"လမ်းပေါ်က ဆူညံမှုများကြောင့် အသက်တိုနိုင်"
ကားသံများ ဆူညံနေသော ၀န်းကျင်တစ်ခုတွင် နေထိုင်ရ ခြင်းကြောင့် မျှော်လင့်ထားသည့် လူ့သက်တမ်း ပိုတိုနိုင်ပြီး လေဖြတ်နိုင်သော အန္တရာယ် ပိုများကြောင်း ဆရာဝန်များ၏ အစီရင်ခံစာတစ်စောင်က ဖော်ပြသည်။
သုတေသီများက လန်ဒန်မြို့တစ်ဝန်း ဆေးရုံတင်ကုသရမှုများနှင့် ဆူညံမှုအဆင့်၊ သေဆုံးခြင်းမှတ်တမ်းများကို နှိုင်းယှဉ်လေ့လာခဲ့ကြောင်း European Heart ဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှုအရ သိရသည်။ ဆူညံမှုပမာဏ ၅၅ ဒီဆီဘယ် (သို့မဟုတ်) ယင်းထက် လျော့နည်းသည့် ပိုမိုတိတ်ဆိတ်ငြိမ်သက်သော ဒေသများတွင် နေထိုင်သူများထက် ဆူညံမှုပမာဏ ၆၀ ဒီဆီဘယ် ထက်ပိုသော နေ့ဘက် ကားဆူညံသံများရှိရာ နေရာများတွင် နေထိုင်သူများ သေဆုံးမှုမှာ ၄ ရာခိုင်နှုန်း ပိုများသည်။
အသံဆူညံမှုပမာဏ ၅၅ ဒီဆီဘယ်ထက်ပိုသော နေရာများတွင် နေထိုင်ခြင်းမှာ ကျန်းမာရေးအတွက် ပြဿနာများ ဖြစ်စေနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်ဖော်ပြသည်။
ပိုမိုဆူညံသော ဒေသများတွင် နေထိုင်သူများသည် လေဖြတ်မှုကြောင့် ဆေးရုံတက်ရဖွယ် ၅ ရာခိုင်နှုန်း ပိုများပြီး အသက်ကြီးသူများဖြစ်ပါက ၉ ရာခိုင်နှုန်း ပိုများသည်။
ညအချိန် ကားများ၏ ဆူညံသံများ ၅၅ ဒီဆီဘယ်မှ ၆၀ ဒီဆီဘယ်အထိ ရှိသောနေရာများတွင် နေထိုင်ရသူများသည် လေဖြတ်နိုင်သည့်အန္တရာယ် ၅ ရာခိုင်နှုန်း ပိုများသော်လည်း အသက်အရွယ် ကြီးရင့်သူများသာ အန္တရာယ်ရှိသည်။
ယင်းလေ့လာမှုတွင် ဆေးလိပ်သောက်ခြင်း၊ လူမှုစီးပွားရေးအခြေအနေနှင့် လူမျိုးကွဲပြားမှုများကို ထည့်သွင်း တွက်ချက်ထားသည်။
လန်ဒန်မြို့တွင် နေထိုင်သူ ၈ ဒသမ ၆ သန်းအနက် ၁ ဒသမ ၆ သန်းမှာ နေ့ဘက် လမ်းပေါ်ဆူညံမှုပမာဏ ၅၅ ဒီဆီဘယ်နှင့် အထက် ခံနေရကြောင်း လေ့လာမှုက ဖော်ပြသည်။
ဆူညံသံပမာဏ မြင့်မားခြင်းကြောင့် ကျန်းမာရေးအန္တရာယ်များ ပိုများခြင်းမှာ နည်းပါးသော်လည်း အန္တရာယ်ရှိသည်မှာ ရှင်းလင်းကြောင်း ကျွမ်းကျင်သူများက ပြောသည်။
ယခုလေ့လာမှုရလဒ်မှာ ဆူညံသံများကြောင့် သွေးတိုးခြင်း၊ စိတ်ဖိစီးနိုင်သော အန္တရာယ်များ ပိုများကြောင်း ဖော်ပြထားသော လေ့လာမှုများ၏ ရလဒ်များနှင့် ကိုက်ညီနေသည်။ သွေးတိုးခြင်းနှင့် စိတ်ဖိစီးခြင်းတို့မှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ဖြစ်စေသော အကြောင်းရင်းများဖြစ်သည်။
—Ref: AFP
Credit: 7day daily
Thursday, June 25, 2015
"လမ်းပေါ်က ဆူညံမှုများကြောင့် အသက်တိုနိုင်"
Labels:
ဗဟုသုတ
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment