထုတ်ယူခွင့်ပေး၍ ရှယ်ယာရှင်များကို ဆွယ်ခဲ့သည်။ သုံးလအတွင်း အတိုးရော အရင်းပါ ပြန်ထုတ်နိုင်သည့် အခွင့်အရေးပေးထား၍ အစုရှယ်ယာဝင် သုံးရာကျော်က ရင်းနှီးမြုပ်နှံမှု ပြုလုပ်ခဲ့ကြသည်။
‘‘အချိန်တိုတိုလေးနဲ့ အတိုးရပြီး အရင်းကိုပါ ကြိုက်တဲ့အချိန် ပြန်ထုတ်နိုင်တယ်ဆိုတော့ ယုံပြီး ထည့်ပစ်လိုက်တာ’’ ဟု ရှယ်ယာဝင်လိုက်သည်မှာ တစ်ပတ်သာရှိသေးပြီး ငွေကျပ် သိန်း ၅၀ ဆုံးရှုံးခဲ့သူ အမျိုးသမီးတစ်ဦးကလည်း ပြောသည်။
ရှယ်ယာဝင်သူများက အစုရှယ်ယာများများဝင်လျှင် အတိုးများများရမည်ဟူသော မက်လုံးကြောင့် မိမိတို့၏ မိသားစုဝင်များကိုပင် စည်းရုံးကာ အစုရှယ်ယာများ ထည့်သွင်းစေခဲ့သည်။
‘‘အခု အဖေရော အမေရာ မပြောရဲသေးဘူး။ သူတို့ကိုပါ ကိုယ်က ရှယ်ယာတွေ အတင်း ထည့်ခိုင်းခဲ့တာလေ’’ ဟု ငွေကျပ် သိန်း ၁၀၀ ခန့် ဆုံးရှုံးခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။
ကုမ္ပဏီ၏ ရှယ်ယာရှင်ရှာဖွေသည့်ပုံစံမှာ MLM (Multi Level Marketing) နှင့် ဆင်တူပြီး ရှယ်ယာရှင် များများရှာပေးနိုင်သူမှာ အကျိုးအမြတ် (အတိုး) များများရမည်ဟု စည်းရုံးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ရှယ်ယာဝယ်ယူထားသူများက ၎င်းတို့နှင့် နီးစပ်ရာအနီးဝန်းကျင်နှင့် မိဘမောင်နှမများကိုပါ ရှယ်ယာထည့်ဝင်ရန် ဆွယ်တရား ဟောကြတော့သည်။ ထိုကုမ္ပဏီမှ ၀န်ထမ်းများကလည်း ၎င်းတို့နှင့် နီးစပ်ရာ မိတ်ဆွေ အပေါင်းအသင်းနှင့် မိသားစုဝင်များအား ရှယ်ယာဝင်ခိုင်းထားခဲ့သောကြောင့် ယခု ကုမ္ပဏီတာဝန်ရှိသူနှစ်ဦး တိမ်းရှောင်သွားသောအခါ မိသားစုချင်း ပြဿနာတက်နေမှုများပင် ရှိနေသည်။
ရှယ်ယာဝင်သူဦးရေ သုံးရာကျော်က ကုမ္ပဏီတွင် ထည့်ဝင်ထားသည့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၈ သန်းကို ကုမ္ပဏီပိုင်ရှင် မစ္စတာဂျိန်းနှင့် မစ္စတာ အန်းဆိုသည့် တရုတ်နိုင်ငံသားနှစ်ဦးက ယူဆောင်ကာ ရှေ့ဆင့် နောက်ဆင့်ဆိုသလို မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦး ယူဆောင်သွားသော ငွေမှာပင် ဒေါ်လာ ၁ ဒသမ ၄ သန်း ရှိပြီး အစုရှယ်ယာဝင်အားလုံး ဆုံးရှုံးငွေမှာ ဒေါ်လာ သုံးသန်း (ကျပ်သန်း ၃,၀၀၀ ကျော်) ခန့်ပင်ရှိနိုင်ကြောင်း အစုရှယ်ယာဝင်များက တွက်ချက်၍ ပြောသည်။ ယခုအခါ ကုမ္ပဏီတွင် မြန်မာဝန်ထမ်းအချို့သာ ကျန်ရစ်ခဲ့ပြီး ၎င်းတို့ကိုယ်တိုင်လည်း ရှယ်ယာထည့်ထားပြီး ငွေကြေးဆုံးရှုံးခဲ့ကြသည်ဟု ဆိုကြသည်။ ရှယ်ယာရှင်များ၏ ဖိအားပေးတောင်းဆိုမှုကိုလည်း ရင်ဆိုင်နေရပြီဖြစ်ပြီး နောက်ဆုံးတွင် ကိုယ့်နိုင်ငံသားအချင်းချင်း ပြဿနာတက်နေပြီ ဖြစ်သည်။
အဆိုပါကုမ္ပဏီတွင် ငွေကြေး လိမ်လည်ခံခဲ့ရသူများသည် အနည်းဆုံး ငွေကျပ်သိန်းငါးဆယ်မှ ငွေသိန်းပေါင်း ၆,၀၀၀ ကျော်အထိ လိမ်လည်ခံခဲ့ရသူများလည်း ရှိသည်။ ဇွန်လ ၈ ရက်နေ့က တရုတ်နိုင်ငံသား နှစ်ဦး ငွေများ လိမ်လည်ထွက်ပြေးသွားချိန်တွင် ကုမ္ပဏီအုပ်ချုပ်ရေးပိုင်းမှ မန်နေဂျာအပါအ၀င် ၀န်ထမ်းအနည်းငယ်က စိတ်မပူကြရန်နှင့် အမြန်ဆုံးဖြေရှင်းပေးမည်ဟု ရှယ်ယာရှင်များကို သုံးကြိမ်တိတိ ခေါ်ယူပြောကြားခဲ့သော်လည်း လက်ရှိတွင် အဆိုပါကုမ္ပဏီမှာ ပိတ်ထားပြီ ဖြစ်သည်။
ကုမ္ပဏီ မန်နေဂျာတစ်ဦးဖြစ်သူ မစ္စတာ စတိဖ်ဆိုသူကမူ ရှယ်ယာရှင်အများစုကို ဇွန်လ ဒုတိယအပတ်တွင် ငွေကြေးလိမ်လည်မှု ဖြစ်ခဲ့သော်လည်း ကုမ္ပဏီ ပိတ်သိမ်းမည်မဟုတ်ဘဲ ဆက်လက်လုပ်ဆောင်မည်ဟု ရှယ်ယာရှင်အများစုအား ပြောဆိုခဲ့သည်။
‘‘ကျွန်တော့်ကိုလည်း ဒေါသ ထွက်နေကြတယ်။ ကျွန်တော့်အမျိုးတွေပါ ထည့်ခိုင်းထားတော့လေ။ လက်ရှိလည်း သူတို့က ဘယ်ရောက်နေမှန်းမသိ။ ကိုယ်တွေက အလုပ်ပြုတ်။ နောက်အလုပ်ကလည်းမရှိ။ ပြန်လျော်ခိုင်းပေမယ့် ကျွန်တော်လုပ်တယ်ဆိုရင်တော့ လျော်တာပေါ့။ အခုက ကျွန်တော်လုပ်တာမဟုတ်တော့’’ ဟု အဆိုပါကုမ္ပဏီ ၀န်ထမ်းလည်းဖြစ်ပြီး ၎င်းအပါအ၀င် မိသားစုဝင်များပါ ငွေကြေးသိန်း ၆၀၀ ခန့် ဆုံးရှုံးခဲ့သည်ဆိုသော အမျိုးသားတစ်ဦးက ညည်းညူသည်။
ကုမ္ပဏီတွင် မြန်မာဝန်ထမ်း ၆၀ ခန့် ရှိခဲ့ပြီး အများစုမှာလည်း ကိုယ်တိုင်ငွေကြေးထည့်ဝင်ထားပြီး လိမ်လည်ခံခဲ့ရသလို အချို့မှာလည်း လိမ်လည်သွားသူ တရုတ်နိုင်ငံသားနှင့် ပူးပေါင်းကာ ငွေများ ကြိုထုတ်ထားကြသည်ဟု ရှယ်ယာရှင်အများစုက ဆိုသည်။
တရားမ၀င် လုပ်ငန်းတစ်ခုကို မြို့ကြီးနှစ်ခုရှိ အထင်ကရ အဆောက်အအုံများတွင် ဖွင့်လှစ်၍ လုပ်ကိုင်ခဲ့သော်လည်း တာဝန်ရှိသူ တစ်ဦးတစ်ယောက်၊ တစ်ခါမျှ သိရှိခြင်း၊ လာရောက်စစ်ဆေးခြင်းပင် မရှိခဲ့ဟု အဆိုပါကုမ္ပဏီမှ မြန်မာနိုင်ငံသား ၀န်ထမ်းများနှင့် ရှယ်ယာထည့်ဝင်သူများက ဆိုသည်။
‘‘အခု ပြဿနာရှုပ်ထွေးနေတဲ့ ကုမ္ပဏီက တိုက်တိုက်ဆိုင်ဆိုင် လွန်ခဲ့တဲ့ တစ်လကျော်က ကိုယ့်ဆီလာပြီး သူတို့ဆီမှာ ရွှေအရောင်းအ၀ယ် Online ကနေလုပ်ဖို့ လာပြောတဲ့ ကုမ္ပဏီ ဖြစ်နေတယ်။ လာရှင်းပြပြီး Follow Up ခဏခဏလုပ်တော့ သူတို့ရုံးသွားကြည့်ခဲ့ပါတယ်။ လေ့လာကြည့်တယ်၊ မထည့်ခဲ့ဘူး။ ပြဿနာဖြစ်မယ်လို့ သုံးသပ်ခဲ့တယ်’’ ဟု အဆိုပါကုမ္ပဏီက ရှယ်ယာဝင်ရန် လာရောက်စည်းရုံးခြင်း ခံခဲ့ရသည့် စီးပွားရေးလုပ်ငန်းရှင် ကိုနိုင်က ပြောသည်။
နိုင်ငံခြားသား ကိုယ်တိုင်အုပ်ချုပ်၍ ငွေကြေးဆုံးရှုံးမှုများကို သဘောတူစာချုပ်ထိုးကာ နိုင်ငံခြားသားက တာဝန်ယူမည်ဟူသော အချက်မှာ လက်ရှိ မြန်မာနိုင်ငံဥပဒေနှင့် ကိုက်ညီမှုမရှိသလို ၃ ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်း အမြတ်ပေးခြင်းမှာ ပမာဏများသည့်အတွက် မဖြစ်နိုင်ဟု ဆင်ခြင်ကာ အစုရှယ်ယာမထည့်ဝင်ခဲ့ဟု ၎င်းက ဆက်လက်ပြောသည်။
သို့သော် ယခုပြဿနာတက်လာသောအခါ တရားဝင်လုပ်ငန်း မဟုတ်သလို အဓိကတာဝန်ရှိသူ နှစ်ဦး ထွက်ပြေးသွားသောကြောင့် ရဲစခန်းတွင် အမှုဖွင့်ရန် ခက်ခဲနေသည်။
‘‘ပြေးတဲ့လူတွေက လိမ်ပြီး ပြေးပြီ။ အခုအထိ ကျွန်တော်တို့ ဘာလုပ်ရမှန်းမသိသေးဘူး။ တိုင်ဖို့ကျတော့လည်း လိမ်လည်မှုနဲ့ပဲ တိုင်လို့ရမယ် ထင်တယ်’’ ဟု ရှယ်ယာရှင်အများစုက ၎င်းတို့၏ အခြေအနေကို ပြောပြသည်။ ထို့ပြင် လိမ်လည်သူများကို ကျောက်တံတား ရဲစခန်းတွင် အမှုဖွင့်ရန် ကြိုးပမ်းခဲ့သော်လည်း အမှုအသွားအလာမှာ ရှုပ်ထွေးသောကြောင့် ပုဒ်မ မတပ်နိုင်သေးဘဲ အထက်အရာရှိ အဆင့်ဆင့်သို့ တင်ပြထားရသည်ဟု ကျောက်တံတားမြို့နယ် စခန်းမှူးက ဇွန်လ ၂၇ ရက်တွင် 7Day New အား ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် တရားမ၀င် လာရောက်လုပ်ကိုင်နေသည့် ရှယ်ယာကုမ္ပဏီများကို အရေးယူရန် ဥပဒေ မရှိသေးခြင်းကြောင့် ပြည်သူများ ရှယ်ယာလုပ်ငန်း မလုပ်ကိုင်ကြရန်သာ သတိပေးနိုင်ကြောင်းလည်း ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။
ယင်းကုမ္ပဏီကဲ့သို့သော ရှယ်ယာကုမ္ပဏီများမှာ ရန်ကုန်မြို့တွင် ၁၀ ခုထက်မနည်း ရှိနေသေးကြောင်း အဆိုပါ ရှယ်ယာလုပ်ငန်းတွင် ကျင်လည်နေသူအများစုက ဆိုသည်။ ‘‘တရားမ၀င်လုပ်ငန်းလို့ သတ်မှတ်ထားရင်လည်း ဖမ်းကြလေ၊ လက်ရှိရန်ကုန်မှာ တရားမ၀င် စတော့ကစားနေတဲ့ ကုမ္ပဏီတွေအမည်နဲ့ ကျွန်တော်လိုက်ပြမယ်’’ ဟု လွန်ခဲ့သည့် ငါးနှစ်ခန့်က ထိုကဲ့သို့ စတော့အိတ်ချိန်းကုမ္ပဏီ တစ်ခုထံတွင် ငွေကျပ်သိန်းရာချီ လိမ်လည်ခံခဲ့ရသည့် ကိုမောင်မောင်လွင်က ပြောသည်။
ထိုကဲ့သို့ ကုမ္ပဏီက လိမ်လည်မှုများကို အရေးယူနိုင်ရန် ရှုပ်ထွေးနေချိန်တွင် ငွေကြေးများ ယူဆောင်သွားခဲ့သည့် တရုတ်နိုင်ငံသား မစ္စတာအန်းမှာ နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) က အလိုရှိနေသော ရာဇ၀တ်ကောင် မစ္စတာ Ng. Kwok Fai ဖြစ်နေကြောင်း Interpol ၏ ၀က်ဘ်ဆိုက်တွင် တွေ့ရသည်။
သို့ဆိုလျှင် ထိုကဲ့သို့ နိုင်ငံတကာရဲတပ်ဖွဲ့မှ အလိုရှိသော ရာဇ၀တ်သားတစ်ဦး မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ကာ စီးပွားရေး လုပ်ငန်းကြီးတစ်ခုကို မြို့လယ်ကောင်တွင် ပြုလုပ်၍ ဒေါ်လာ သန်းပေါင်းများစွာ လိမ်လည်သွားခြင်းမှာ ရယ်စရာကောင်းနေသည်ဟု အဆိုပါကုမ္ပဏီတွင် ငွေကြေးသိန်း ၄၀၀ ခန့် ထည့်ဝင်ပြီး ဆုံးရှုံးသွားခဲ့သူ အမျိုးသားတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ နယ်စပ်ဖြတ်ကျော် မှုခင်းဌာနကြီးကမူ ယင်းအမှုမှာ တရားမမှုဖြစ်နေပြီး တရုတ်နိုင်ငံသားမှာ အင်တာပိုလ်မှ တကယ်အလိုရှိနေသည့် ရာဇ၀တ်ကောင် ဟုတ်၊ မဟုတ် ဆိုသည်ကို နိုင်ငံတကာနှင့် ချိတ်ဆက်၍ စိစစ်ပေးနိုင်ကြောင်း တုံ့ပြန်သည်။
မစ္စတာ Ng.Kwok Fai ဖြစ်နေခဲ့လျှင် အဆိုပါပုဂ္ဂိုလ်မှာ မြန်မာပြည်တွင်းသို့ ပတ်စ်ပို့နံပါတ် KJ0311633 ဖြင့် တရားဝင် ၀င်ရောက်လာပြီး ၂ နှစ်ဆက်တိုက် ဗီဇာသက်တမ်းများ တောက်လျှောက်တိုးကာ ပြည်တွင်းမှ သန်းနှင့်ချီသည့် ဒေါ်လာများကို လိမ်လည်ယူဆောင်သွားသည်ကို မသိရအောင် သက်ဆိုင်ရာအစိုးရဌာနများက ညံ့ဖျင်းခဲ့သည်ဟု စီးပွားရေးလုပ်ငန်းရှင် ကိုမောင်မောင်လွင်က သုံးသပ်သည်။
‘‘မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းနှင့် စတော့ဈေးကွက်များ မကြာမီပင် စတင်နိုင်တော့မည်ဖြစ်၍ ဈေးကွက်လက်ဦးမှု ရယူပါ’’ ဟူသော ဆွယ်လုံးများဖြင့် ဒေါ်လာသုံးသန်းခန့် အရှုပ်အရှင်း ဖြစ်နေသည့် Global Growth ကုမ္ပဏီက ၎င်းတို့ကို ပေးခဲ့သော သင်ခန်းစာများ ရှိသည်ဟု ရှယ်ယာရှင်အများစုက စိတ်မသက်မသာဖြင့် ပြောသည်။
အစိုးရက လက်ရှိအချိန်တွင် အစုရှယ်ယာလုပ်ငန်းများ ခွင့်မပြုရသေး၍ အစုရှယ်ယာဟု ဆွယ်သော လုပ်ငန်းများကို တရားမ၀င်ဟု ပြောထားသော်လည်း မြို့ကြီးများရှိ အထင်ကရနေရာအချို့မှာ လူရာပေါင်းများစွာနှင့် ချိတ်ဆက် လုပ်ကိုင်နေခြင်း၊ ဗဟိုဘဏ်က တရားဝင်နိုင်ငံခြားငွေ လဲလှယ်ရောင်းချခွင့်လိုင်စင်ကို ကိုင်ထားပြီး အခြားတရားမ၀င် ငွေကြေးလုပ်ငန်း လုပ်ကိုင်နေသည်ကို စိစစ်မှုများ တစ်စုံတစ်ရာမရှိခဲ့ခြင်း၊ အကယ်၍ ငွေကြေးလိမ်လည်သွားသူ တရုတ်နိုင်ငံသားမှာ အင်တာပိုလ်မှ အလိုရှိသူဖြစ်နေလျှင် မြန်မာနိုင်ငံ အစိုးရအနေဖြင့် မသိရှိဘဲ လုပ်ငန်းလုပ်ကိုင်ခွင့်ပေးခဲ့ခြင်း စသည့် အားနည်းချက်များကို Global Growth က သင်ခန်းစာပေးခဲ့ခြင်းပင်ဖြစ်သည်။
ယခင်ကလည်း မြန်မာနိုင်ငံတွင် စတော့ရှယ်ယာလုပ်ငန်း Investment Programme ဟု နာမည်တပ်ကာ ငွေကြေးသိန်းပေါင်းများစွာ လိမ်လည်မှုများဖြစ်ပွားဖူးကြောင်း အဆိုပါနယ်ပယ်တွင် ကျင်လည်သူများက ဆိုကြသည်။
‘‘အခုဒီကုမ္ပဏီ လိမ်သွားတဲ့ ပုံစံကလည်း အရင်ရိုးရိုးလိမ်သွားတဲ့ပုံစံမျိုးပါ။ မ၀ယ်ကြဖို့ဘဲ ပြောချင်ပါတယ်’’ ဟု Global Growth ကုမ္ပဏီကဲ့သို့ ရှယ်ယာကုမ္ပဏီများနှင့် ပတ်သက်၍ 7Day News ၏ မေးမြန်းချက်အပေါ် ဘဏ္ဍာရေးဒုဝန်ကြီး ဦးမောင်မောင်သိမ်းက ဖြေကြားသွားခဲ့သည်။
အောင်သစ်လွင်ဟိန်းသာ
Credit: 7day daily
Tuesday, June 30, 2015
" မြန်မာပြည်သူများအတွက် မကုန်ဆုံးနိုင်သော သင်ခန်းစာ"
Labels:
စီးပွါးရေး,
ပြည်တွင်းသတင်း
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment